မြန်မာ နိုင်ငံသား များ အား ယာယီ နေထိုင်ခွင့် အမေရိကန် ရုပ်သိမ်း

by Hla Soewai - Dec 02 2025

အမေရိကန် အစိုးရသည် ၎င်းတို့ နိုင်ငံသားများကို မြန်မာ သို့ ခရီးသွားလာခြင်း မပြုရန် အကြံပေး ထားသော်လည်း မြန်မာ နိုင်ငံသားများ အမေရိကန် တွင် ယာယီ ‌စောင့်ရှောက် နေထိုင်ခွင့် Temporary Protected Status (TPS) ပေးထားခဲ့သည်ကို အခြေအနေများ ကောင်းမွန်လာနေ၍ မလို အပ်တော့ဟု ဆိုကာ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

 

အမေရိကန် ပြည်တွင်း လုံခြုံရေး ဝန်ကြီး ခရစ်စတီ နိုးမ် မှ ဝန်ကြီးဌာန ပေါင်းစုံ နှင့် မေးမြန်း စီစစ်ပြီး နောက်ထပ် သက်တမ်း တိုးပေးရန် မလိုအပ်တော့ဟု နိုဝင်ဘာ ၂၄ ရက် နေ့စွဲ ဖြင့် ကြေညာချက် ထုတ်ပြန်လာသည်။

 

ထရမ့် သည် ပြောင်းရွှေ့ဝင်ရောက်လာသူ များကို မျက်မုန်း ကြိုးနေသည့် စိတ်တခုတည်း နှင့် ရှင်းလို့ ရသမျှ ရှင်းထုတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီး ဌာန များကလည်း စိတ်တော်သိ ဗောင်းတော်ညိမ့် ဖြင့် ကြံဖန် အကြောင်းပြပြီး လိုက်လုပ်ကြခြင်း ဖြစ်သော်လည်း အမေရိကန်၏ လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အရေး ကို အကာအကွယ် ပေးမည် ဆိုသော ကတိကဝတ်ကို သာမက ဒုက္ခသည်များ အရေး နိုင်ငံတကာ ပဋိညာဉ် စာတမ်းကိုပါ ဖေါက်ဖျက်လိုက်ခြင်း ဖြစ်သည်။

 

ထရမ့်သည် အန္တရာယ် အမျိုး မျိုး ကြုံလာရသူများအား လူသားချင်း စာနာမှု တရားဖြင့် လက်ခံရမည်ဟု မယူဆဘဲ ရွှေ့ပြောင်း ဝင်ရောက်လာသူများ အားအမေရိကန် နိုင်ငံသားများ၏ အိပ်ကပ်ထဲမှ ငွေများ နှိုက်ထုတ် ယူငင် လာကြမည့် လူများဟု သာ ခံယူထားသည့် အတွေး တိမ် မှုသာ ဖြစ်သည်။

 

အမေရိကန် ၏ အကြောင်းပြချက်များသည် လက်ရှိ အနေအထား နှင့် တောင် နှင့် မြောက်လို ကွဲပြားနေပြီး စစ်အုပ်စု၏ ရွေးကောက်ပွဲ ကို တိုးတက်မှု ဟု သွယ်ဝိုက် အသိအမှတ် ပြုလိုက်ခြင်း ပင် ဖြစ်သည်။

 

အမေရိကန် အစိုးရ ၏ အပြောများသည် ၎င်း၏ ရီပတ်ဘလီကင် ပါတီ ရပ်တည်ချက် နှင့်လည်း ပြောင်ပြောင်ကြီး ဆန့်ကျင် နေပြန်သည်။

 

ပြီးခဲ့သည့် အပတ်အတွင်းကပင် အောက်လွှတ်တော် နိုင်ငံခြားရေးရာ အရှေ့အာရှ နှင့် ပစိဖိတ် ဒေသ ဆပ်ကော်မတီ ဥက္ကဌ မစ္စက် ယန်းကင်က လာမည့် ရွေးကောက်ပွဲ အား 'အယောင်ပြပွဲ" အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ပြီး၊ ၎င်းရွေးကောက်ပွဲ သည် "တရားဝင်မှုရှိသည့် ဟု ထင်မြင်လာစေရန် ဖန်တီးထားပြီး စစ်အုပ်စုအား တရုတ်နှင့် ရုရှားတို့အတွက် ကြားခံအဖြစ် ဆက်၍ ရပ်တည်ခွင့် ရလာမည်" ဟု ပြောခဲ့ပြီး ဖြစ်သည်။

 

ထို့အပြင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သော့ လူ့အခွင့်အရေး အစီရင်ခံစာတွင် "သိသာထင်ရှားသော လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ" ရှိနေပြီး၊ ဥပဒေမဲ့ စိတ်ထင်တိုင်းသတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတင်းသမားများကို ဖိနှိပ်မှုများ နှင့် ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်မှုများ စသည့် ယုံကြည်ရသော သတင်းများ ရရှိထားသည်" ဟု ပါရှိခဲ့ပြီးလည်း ဖြစ်သည်။

 

ထို့ပြင် လူ့အခွင့်အရေး ဆိုင်ရာ အကျပ်အတည်း သည် တနေ့တခြား နက်ရှိုင်းလာနေပြီး အရပ်သားများ နေထိုင်သည့် ဒေသများကို လေကြောင်း နှင့် လက်နက်ကြီးများ နှင့် တိုး၍ တိုက်ခိုက်လာနေသည်ဟုလည်း ဖေါ်ပြထားသည်။ ထိုပြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ခေါင်းဆောင် နှစ်ဦး အား အကြောင်း မဲ့ ဖမ်းဆီးခံထားရာမှ သေဆုံးသွားသည်ဟုလည်း ပါရှိခဲ့သည်။

 

TPS အား ၂၀၂၄ မတ်လ တွင် နောက်ထပ် ၁၈ လ သက်တမ်း တိုးပေးထားသဖြင့် ၂၀၂၅ နိုဝင်ဘာ ၂၅ တွင် ကုန်ဆုံးသွားမည် ဖြစ်သည်။ သို့သော် သက်ရောက်မှု သည် နှစ်လ အကြာ ၂၀၂၆ ဇန်နဝါရီ ၂၆ တွင် အဆုံးသတ်မည်ဟု အမေရိကန် လူဝင်မှု ဌာန က ဆိုပြီး ပြန်ပို့ ခံရမည့် သူများ မိမိ သဘောဖြင့် မိမိ ပြန်လိုပါက အကောက်ခွန် နှင့် နယ်ခြား ဌာန Custom and Border Protection CBP App မှ တဆင့် ဆက်သွယ်နိုင်သည်ဟု အသိပေးလာသည်။

 

ဇန်နဝါရီ မှ စပြီး ပြည်တွင်းလုံခြုံရေး ဌာနသည် အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ နီပေါ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ နိုင်ကာရာဂွာ၊ ဗင်နီဇွဲလား၊ ဆီရီးယား နှင့် တောင် ဆူဒန် နိုင်ငံသားများ အတွက် TPS အဆင့်အတန်းကို ရုပ်သိမ်းလာခဲ့သည်။

 

အမေရိကန် သမိုင်းတလျောက် ဒုက္ခသည်များ နှင့် ပတ်သက်၍ ထိုသို့ ရုပ်ပျက်ဆင်းပျက် လုပ်ရပ်မျိုး တခါဖူးမျှ မရှိခဲ့ဖူးပေ။

 

လေ့လာသူများ အားလုံးက ဗင်နီဇွဲလား နှင့် ဟေတီ နိုင်ငံသား များအပေါ် အလားတူ အမိန့်ထုတ်ပြန်ခဲ့ခြင်းကို တရားရုံးက တားမြစ်ခဲ့ပြီး ဖြစ်၍ ယခုလည်း စီစစ်၍ ကြိမ်းသေ ပေါက် ပယ်ဖျက် ပစ်မည်သာ ဖြစ်သည်ဟု သုံးသပ်‌နေကြသည်။

 

သို့သော် ထရမ့်၏ လုပ်ရပ်သည် ၎င်း၏ နိုင်ငံသာမက ပြည်သူတို့၏ စစ်အာဏာရှင်စနစ်အား တော်လှန်နေမှု ကိုပါ ထိခိုက်သွားခဲ့ရသည်။

 

မြန်မာ နိုင်ငံသား ၄,၀၀၀ ခန့် အား ပေးထားသော TPS အဆင့်အတန်းသည် ဇန်နဝါရီ ၂၆ တွင် ကုန်ဆုံး သွားတော့မည် ဖြစ်သည်ဟု သိရသည်။

 

နောက်ထပ် သတင်းတပုဒ် ကမူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ အရာရှိကြီး တဦးက အွန်လိုင်း ငွေလိမ်ဂိုဏ်း ခေါင်းဆောင်များ ဖမ်းဆီးနိုင်အောင် သတင်းပေးသူများ၊ သို့မဟုတ်ကလည်း ၎င်းတို့၏ ချေမှုန်းရေး အဖွဲ့များ အား "လုံခြုံရေး အရ အကူအညီ ‌ပေးမည်" ဆိုကလည်း ဒေါ်လာ ၂၅ သန်း အထိ ဆုငွေ ချီးမြှင့်သွားမည်ဟု ထုတ်ဖေါ် ‌ပြောဆိုခဲ့ပြန်သည်။

 

ဤသည်ကို ကြည့်ပါက အမေရိကန် ဖက်မှ စစ်ဆင်ရေး တခု ဆင်နွှဲရန် ကြံစည်နေသည်ဟု ယူဆရဖို့ ဖြစ်လာသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!