တရုတ်သည် နောက်ထပ် ဧရိယာ စတုရန်းမိုင် ၂၄၆,၀၀၀ ပိုင်ဆိုင်ခွင့် ရတော့မည်လော

by Hla Soewai - Dec 09 2025

ယခု လ သည် တိုင်းပြည် နှင့် လူထု ကို အဖိနှိပ်ဆုံး အာဏာရှင် နိုင်ငံ နှစ်နိုင်ငံ ၏ ရွေးကောက်ပွဲ များ လုပ်မည့် အချိန် ဖြစ်သည်။

 

အာရှ၏ ကလိန်ခြုံ ရွေးကောက်ပွဲ များဟု ပြော၍ ရသည့် ဟောင်ကောင် နှင့် မြန်မာ ရွေးကောက်ပွဲ များပင် ဖြစ်သည်ဟု ဘင်နဒစ် ရော်ဂျာစ် မှ Union of Asia Catholic News တွင် ယခုလို ရေးသားလာခဲ့သည်။

 

ဟောင်ကောင်သည် ဒီဇင်ဘာ ၇ ရက်တွင် ဥပဒေပြု လွှတ်တော် အတွက် ‌ရွေးကောက်ပွဲ လုပ်မည် ဖြစ်သည်။ သို့သော် ပါဝင် ယှဉ် ပြိုင်မည့် လူများက တရုတ် ကွန်မြူနစ် ပါတီ CCP အခေါ် မျိုးချစ် ပုဂ္ဂိုလ်များသာ ဖြစ်ရမည့် အပြင် အစိုးရ ကော်မတီမှ လည်း အတည်ပြု ခြင်း ခံရမှသာ ပါဝင်ခွင့် ရှိပေမည်။

 

ထိုသို့ မဟုတ်ပဲ တိုက်ရိုက် ဝင်ရောက်ယှဉ် ပြိုင်ခွင့် ရမည့် အမတ် နေရာ များ ရှိနေသော်လည်း ယခုအခါ အမတ်ဦး ရေ ၉၀ ရှိသည့် ဟောင်ကောင် လွှတ်‌ တော်တွင် အရည်အတွက် အားဖြင့် ၂၀ သာ သတ်မှတ်ပေးထားပြီး ၎င်းတို့သည်လည်း ဘီဂျင်းမှ အတည်ပြု ခြင်း ခံရမှ ယဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

 

၉၀ တွင် ဘီဂျင်း၏ ရွေးကောက်ပွဲ ကော်မရှင်မှ သစ္စာ ရှိသူ များ ဆိုကာ ရွေးချယ် ပေးထားသည့် ကိုယ်စားလှယ် ၄၀၊ ကျန် ၃၀ ကိုလည်း ဥပဒေ၊ ဘဏ္ဍာရေး၊ အာမခံ လုပ်ငန်းများကဲ့သို့ ကဏ္ဍ အသီးသီး မှ ၎င်းတို့ လိုလားသူ များ ရွေးချယ်ပေးထားပြန်သည်။

 

တနည်းအားဖြင့် ဆိုသော် လုံးဝ ပူးပေါင်း ကြံစည်ထားခြင်း ဖြစ်ပြီး ထွက်ပေါ်လာမည့် လွှတ်တော်သည်လည်း CCP အလိုကျ ရာဘာတံဆိပ်တုံး ခပ်နှိပ်ပေးရမည့် ပုရပိုက် လွှတ်တော်မျိုးသာ ထွက်ပေါ်လာဖို့သာ ရှိသည်။

 

ဟောင်ကောင်ကို ၁၉၉၇ တွင် ပြန်လည် လွှဲပြောင်းပေးရန် ၁၉၈၄ တွင် ချုပ်ဆိုခဲ့သည့် တနိုင်ငံ စနစ်တမျိုး ခွင့်ပြုရမည် ဆိုသော တရုတ်-‌‌ဗြိတိသျှ ပူးတွဲ ကြေညာချက်သည်လည်း ပျက်ပျယ်သွားခဲ့ရပြီ ဖြစ်သည်။ ဟောင်ကောင် လွှတ်တော်သည် ဘီဂျင်း၏ ၂၀၂၁ တွင် ပြဋ္ဌာန်းလာသော ပြုပြင်ပြောင်းလဲရေး ဥပဒေများဖြင့် မြောက်ကိုရီယား လွှတ်တော်ထက် သူမသာ ကိုယ်မသာ အနေအထား ရောက်ရှိသွားခဲ့ရပေသည်။

 

၎င်းတို့၏ အလိမ်အညာ ရွေးကောက်ပွဲ ကို သပိတ်မှောက်ရန် လှုံ့ ဆော်သည် ဆိုကာ ဟောင် ကောင်တွင် လူအမြောက်အမြား ဖမ်းဆီးခံခဲ့ရသည်။

 

၂၀၂၁ တွင် မဲလာထဲ့သူ ၃၀.၂ ရာနှုန်းသာ ရှိခဲ့ရာမှ ယခု နှစ်တွင် ဒီထက်မက လျော့နည်းဖို့သာ ရှိနေသည်။

 

ဟောင်ကောင်၏ ရွေးကောက်ပွဲ အပြီး သုံးပတ် အကြာတွင် မြန်မာရှိ အာဏာလု အဖွဲ့ စီစဉ်သော ရွေးကောက်ပွဲ စတင်လာတော့မည် ဖြစ်သည်။ ဟောင်ကောင်မှာ ကဲ့သို့ပင် စစ်အုပ်စုသည်လည်း ရွေးကောက်ပွဲ ကို ဝေဖန် ပြောဆိုပါက ရာဇဝတ်မှု မြောက်သည် ဆိုသော ဥပဒေ ကို ဇူလိုင်လ တွင် သွတ်သွင်းလာခဲ့သည်။ ထိုဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ် အနှစ် နှစ်ဆယ်အထိ ကျခံရဖို့ ရှိနေပြီး ယခုထိ လူပေါင်း ၉၄ ယောက် အဖမ်းခံထားရပြီး ဖြစ်သည်။

 

ထို့ပြင် နိုင်ငံတွင်း နေထိုင်သူ အများစု၏ ဆန္ဒသဘောထား ကို ဘေးချိတ်ပြီး လုပ်မည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ် နယ်မြေ အတွင်း လုပ်ခွင့် မရ၍လည်း ဖြစ်သည်။ ထိုအပြင် မြို့နယ်ပေါင်း ၃၃၀ တွင် တဝက်ပင် မရှိသော ၁၄၅ မြို့နယ်တွင်သာ မဲဆန္ဒရှင် စာရင်း ကောက်ခံ နိုင်ခဲ့သည်။

 

လူ ပေါင်း လေးသန်း ခန့်သည်လည်း စစ်ဒဏ် ကြောင့် ပြည်တွင်း တွင်ပင် ပြေးလွှားပုန်းအောင်း နေကြရသည်။ လွတ်လပ်သော သတင်းမီဒီယာများ နှင့် အရပ်ဖက် အဖွဲ့အစည်းများသည်လည်း ၎င်းတို့နှင့် လွတ်ရာ ကျွတ်ရာမှ လှုပ်ရှားနေကြရသည်။

 

ထို့အတွက်ကြောင့်လည်း အာဆီယံ ဥက္ကဌ ဖြစ်သူ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးမှ ရွေးကောက်ပွဲ ထက် ပဋိပက္ခ ကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး နည်းလမ်း ကို ဦးစားပေး ရှာဖွေ ဖို့ ပြောခဲ့ခြင်းလည်း ဖြစ်သည်။

 

အာဆီယံသည် ငြိမ်းချမ်းရေး မရပဲ လုပ်မည့် ရွေးကောက်ပွဲ ကို အသိအမှတ် ပြုမည် မဟုတ်သည့်အပြင် ထွက်ပေါ်လာသော ရလဒ်ကိုလည်း တရားမဝင်ဟု ထပ်တလဲလဲ ပြောထားခဲ့ပြီး ဖြစ်သည်။ ဥရောပ ပါလီမန်များ သမဂ္ဂ ကလည်း မကြာမီ က အလားတူ ဆုံးဖြတ်ခဲ့ကြပြီးလည်း ဖြစ်သည်။

 

စစ်အုပ်စုသည် general election လုပ်မည် မဟုတ်ဘဲ General များကို ရွေးချယ်မည့် ပွဲမျိုးသာ ဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ အဖိနှိပ်ဆုံး အစိုးရနှစ်ခုဖြစ်သည့် ဟောင်ကောင်ရှိ တရုတ်၏ ကိုယ်စားလှယ် များ နှင့် မြန်မာရှိ တရားမဝင် စစ်အုပ်စု တို့သည် ၎င်းတို့၏ ရာဇဝတ်မှုများကို တရားဝင်ဖြစ်စေရန်အတွက် ဒီမိုကရေစီ၏ အပေါ်ယံအကာကို ပုံပျက်ပန်းပျက် လုပ်ပြီး လက်နက်သဖွယ် အသုံးချနေသည်ကို မြင်တွေ့ရခြင်းသည် အလွန်တရာ စိုးရိမ်စရာကောင်းသည်။ ထိုသို့သော လုပ်ရပ်များမှ လွတ်မြောက်ခွင့် မပြုသင့်ပေ ဟု ရေးသားခဲ့သည်။

 

စစ်အုပ်စုသည် မူဆယ်-မန္တလေး မီးရထားလမ်း ဖောက်လုပ်ရေးအတွက် ဦးဆောင်ကော်မတီ ဖွဲ့စည်းလာပြန်သည်။ ထိုသို့ လွန်စွာ အရေးကြီးပြီး တိုင်းပြည် အား အကြွေး ထောင်ချောက်ထဲ ကျသွား နိုင့် ကိစ္စမျိုးကို ရွေးကောက်ပွဲ လုပ်ပြီး အနိုင်ရသူ ကို အာဏာ လွှဲပေးရတော့ မည့် အဖွဲ့ မှ လုပ်သင့် ပါသလော။

 

လုပ်သင့်သည်ဆိုက ၎င်းတို့ပင် ဆက်၍ အုပ်ချုပ် သွားဖို့ ရည်ရွယ်နေခြင်းပင် မဟုတ်ပါလား။

 

သက်သက်ခိုင်ကို ဖယ်ရှားလိုက်ခြင်းသည်ပင် တရုတ်၏ စနက် မကင်းဟု ယုံကြည်လောက်သည်၊ မင်းအောင်လှိုင် သဘော နှင့် ဆိုက လုပ်မည် မဟုတ်လောက်။

 

တရုတ်တို့ကြောင့် နိုင်ငံမှ ခွေးပြေးဝက်ပြေး ပြေးရမည့် အရေး မှ လော လောဆယ် လွတ်ကင်းသွားကြရပြီ ဖြစ်၍ တောင်းဆိုလာသည့် အကြွေး ကို ဆပ်ကြရပေဦးမည်၊ မြစ်ဆုံ ကိုလည်း သဘောရှိ စီမံ ပါဟု အပ်လိုက်ရပြီ ဖြစ်သည်။

 

တရုတ်က မီးရထား လမ်း ဖြတ်သန်းရမည့် နေရာ များကို အဘယ်ကြောင့် ရှင်းလင်း ပေးခဲ့ရသနည်း ဆိုသည် ရည်ရွယ်ချက် က ရှင်းသွားပြီ ဖြစ်သည်။ မရှင်းသည်က အဘယ်က ရသည့် ငွေဖြင့် ဦးဆောင်ကြမည်နည်း၊ တရုတ်၏ ကြွေးမြီ ထောင်ချောက်ထဲ နစ်မွန်းဖို့ ရှိမရှိ ဆိုသည်ပင် ဖြစ်သည်။ ကျားဖြန့်ဖက်ကလည်း အရင်လို ရပေါက် ရလမ်း သိတ်မရှိတော့။

 

လက်ရှိ BRI စီမံကိန်းများမှာ...

၁။ ဧရာဝတီ တိုင်း အတွင်းရှိ ဒေါ်လာ ၂.၅ ဘီလီယံ တန် မီးလင်းချိုင့် LNG

၂။ ဒေါ်လာ ၁.၅ ဘီလီယံ ကျောက်ဖြူ အထူးစီးပွားရေး ဇုံ

၃။ ဒေါ်လာ ၁.၅ ဘီလီယံ တန် ရန်ကုန် မြိုသစ် စီမံကိန်း (စီမံနေဆဲ)

၄။ ရှမ်းပြည် မြောက်ပိုင်း ချင်းရွှေဟော် နယ်ခြားစီးပွားရေးဇုံ (စီမံနေဆဲ)

၅။ ကချင် မြောက်ပိုင်း ဒေါ်လာ ၂၂.၄ သန်း ကန်ပိုက်တီး နယ်ခြားစီးပွားရေး ဇုံ

၆။ ‌ဒေါ်လာ သန်း ၁၈၀ ကျောက်ဖြူ ဓါတ်အားပေးစက်ရုံ (ပြီးဆုံးကာနီး)

၇။ ဒေါ်လာ ၁.၃ ဘီလီယံ တန် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တို့ ဖြစ်သည်။

 

အာဏာလု စစ်အုပ်စု သည် ၎င်းတို့၏ မိုက်မဲစွာ ကျူးလွန်ခဲ့သော လုပ်ရပ် ကြောင့် တရုတ်အား အလိုလိုနေရင်း နောက်ထပ် ဧရိယာ စတုရန်း မိုင် ၂၆၄,၀၀၀ ထိုးအပ်ရတော့မည် ဖြစ်လာ နေသည်။ တော်လှန်ရေး ကြီး မအောင်မြင်က ဟောင်ကောင်လို ပြည်မ ကြီး မှ စီမံ အုပ်ချုပ်ခံရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!