တရုတ် နောက် သံယောင် လိုက်နေရပြီ

by Hla Soewai - Dec 09 2025

စစ်အုပ်စုသည် တရုတ် အပေါ် နိုင်ငံရေး နှင့် စီးပွားရေး အရ တိုး၍ မှီခိုလာနေရပြီး ၎င်းတို့၏ ရွေးကောက်ပွဲ ကို ထောက်ခံ အသိအမှတ် ပြုရေး အားထားနေရပုံကို ဂျပန် နှင့် တရုတ် အကြား ပြဿနာ ကို တရုတ်ဖက်မှ ရပ်တည်ကာ ဂျပန်ကို ရှုတ်ချ လိုက်ခြင်း ဖြင့် ထပ်၍ သိသာ ထင်ရှားလာခဲ့ရသည်။

 

နိုဝင်ဘာ ၂၂ ရက်နေ့ တွင် တရုတ်မှ ဇာတ်ညွှန်း ချပေးထားသော ဆင်ဟွာ သတင်းဌာန နှင့် အင်တာဗျူး တွင် စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက "တိုကျိုသည် သမိုင်းမှ သင်ခန်းစာ မရသည့် အပြင် အာရှ တခွင် ၎င်းတို့ ကျုးလွန်ခဲ့သည့် ပြစ်မှု များ အတွက် နောင်တရခြင်း၊ တာဝန်ယူခြင်းလည်း မရှိ" ဟု ရှုတ်ချ ပြောဆိုသွားခဲ့သည်။ မိမိတို့သည် တရုတ် တနိုင်ငံတည်းသာ ရှိသည် ဆိုသော မူကို စွဲကိုင်ထားပြီး တိုင်ဝမ် အရေးကို ပြင်ပ စွက်ဖက်မှု မှန်သမျှ ဆန့်ကျင်ကြောင်း‌ ပြောဆိုခဲ့သည်။

 

ရန်ကုန်ရှိ တရုတ်သံရုံးမှ ဇော်မင်းထွန်း၏ အပြောကို ဝမ်းသာအားရ ကြိုဆိုခဲ့သည်ဟု ဟောင်ကောင် သတင်းစာ South China Morning Post တွင် ပါရှိသည်။

 

လေ့လာသူများက စစ်အုပ်စု မှ ထိုသို့ ပြောလာခြင်းသည် အံ့ဩစရာ မဟုတ်သည့် အပြင် သေချာ စီမံထားသည့် လုပ်ရပ် ဖြစ်သည်ဟု ဆိုသည်။ စစ်အုပ်စု သည် လာမည့် ရွေးကောက်ပွဲ အပြီး နိုင်ငံများ၏ အသိအမှတ် ပြုခံရဖို့ တရုတ်၏ အကူအညီ လိုနေပြီး၊ ၎င်းတို့ဖက်ကလည်း နိုင်ငံ တွင်းရှိ တရုတ်၏ အကျိုးစီးပွားကို ကာကွယ် ပေးနေရသည် ဟုလည်း ဝေဖန်ခဲ့သည်။

 

၎င်းတို့ ရှင်သန် ရပ်တည်နိုင်‌ရေး အတွက် တရုတ်၏ ထောက်ခံမှု ရရန် သေရေးရှင်ရေး တမျှ အရေးကြီးသည်ဟု ခံယူထားသည့် အတွက် တရုတ် သဘောကျ ဖြစ်ရန် ဘာမဆို လုပ်ဖို့ ဝန်မလေးကြဟု ဆိုသည်။

 

အခြား လေ့လာသူ တဦးကလည်း ၎င်းတို့ နှင့် ဆက်ဆံမည့် နိုင်ငံများသည် မဆိုသလောက်သာ ရှိနေ၍လည်း တရုတ် အပေါ် တိုး၍ မှီခိုလာနေရခြင်း ဖြစ်သည်ဟု ဆိုသည်။ တရုတ်၏ တိုင်ဝမ် အရေး အပေါ် ဆတ်ဆတ်ထိ မခံ ဖြစ်နေသည်ကို နောက်က သံယောင် လိုက်နေရသည်ကို ကြည့်က ၎င်းတို့၏ နိုင်ငံခြားရေး မူဝါ‌ဒ သည် လွတ်လပ်ခြင်း မရှိတော့သည့် အထိ ဖြစ်လာနေသည်ကို ‌တွေ့ရသည်ဟုလည်း ဆိုသည်။

 

ပြည်တွင်း ရှိ တော်လှန်ရေး အင်အားစု များက ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်နေခြင်းသာ ဖြစ်၍ ပြည်သူတို့၏ သ‌ဘောထား ကို ထင်ဟပ်ခြင်း မရှိဟု ဆိုကာ ပယ်ချခဲ့ကြသည်။

 

ဂျပန်သည် မြန်မာ အား အကူအညီ အများဆုံး ပေးခဲ့သည့် နိုင်ငံဖြစ်သည်၊ ၎င်းတို့ အာဏာသိမ်းပြီး နောက်တွင်သာ အကူအညီများ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

 

တရုတ်သည် ‌မြန်မာ တွင် ‌ဒေါ်လာ ၂၂ ဘီလီယံ ရင်း နှီး မြုပ်နှံ ထားသော်လည်း စင်္ကာပူ ထက် နည်းနေဆဲ ဖြစ်သည်၊ စင်္ကာပူ ကတော့ ၎င်းတို့ အကျိုးစီးပွားများ ကာကွယ် စောင့်ရှောက်ပါဟု တခွန်းတလေ မျှ ပင် မပြောသည့် အပြင် စစ်အုပ်စုအား ရှေ့တန်းမှ ဆန့်ကျင်ခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။

 

စင်္ကာပူ အခြေစိုက် ISEAS-Yusof Ishak အင်စတီကျူ မှ မြန်မာ၏ လက်ရှိ စစ်ရေး အ‌နေအထားကို လေ့လာ သုံးသပ်ချက် ထုတ်ပြန်လာခဲ့သည်။

 

၂၀၂၅ ခုနှစ်တွင် စစ်တပ်သည် စစ်မှုမထမ်းမနေရ ဥပဒေအပေါ် အခြေခံ၍ အနည်းအကျဉ်း ပြန်လည် ထိုးဖောက်နိုင်ခဲ့သည်။ ထိုသို့ ပြန်လာနိုင်ခြင်းမှာ အရပ်သားလက်နက်ကိုင်အဖွဲ့ များ၊ ဒရုန်းများကို ပို၍ အသုံးချလာခြင်းနှင့် တပ်ဖွဲ့အတွင်းနှင့် တပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမို မြှင့်တင်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

ကချင် တွင် ကေအိုင်အေ ၏ ဖားကန့် နှင့် ဗန်းမော်အား ဝိုင်းရံ ထားမှု ကို အဆုံးသတ် သွားစေခဲ့သည်။ 

 

ထိုဒေသသည် ရှားပါး မြေသား သတ္ထုများ ထွက်ရှိရှိ‌ နေသည်၊ တရုတ်သည် ယခုနှစ် ဇန်နဝါရီ မှ စက်တင်ဘာလ အတွင်း ရှားပါး သတ္ထု ၅၂,၀၀၀ မက်ထရစ်တန် တင်ပို့ခဲ့ရာ ၅၃ ရာနှုန်းသည် မြန်မာ မှ ဖြစ်သည်

 

မဟာဗျူဟာ အရ အရေးပါသော ရခိုင် ပြည်နယ်တွင် ၎င်းတို့၏ တန်ပြန်ထိုးစစ်သည် အောင်မြင်မှု မရဘဲ ဖြစ်နေသည်။ အင်အား ၄၀,၀၀၀ ခန့်ရှိသော အာရက္ခ တပ်တော်သည် ယခုထိ ၎င်းတို့ သိမ်းယူထားသော ၁၄ မြို့ကို အခိုင်အမာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး ဧရိယာ အကျယ်အဝန်း အားဖြင့် ဘဲလ်ဂျီယံ ထက် ကြီးမားနေသည်။

 

စစ်အုပ်စုသည် တရုတ်နှင့် ရုရှား တို့အား ပြဿနာ ဖြေရှင်းရေးထက် ၎င်းတို့ အားသာလာအောင်သာ အားကိုး နေဆဲ ဖြစ်သည်ကို ‌တွေ့နေရသည်။

 

လက်ရှိ စစ်အုပ်စု သည် နိုင်ငံ၏ ၂၀-၃၀ ရာနှုန်းသာ အခိုင်အမာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်ဟု ဆိုသည်။

 

လန်ဒန် ရှိ မြန်မာ စစ်ရေး အနေအထားကို လေ့လာနေသည့် အလန် ရောဘင်ဆန်က စစ်တပ်သည် တနိုင်ငံလုံး ကို ပြန်ရဖို့ ဆိုသည်က မည်သို့မျှ ဖြစ်နိုင်ဖွယ် မရှိဟု ဆိုသည်။ ပြင်ပမှ အလွန်အကျွံ ပံ့ပိုးလာခြင်း၊ တော်လှန်ရေး အဖွဲ့အစည်း များ ပြိုကွဲ သွား ခြင်း တို့ ထွက်ပေါ်လာမှသာ ဖြစ်နိုင်‌ခြေ ရှိသည်ဟု ‌နစ်ကီ အေးရှား ရီဗြူးတွင် ရေးသားထားသည်။

 

(ဤနေရာတွင် သတိပြုရမည်က လက်ရှိ တော်လှန်ရေး ကို ဦးဆောင်နေသော အမျိုးသား ညီညွတ်ရေး အစိုးရအား ဆီလို အပေါက်ရှာ ပြစ်တင် ဝေဖန်နေမှု များ သည် သာ ထိုအနေအထား ရောက်အောင် တွန်းပို့ နေသလို ဖြစ် မည် ဆိုသော အချက်ပင် ဖြစ်သည်။ အကယ်၍ PDF တပ်ရင်းများထဲ မှ တပ်ရင်းတရင်း လက်နက်ချသွားသည် ဆိုက အဘယ်သို့ ခံစားကြရပေမည်နည်း။)

 

တော်လှန်ရေး ကို နိုင်သလောက် ကူပါ၊ အပြုသဘော အကြံပေးပါ၊ သင့်ကြောင့်တော့ မီးမလောင်ပါစေ နှင့်ဟု သာ သတိပေးလိုပါသည်။

 

လက်နက်ကိုင် တော်လှန်ရေး တခု တည်း အားကိုး၍ မရ၊ ပြည်သူတို့ ပူးပေါင်း ပါဝင်လာဖို့ လိုအပ်သည် ဆိုကာ ဒေါက်တာ တေဇာဆန်း ဦးဆောင်သော ဒီမိုကရေစီ လှုပ်ရှားသူ များက မန္တလေး ဈေးချို တဝိုက် လှည့်လည် လှုံ့ဆော်ခဲ့ကြသည်။ မင်းအောင်လှိုင် ပြင်ဦးလွင် မှ မန္တလေး သို့ ရောက်လာစဉ် ချိန်ကိုက် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ အသက် ၃၆ နှစ်ရှိ ဒေါက်တာ တေဇာဆန်း အား ဖမ်းမိရန် သတင်းပေး နိုင်သူကို ဆုငွေ ကျပ် ဆယ်သန်း ပေးမည်ဟု စစ်အုပ်စု က ကြေညာထားခဲ့သည်။ ဒေါက်တာ တေဇာဆန်း မှ တဆက်တည်းဆိုသလို စစ်အုပ်စု ရွေးကောက်ပွဲ အား ပြည်သူ တရပ်လုံးမှ ဆန့်ကျင်ကြောင်း ကမ္ဘာသို့ အသိပေးသည့် အနေဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့ တွင် တနိုင်ငံလုံး အသံတိတ် သပိတ် ဆင်နွဲရန်လည်း လက်ကမ်းစာရွက်များ ဖြန့်ဝေကာ လှုံ့ဆော်သွားခဲ့သည်။ လှုံ့ဆော်လာပြီ ဆိုမှတော့ ဖြစ်အောင်လုပ်ရ တော့မည်၊ သို့မဟုတ်က ၎င်းတို့ ရွေးကောက်ပွဲ ကို ထောက်ခံနေသ‌ ယောင် အဓိပ္ပါယ် ဖွင့်လာနိုင်သည့် အန္တရာယ် ရှိနေသည်။

 

ကျုးဘား အာဏာရှင်အား အမေရိကန် တို့ အခိုင်အမာ ထောက်ခံ‌ နေသည့် ကြားမှ တော်လှန်ရေး နှစ် နှစ် သုံးနှစ် အတွင်း အောင်မြင်သွားခဲ့ခြင်းသည်ပင် လက်နက်ကိုင် တော်လှန်ရေး တခုတည်း ကြောင့် မဟုတ်၊ အဖွဲ့အစည်း ပေါင်းစုံ ညီညွတ်မှု၊ မြို့ကြီးများရှိ လူထု လှုပ်ရှားမှု နှင့် ဟန်ချက်ညီညီ အကောင်အထည် ဖေါ်နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!