နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၃)
ဒေတွန် တွင်တော့ အမှု ဆိုင်ဖို့ နီးကပ်လာသည် နှင့်အမျှ မြို့တွင်လည်း လူများသည် ပျော်ပွဲရွှင်ပွဲ ရှိသည့် အလား တက်ကြွလာကြသည်။ လမ်းထောင့် များ တွင် ဆိုင်များ ဖွင့်၍ သံပုရာရေ ရောင်းသူရောင်း၊ ဗဟို လမ်းမကြီး တလျောက် ချင်ပန်ဇီ ဝတ်စုံများ ဖြင့် ကနေသူ များ နှင့် စည်ကားလာသည်။ ဆင့်ကဲ ဖြစ်စဉ် ကို ဆန့်ကျင်သည့် အဖွဲ့မှ T T.Martin ၏ Hell and the High Schools စာအုပ်များကို လိုက်လံ ရောင်းချ နေကြသည်။ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီး ဘုရားဝတ်ပြုသူများသည်လည်း ပတ်ဝန်းကျင်တောင်ကုန်းများနှင့် မြစ်ကမ်းပါးများပေါ်တွင် လှုပ်ရှားသွားလာ နေခဲ့ကြသည်။
ဒေတွန် တရားခွင်ကို လေ့လာရန် ရောက်ရှိနေသည့် မာ့ခက် ဟောလ်ဒီမန်-ဂျုလီယပ်စ် က ဒေတွန် တွင် မည်သည့် အတွက် ပွဲတော် လုပ်နေမှန်း မသိအောင် လူများသည် ဘာသာရေး ၏ စေ့ဆော်မှု ဖြင့် ယစ်မူးနေကြသည် ဟု ရေးသားခဲ့သည်။
ပထမ နေ့တွင် ရီယား စီရင်စု အပိုင် တရားရုံး သို့ လူတထောင်ခန့် ရောက်ရှိလာရာ သုံးရာခန့်သည် ထိုင်စရာ နေရာ မရှိ၍ ရပ်နေကြရသည်။ ရေဒီယို မှလည်း တရားခွင် နှင့် ပတ်သက်၍ ပထမဆုံးအကြိမ် တိုက်ရိုက် ထုတ်လွှင့်ပေးလာသည်။
တရားသူကြီး ဂျွန် ရောစတန်သည် ကွန်ဆာဗေးတစ် ခရစ်ယာန် တဦး ဖြစ်ပြီး ထင်ပေါ်ကျော်ကြား လိုသူ လည်း ဖြစ်သည်။ ရဲအဖွဲ့ဝင် နှစ်ဦးသည် တရားသူကြီး၏ ဘေးတဖက်တချက်တွင် ရှိနေပြီး လေရရန် ယပ်တောင်ကြီးများ ခတ်ပေးနေသည်။ တရားသူကြီးက အားလုံး စနစ်တကျ ရှိနေဖို့ ပြောပြီး ဒေသခံ ဓမ္မဆရာ တဦးအား ဆုတောင်း မေတ္တာဖြင့် တရားခွင်ကို ဖွင့်လှစ်ပေးဖို့ ညွန်ကြားလိုက်သည်။
ကလဲရင့် ဒဲရိုးက ထုံးစံ အတိုင်း ဂျုရီလူကြီးများကို သေချာစွာ စစ်ဆေးရွေးချယ်လာသည်။ ဂျုရီ ဆယ့်နှစ်ဦး အတွက် လယ်သမား ဆယ်ယောက်၊ ဘုရားကျောင်း ပုံမှန်သွားသူ ဆယ့်တစ်ယောက်ကို ခပ်သွက်သွက် ပင် ရွေးချယ်လိုက်သည်။ သူရွေးချယ်သည့် လူများသည် ဘယ်လို လူမျိုး နှင့် ဘာကို ယုံကြည်ထားသည်ကို ဂရုစိုက်ပုံမရ၊ ၎င်း၏ တရားခံ အကျိုးဆောင် အဖွဲ့က ဒေတွန် တွင် စကုပ်သည် ပြစ်ဒဏ် စီရင်ခံရမည်ကို မျှော်လင့်ထားပြီး ဖြစ်၍ အထက် တရားရုံးသို့ သာ အယူခံ တက်ဖို့ ရှိသည်ဟု ယူဆထားကြသည်။
၎င်းတို့ ရည်ရွယ်ချက်က ဗဟိုတရား လွှတ်တော်ချုပ်သို့ အယူခံ ဝင်ပြီး ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကို ကျောင်းများ တွင် သင်ကြားခြင်းအား ပိတ်ပင်ခြင်းသည် ဖွဲ့စည်းပုံ ပထမ ပြင်ဆင်ချက် နှင့် မညီ ဆိုကာ ဆုံးဖြတ်ပေးနိုင်ရေး အတွက် ဖြစ်သည်။
တရားလိုဖက်က ပါဝင်မည့် ဝီလျံ ဂျင်းနင်း ဘရိုင်ယန်ကတော့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် အား ဆန့်ကျင်ရမည် ဆိုသည်ကို ဖွဲ့စည်းပုံ၏ ပြင်ဆင်ချက်ထဲ ထည့်သွင်း နိုင်ဖို့ အထိ ရည်မှန်းချက် ထားလာသည်။
ဂျုရီများ ရွေးချယ် အပြီးတွင် သီတင်းပတ်ကုန် ရုံးပိတ်ရက် ခံနေ၍ ရပ်နားလိုက်သည်။ တနင်္ဂနွေ နေ့တွင် ဘရိုင်ယန်သည် မက်သဒစ် ဘုရားကျောင်းတွင် တရားဟော သည်။ ထိုတရားပွဲကို အခွင့်ကောင်းယူ၍ စကုပ်ဖက် မှ အကျိုးဆောင်မည့် ရှေ့နေများ၏ ဗျူဟာကို ထိုးနှက်လာခဲ့သည်။ ထိုတရားပွဲ သို့ တရားသူကြီး ရောစတန်သည် ရှေ့ဆုံးတန်းမှ ထိုင်၍ ဂရုတစိုက် နားထောင်နေခဲ့သည်။
အမှု စတင်သည့် ပထမဆုံး နေ့မှာပင် တရားခံဖက်မှ ဖွဲ့စည်းပုံ နှင့် ကိုက်ညီခြင်း မရှိဆိုကာ အမှု ကို ပယ်ဖျက်ပေးရန် အဆိုတင်သွင်းလာသည်။ ဒဲရိုးက ထို အချက်ကို သူ၏ ထုံးစံ အတိုင်း စကားပရိယယ် ကြွယ်ဝစွာ ဖြင့် ယခုလို နိဂုံး ချုပ်သွားခဲ့သည်။
"ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် လို မျိုးကို အစိုးရ ကျောင်းတွေ မှာ သင်တာကို ရာဇဝတ်မှု လို့ သတ်မှတ်မယ် ဆိုရင် ပုဂ္ဂလိက ကျောင်းတွေမှာလည်း ဒီအတိုင်းပဲ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ နောက်နှစ်ကျ မဲဆွယ်ပွဲ တွေ၊ ဘုရားကျောင်းတွေ မှာ အဲ့ဒီ အကြောင်းတွေ သင်ပြ ဟောပြောမယ် ဆိုရင် ရာဇဝတ်မှု မြောက်တယ် ဆိုပြီး လုပ်နိုင်လာမယ်၊ အဲ့ဒီကမှ အဲ့ဒီ အကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ သတင်းစာ တွေကို ပိတ်ပင်ရတော့မယ်၊
ဒီနေ့ အစိုးရကျောင်းက ဆရာတွေ၊ နောက်နှစ် ပုဂ္ဂလိက ကျောင်းက ဆရာတွေ ပါလာမယ်။ နောက်နေ့ကျ တရားဟောဆရာတွေ၊ ကထိကတွေ၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ၊ သတင်းစာတွေ အလှည့် ဖြစ်လာမယ်။
တရားသူကြီးမင်း ခင်ဗျာ၊ အခု အရေးက လူသားအချင်းချင်းနှင့် ဝါဒအချင်းချင်း ရင်ဆိုင်တိုက်ခိုက်ရာကျ အောင် လုပ်သလို ဖြစ်လာပြီး၊ နောက်ဆုံးကျ တံခွန်တွေလွှင့် ဗုံ တွေ တီးပြီး လူ့စိတ်ကို ဉာဏ်အလင်း၊ အသိပညာနှင့် ယဉ်ကျေးမှုများ ပေးစွမ်းရန် ရဲရဲဝံ့ဝံ့ ကြိုးပမ်းခဲ့သူများကို တယူသန်သမား တွေက ထင်းပုံရှို့ မီးမြှိုက်ခဲ့ကြတဲ့ ဆယ့်ခြောက်ရာစု၏ ခမ်းနားထည်ဝါလှပါသည် ဆို သော ခေတ်ကာလများဆီသို့ နောက်ပြန် ချီတက်နေကြသလို ဖြစ်သွားပါလိမ့်မယ်"
သတင်းစာဆရာ အိပ်ခ်ျ မင်ကန်က နောက်တနေ့တွင် ဒဲရိုး လျှောက်ခဲ့သည့် အပေါ် ရေးသားရာတွင် "ဒဲရိုး ပြောနေသည့် တချိန်လုံး ယခင်က လူ တွေ ရှေ့ အာဝဇန်း ရွှင်ရွှင်နှင့် ပြောတတ်သည့် ဘရိုင်ယန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ငြိမ်သက်နေသည်။ ၎င်းအတွက် က ဒဲရိုး ပြောသမျှ တုန့်ပြန်နေဖို့ အကြောင်းမရှိဟု ယူဆထား၍ ဖြစ်မည်၊ ထိုသို့ ယူဆ နိုင်အောင်လည်း တောနေ လူတန်းစား များကို သူ့ ခြံထဲ ထည့်ထားပြီး ဖြစ်သည်။ သူ၏ သြဇာအာဏာ ဆိုသည့် အမှတ်တံဆိပ်က ထိုလူများအပေါ်ရိုက်နှိပ်ပြီးသား ... သူ၏ အဓိပ္ပာယ်မရှိ ပြောမည့် စကားများသည် ထိုလူများ၏ အသိတရား စံနှုန်း ဖြစ်နေသည်။ ၎င်းတို့ အပေါ်ကို သူ၏ ဘာသာရေးဆိုင်ရာ အမှိုက်သရိုက်များ နှင့် ရေများ ဒလ ဟော စီးကျ အောင် လုပ်လာသည့် အခါ ထိုလူများသည် ဂျော်ဒန်မြစ်ထဲမှာ ကခုန်ပျော်မြူးနေသော ဘုရားဖူးတွေလိုပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်ကြသည်။" ဟု ဆိုသည်။ မင်ကန်သည် သူ့စိတ်ထဲ ရှိတာ ပြောဖို့ မည်သည့် အခါမျှ တွန့်ဆုပ်သူ မဟုတ် ဆိုသည်ကို သိထားကြပြီး လည်း ဖြစ်သည်။
တရားသူကြီး ရောစတန်သည် လေးရက်မြောက်နေ့တွင် အမှုကို ပ လပ် ပေးရန် တရားခံ အကျိုးဆောင်ဖက်က တင်သွင်းထားသော အဆိုကို ပယ်ချ ခဲ့သည်။ ထို့ အတွက် နှစ်ဖက် ရှေ့နေများ အဖွင့် လျှောက်လှဲ ချက် တင်ပြ ပြောဆိုဖို့ အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ရှေ့နေများ က လက်ရှိ တရားခွင်သည် အကောင်း နှင့် အဆိုး၊ အမှန်တရား နှင့် ယင်းအပေါ် လျစ်လျုရှူထားမှု အကြား ကြီးမားစွာ ရုန်းကန် တိုက်ပွဲ ဝင်ရမည့် ပွဲ တပွဲ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ဘရိုင်ယန်က "အကယ်၍ ဆင့်ကဲ ဖြစ်စဉ်ဖက်က အနိုင်ရသွားခဲ့လျင် ခရစ်ယာန် အယူလည်း ကွယ်ပျောက်သွားတော့မည်" ဟု ဆင်ခြေတက်လာခဲ့သည်။
ဒဲရိုးက "လက်ရှိ တရားခွင်တွင် စကုပ်သည် တရားခံ မဟုတ်၊ လူသားတို့၏ ယဉ်ကျေးမှု ကို သာ စီရင် ဆုဲးဖြတ်မည့် တရားခွင် ဖြစ်သည်" ဟု ဂျုရီ လူကြီးများကို ပြောလာသည်။ ဘရိုင်ယန် အားလည်း ယခုလို ရူးသွပ်မိုက်မဲပြီး၊ ထိခိုက်နစ်နာ စေမည့် ကောက်ကျစ်သော လုပ်ဆောင်မှုများ အတွက် တာဝန်ရှိသူဟု အပြစ်ဖို့လာခဲ့သည်။ ထိုသို့ ဒဲရိုး၏ စော်ကားမော်ကား ပြောခဲ့မှု ကို ကြားလိုက်ရသည့် ပရိသတ်ကြီးထံမှ အာမေဋိတ် သံများ ထွက်လာခဲ့သည်။ တရားခံဖက်ကို ကိုယ်ချင်းစာသည့် သတင်း နှင့် စာနယ်ဇင်း အဖွဲ့ဝင်များကမူ ဒဲရိုး ပြောသမျှ ကို လက်ခံ ခဲ့ကြသည်။