ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(8)

by Hla Soewai - Dec 02 2025

ဖရင်းစ်၏ လုပ်အား အသီးအပွင့်များက အကောင်အထည် ပေါ်လာခဲ့သည်။ ၁၉၄၅ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပထမ ဆုံး အကြိမ် အဖြစ် နာဇီ ရာဇဝတ်ကောင်များကို နုရင်ဘတ် တရားရုံးသို့ ပို့ဆောင်နိုင်ခဲ့သည် ဆိုသော သတင်းသည် နိုင်ငံတကာ သတင်းစာမျက်နှာများ တွင် စာလုံးမည်း ကြီး ဖြင့် ပေါ်ထွက်လာခဲ့သည်။ သို့သော် ဘင်နီ ဖရင်းစ်သည် သူ့အတွက် အလေးထားစရာ မဟုတ်၊ အိမ်သို့ သာ ပြန်ဖို့ စိတ်စော နေသူ ဖြစ်သည်။

 

ဤသို့ဖြင့် ၁၉၄၅ ခရစ်စမတ် အပြီး နောက်တရက်တွင် ဖရင်းစ် သည် စစ်ကြီးလည်း ပြီးဆုံးသွားပြီ ဖြစ်၍ တပ်မှ ထွက်ခွင့်လည်း ရခဲ့သည်။ ဖရင်းစ်သည် နာဇီများ နောက် အမဲလိုက်သလို လိုက်နေရသည့် အလုပ်ကိုလည်း ကျောခိုင်းလိုက်ပြီ ဖြစ်သည်။

 

သူ နှင့် ကာလကြာမြင့်စွာ ကတည်းက ချစ်ကျွမ်းဝင်လာခဲ့သည့် ဂါးထရုဒ် နှင့် လက်ထပ်ဖို့ အစီအစဉ်များ လုပ်လာသည်။ ထို့နောက် ဘာတွေ ဖြစ်လာမည်ဆိုသည်က ဘင်နီ ဖရင်းစ်လည်း မသိ၊ သူသည်လည်း စစ်ကြီးပြီး၍ အိမ်ပြန်ခရီး နှင် နေသော အမေရိကန် စစ်သား ဆယ်သန်း ထဲက တဦး ဖြစ်သည်။ အလုပ်အကိုင်လည်း အဆင်သင့် မရှိ၍ အမြန်ရှာနိုင်ဖို့သာ ခေါင်းထဲ ရှိနေသည်။

 

ထိုသို့ မရေမရာ ဖြစ်နေမှု များ အကြားတွင် သူ့အတွက်‌ ရေရာ သည့် တခုက ရှိပြီး ဖြစ်သည်၊ ဤသည်ကား ဂျာမဏီ သို့ သူအသက်ရှင်နေသရွေ့ ပြန်မလာ ဆိုသည်ပင် ဖြစ်သည်။

 

သို့သော် သူ၏ တွက်ဆထားမှု အမှားကြီး မှားသွားခဲ့ပြန်သည်။

 

*********************

 

ဟင်းနရစ်ခ်ျ ဟင်မလား သေဆုံးသွားသည့် တနေ့တည်း မှာပင် SS တို့၏ ရွေ့လျား သုတ်သင်ရေး အထူး တပ်ဖွဲ့၏ ခေါင်းဆောင်ဟောင်း ဖြစ်သူ ဗိုလ်ချုပ်ကြီး အော်တို အိုလန်ဒေ့ါဖ် အား မဟာမိတ်တပ်များက ဂျာမဏီ ရှိ လူနဘုခ် မြို့ အနီးတွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းသည် ဟင်မလား အဖမ်းမခံရမီလေး တွင် လမ်းခွဲ ထွက်လာသူ ဖြစ်သည်။ ကံဆိုးသွားရသည်က ၎င်းကို ဖမ်းဆီးခဲ့သူများသည် အမေရိကန် တို့ မဟုတ်ဘဲ ဗြိတိသျှ တပ်များ ဖြစ်နေခြင်း ကြောင့် ဖြစ်သည်။

 

အမေရိကန် မဟာဗျူဟာ လုပ်ငန်း ဌာန Office of Strategic Service (OSS) သည် စစ်ရာဇဝတ်ကောင်များကို သဲသဲမဲမဲ လိုက်လံ ဖမ်းဆီးရန် စိတ်ပါလက်ပါ မရှိ။ ထိုအစား ဖမ်းဆီးရမိသည့် နာဇီ ပါတီဝင်များ ကိုပင် ဆိုဗီယက်ကို စပိုင်လုပ်ရန် သိမ်းသွင်းလေ့ ရှိသည်။

 

‌ဆွစ်ဇာလန် ရှိ OSS အကြီးအကဲ အလန် ဒါးလက်စ် သည် ဘင်နီ ဖရင်းစ် လုပ်နေသော အလုပ်ကို နှောက်ယှက် ဖျက်ဆီးနေယုံ မက ထိတ်တန်း နာဇီ ခေါင်းဆောင်များကိုပင် အကူအညီ ပေးနေခဲ့သည်။ မယုံနိုင်စရာ ဖြစ်ခဲ့ရသည်က "လီယွန် သားသတ် သမားကြီး" ဟု နာမည်ဆိုး ဖြင့် ကျော်ကြားနေသည့် ကာလော့စ် ဘာဘီ သည် OSS ထံတွင် ခိုလှုံနေခြင်းပင် ဖြစ်သည်။

 

ဂျာမဏီ နှင့် အမေရိကန်တို့ အပြင်းအထန် တိုက်ခိုက်နေကြဆဲ အချိန် ဖြစ်သည့် မတ်လ တွင် SS အကြီးတန်း အရာရှိကြီး တဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ကားလ်ဝေါ့ဖ် သည် ကြားနေ နိုင်ငံ ဖြစ်‌ သော ဆွစ်ဇာလန် သို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ဒါးလက်စ် နှင့် အတူ စကော့ဝီစကီ အတူ သောက်ရင်း အီတလီရှိ ဂျာမန် တပ်များ စောစီးစွာ လက်နက်ချမည့် အရေးကို ဆွေးနွေးခဲ့ကြသည်။ ဝေါဖ် တွင် အခြား အကြောင်းလည်း ရှိနေသဖြင့် ဒါးလက်စ် မှ သူ့ အပေါ် အထင်တကြီး ရှိလာစေရန် အရင်ဦးဆုံး ချပြခဲ့ခြင်းလည်း ဖြစ်သည်။ ဂျာမဏီ မှ အပြီးသတ် လက်နက်ချပြီးသည့် အခါ ၎င်းကဲ့သို့ နာဇီ SS ဗိုလ်ချုပ် ကြီး တဦး အနေဖြင့် အကူအညီ ပေး နိုင်ကြောင်း အမေရိကန် စပိုင် မာစတာကြီး စိတ်ထဲ ထင်မြင်လာစေရန် အတွက် ဖြစ်သည်။

 

သို့သော်လည်း နာဇီ နံပတ် ၈၈၀ ရှိ ဗိုလ်ချုပ်ကြီး အော်တို အိုလန်ဒေါဖ် သည် ၎င်းကဲ့သို့ OSS နှင့် အဆက်အသွယ် ရှိမထား၍ အကာအကွယ် မဲ့ကာဘင်နီ ဖရန်းစ်၏ ဥပဒေ ကျော့ကွင်း အတွင်း သက်ဆင်းမိသွားရခြင်း ဖြစ်သည်။ ၎င်းအဖို့က ဖရန်းစ်၏ အတိုးချ ဂလဲ့စား ချေ ခံရတော့မည် ဖြစ်သည်။

 

******************

 

အခန်း (၂) 

 

October 1, 1946

Nuremberg, Germany 

9:00 AM

 

ကြိုးပေး စီရင်သူများက အသင့် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

 

နုရင်ဘတ် ခုံရုံးဟု နောင်တွင် ရာဇဝင် တင်ကျန်ရစ်မည့် တရားခွင်၏ နောက်ဆုံးနေ့ ၏ နံနက်ခင်းလည်း ဖြစ်သည်။ ထိုတရားခွင်သည် အဆင့်အမြင့်ဆုံး ထဲတွင် ပါဝင်သော နာဇီ စစ်ရာဇဝတ်ကောင်များကို တရားဥပဒေအရ အရေးယူ အပြစ်ပေးရန်သာ မကဘဲ ၎င်းတို့၏ ဆိုးသွမ်း ယုတ်မာလှသည့် လုပ်ရပ်များကို ကမ္ဘာသိ ချပြနိုင်ရန် အတွက်လည်း ဖြစ်သည်။

 

နုရင်ဘတ်ရှိ Justizpalast ခေါ် တရားရေး နန်းတော် ကြီး အတွင်းရှိ တရားခံ များ ထိုင်ရာ ဝက်ခြံ ထဲတွင် နာဇီ စစ်ရာဇဝတ်သားများ ထိုင် နေကြသည်။ ‌၎င်းတို့ နောက်တွင် အဖြူရောင် သံခမောက်များ ဆောင်းထားကြသည့် အမေရိကန် အစောင့် တပ်သားများက ‌လက်ကို နောက်ပစ်လျက်မတ်တပ်ရပ်လျက် သား နေရာယူထားကြသည်။

 

လုံခြုံရေး အစောင့် တပ်သားများအား သေနတ် ကိုင်ဆောင်ခွင့် ပေးမထား၊ အကယ်၍ တရားခံ တဦးဦး မှ သေနတ်ကို လုယူပြီး တရားရုံးထဲတွင် ပစ်လားခတ်လား ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သေနတ် အစား နံပတ်တုတ်များသာ ကိုင်ဆောင်ခွင့် ပေးထားသည်။ လိုအပ်လာလျင် အင်အားသုံး ရိုက်နှက်ပြီး ထိန်းသိမ်း နိုင်ရန် အတွက် ဖြစ်သည်။ 

 

အမေရိကန် ဖက်မှ တရားလို အကျိုးဆောင် ချုပ် အဖြစ် အမေရိကန် ရှေ့နေချုပ်ဟောင်း နှင့် လက်ရှိ တရား လွှတ်တော်ချုပ် တရားသူကြီး ရော်ဘတ် အိပ်ခ်ျ ဂျက်ဆန် က ဆောင်ရွက်သည်။ "တရားခွင်အား ၁၉၄၅ နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်လာခဲ့ပြီး ၂၆၅ ရက်ကြာ အချိန်ယူ စစ်ဆေးခဲ့သည်" ဟု ဂျက်ဆန်က သမ္မတ ဟာရီ ထရူးမင်းထံ တင်သွင်းသော အကျ‌ဉ်းချုပ် အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

 

တရားလို ဖက်က သက်သေ ၃၃ ဦး ကို ခေါ်ယူ စစ်ဆေးခဲ့သည်။ နာဇီများဖက်မှ သက်သေ ၆၁ ဦး နှင့် တရားခံ များထဲမှ ၁၉ ဦး အစစ်ခံခဲ့သည်။ နောက်ထပ် ၁၄၃ ဦး အားလည်း တရားခံ အကျိုးဆောင်များက ခေါ်ယူ စစ်ဆေးခဲ့ကြသည်။

 

တရားခွင် တွင် ထွက်ဆိုချက်များကို အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် နှင့် ရုရှားဘာသာ စကားများ ဖြင့် ပြောဆို မှတ်တမ်းတင်ခဲ့သည်။ နေ့တနေ့ အတွက် တရားခံ အသုံးပြုလိုသည့် ဘာသာစကား ဖြင့် စီရင်ခဲ့ပြီး ပြောဆိုခဲ့သမျှ မှတ်တမ်းပြုကာ နှစ်ဖက် ရှေ့နေများကို ဖြန့်ဝေပေးခဲ့သည်။

 

အင်္ဂလိပ်ဘာသာ ဖြင့် ပြုစုထားသော မှတ်တမ်းများသည် စာမျက်နှာပေါင်း ၁၇,၀၀၀ ခန့် ရှိနေသည်။ အကြောင်းအရာများ အားလုံးကို အသုံးပြုခဲ့သည့် မူရင်း ဘာသာစကား အသံဖြင့်လည်း မှတ်တမ်းတင်ခဲ့သည်။

 

တရားခွင် အတွက် ဂျာမန် တို့ ထံမှ သိမ်းယူရရှိခဲ့သည့် စာရွက်စာတမ်း ၁၀၀,၀၀၀ ကျော်အား စစ်ဆေးခဲ့ပြီး ထိုအထဲမှ ၁၀,၀၀၀ ခန့်အား တရားခွင် အတွက် တန်ဖိုး ရှိသည့် သက်သေများ အဖြစ် အသေးစိတ် စီစစ် ခဲ့ကြသည်။ ဓါတ်ပုံပေါင်း ၂၅,၀၀၀ ကိုလည်း ရရှိထားသည်။ အများစု ကို ရိုက်ကူး ပေးခဲ့သည့် ဟစ်တလာ၏ လက်စွဲ ဓါတ်ပုံသမား နှင့် အတူ တရားခွင် တွင် တင်ပြရန် စီစစ်ခဲ့ပြီး ထိုအထဲ မှ ၁,၈၀၀ ကို အသုံးပြုခဲ့ကြသည်။

 

နုရင်ဘတ် ခုံရုံး၏ စီရင်ချက်တွင် "ထို့ကြောင့်၊ တရားခံများအပေါ် စွဲချက်တင်ထားသော အမှုသည် အများအားဖြင့် ၎င်းတို့ကိုယ်တိုင် ပြုစုထားသော စာရွက်စာတမ်းများပေါ်တွင် မူတည်နေသည်' ဟု ဖော်ပြထားသည်။"

 

တရားခွင် သည် တကမ္ဘာလုံး၏ အာရုံစိုက်စရာ ဖြစ်လာခဲ့ရသည်။ နေ့စဉ်လို လာရောက် နားထောင်သူ လေးရာ ခန့် ရှိနေသည်။ ကမ္ဘာတဝှမ်း ရှိ နိုင်ငံပေါင်း နှစ်ဆယ့် သုံးနိုင်ငံရှိ သတင်းမီဒီယာ သုံးရာကျော် သတင်းထောက်များ တက်ရောက် သတင်းယူခဲ့ကြသည်။