ရွေးကောက်ပွဲ နီးလာသည် နှင့် အမျှ မင်းအောင်လှိုင်သည် ဗြောင်ကျကျ ထုတ်ပြောလာပြီ ဖြစ်သည်။ ယခင်က နိုင်ငံကို ကာကွယ် စောင့်ရှောက်လိုစိတ် ရှိသူများ အား မဲပေးရန်၊ ထိုမှ တဆင့် အမျိုးဘာသာ ကာကွယ်လိုစိတ် ရှိသူများ ဖြစ်လာပြီး ယခု အခါ တွင်တော့ စိုးရိမ် ပူပန်စိတ် အားကြီးလာပုံ ရပြီး အင်အား ကိုးသိန်း ခန့် ရှိသော ဝန်ထမ်းများအား စစ်တပ် နှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည့် လူများကိုသာ မဲ ထည့် ရန် ထုတ်ပြောလာခဲ့ရပြီ ဖြစ်သည်ဟု ဧရာဝတီ တွင် ဖေါ်ပြထားသည်။
ထိုသို့ထုတ်ပြောလာခြင်းသည်ကလည်း မဲဆွယ်ပေးခြင်းထက် ဝန်ထမ်းများကို သွယ်ဝိုက် ခြိမ်းခြောက်လာခြင်း ဖြစ်သည်၊ ပြည်သူများ အနေဖြင့် ၎င်းတို့ အရှိုက်ကို ထိုးနိုင်ရန် မဖြစ်မနေ မဲပေးရဖို့ ဖြစ်လာက ကြံ့ဖွတ်မှ လွဲ၍ အခြား ပါတီငယ်များ ကို မဲထည့်ဖို့ လုပ်ရတော့မည် ဖြစ်သည်။
လက်တဆုပ်စာ မျှ သာ ရှိသော ၎င်းတို့အား အပြင်တွင် ရှိသော အင်အားစု များက ဝိုင်းဝန်း တိုက်ခိုက်နေကြသည် ဆိုသော siege mentality မှ ဆင်းသက်လာခြင်းပင် ဖြစ်သည်။ ထိုသို့ မိမိတို့ မှ လွဲ၍ မည်သူကိုမျှ မယုံကြည်သော စိတ်အခြေအနေ ဖြစ်ပေါ်လာရခြင်းသည် လေ့လာသိရှိရသလောက်အကြောင်း ငါးချက် ရှိနေသည်။
(၁) ကြောက်ရွံခြင်း နှင့် သံသယ ဝင်နေခြင်း။
မိမိတို့ အဖွဲ့အစည်း ကို ဖျက်ဆီးပစ်ရန် အပြင်လူများက လျှို့ဝှက်ကြံစည် နေခြင်း၊ သို့တည်းမဟုတ် ထိုးဖောက်ဖို့ ကြိုးစားနေသည်ဟု ခံစားရခြင်း။
(၂) ကာကွယ်ရေးစိတ်ဓာတ် အလွန်အကျွံရှိခြင်း:။ အဖွဲ့အစည်း၏ အရင်းအမြစ်များ၊ ယုံကြည်ထားသည်များနှင့် ရည်ရွယ်ချက်များကို ကာကွယ်ရန်အလွန်အကျွံ ခေါင်းမာပြီး မာကျောသည့် သဘောထားကို ထိန်းသိမ်းထားခြင်း။
(၃) အတွင်းလူ/အပြင်လူ ခွဲခြားထားမှု၊
အုပ်စုအတွင်းရှိ လူများကိုသာ ယုံကြည်ပြီး အပြင်လူများအပေါ် အပြည့်အဝ သံသယရှိခြင်း၊ မယုံသင်္ကာဖြစ်ခြင်း။
(၄) ဝေဖန်မှုများကို ခံနိုင်ရည်နည်းခြင်း။
ပြင်ပမှလာသည့် မည်သို့သော ဝေဖန်မှုမျိုး၊မေးခွန်းထုတ်မှုမျိုး ကိုမဆို ရန်လိုတိုက်ခိုက်မှု အဖြစ် မြင်ခြင်း။
(၅) ရွေးချယ်စရာ နည်းပါးခြင်း (Tunnel Vision): အခြေအနေကို အောင်နိုင်ရမည် သို့မဟုတ်က ဖျက်စီးခံရမည်ဟူသော နှစ်မျိုးတည်းသာ ရှိသည်ဟု မြင်ပြီး အခြားနည်းလမ်းတွေကို စဉ်းစားဖို့ ငြင်းဆိုခြင်း တို့ ဖြစ်သည်ဟု စိတ်ပညာရှင်များက သုံးသပ်ထားသည်။ ထိုသုံးသပ်ချက်သည်လည်း ၎င်းတို့ နှင့် ကွက်တိကျနေ၍ တိုင်းပြည်သည် လူကောင်း လူတော် များ အုပ်ချုပ်နေပါသည်ဟု ပြောနိုင်ဖို့ ဝေးစွ ပုံမှန်စိတ်နေစိတ်ထား ရှိသူများ အုပ်ချုပ်နေပါသည်ဟု ပင် ပြောမရသည့် အခြေအနေမျိုး ဖြစ်လာနေသည်။
ဘာတေး လစ်တနာ က ဧရာဝတီ တွင် ၎င်းတို့ မည်သူ့ ကိုမျှ မယုံမကြည် ဖြစ်နေမှု ကို ယခုလို ရေးသားလာခဲ့သည်။
ဘဲလာရုစ် သမ္မတ လူကာရှင်ကို ရောက်လာသည်ကို လမ်းနာမည် ပြောင်းသည်ကအစ တခမ်းတနား ဝမ်းသာအားရ ကြိုဆိုခဲ့ကြခြင်း သည်ကပင် ၎င်းတို့ အပယ်ခံ ဘဝ ရောက်နေရသည်ဟု ခံစားနေရမှု ကို လှစ်ဟ ပြလိုက်ခြင်းသာ ဖြစ်သည်။ သိူ့သော် လက်ရှိ တွင် ပုလင်းတူ ဗူးဆို့ ပေါင်းနေရသည့် တရုတ်၊ ရုရှား၊ မြောက်ကိုရီယား အာဏာရှင် အသိုက်အဝန်း မှ ဖောက်မထွက် နိုင်သေးပဲ ဖြစ်နေရှာသည်။ ရုန်းထွက်အောင် လုပ်မည်ဆို က ၎င်းတို့လည်း ဆက်၍ ရပ်တည်နိုင်တော့မည် မဟုတ် ဆိုသည်ကိုလည်း သိထားကြပြီး ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မတ်လ ၂၇ ရက် ရောက်တိုင်း အနော်ရထာ၊ အလောင်းဘုရား၊ ဘုရင့်နောင်တို့ နှင့် ချာလပတ် ရမ်းနေခြင်း ဖြစ်သည်။
၎င်းတို့တွင် ကိုယ်ပိုင် စစ်တပ်၊ မီဒီယာ၊ ဘဏ်လုပ်ငန်း၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ အာမခံလုပ်ငန်းများ နှင့် ယင်းတို့ကို ထောက်ကူပေးမည့် အခြေခံ အဆောက်အအုံများ၊ စစ်မှုထမ်းများ နှင့် မိသားစု များ၊ အမာခံ ထောက်ခံပေးသူ များ စုစုပေါင်း တိုင်းပြည်လူဦးရေ၏ ၂.၅ သန်း ခန့်ကို စုစည်း ထားနိုင်၍ ထိုင်း၊ အင်ဒိုနီရှားကဲ့သို့ ဒီမိုကရေစီ အသွင် ကူးပြောင်းစရာ မလို၊ လိုအပ်သည် မှန်သမျှ လက်ဝယ် ရှိထားပြီဟု ယူဆနေကြောင်း မြန်် မာ စစ်တပ် နှင့် ပတ်သက်၍ ကျွမ်းကျင်သူ ဩစတေလျှ ပညာရှင် အင်ဒရူး ဆဲလ်က ၂၀၂၁ က တင်သွင်းသော ၎င်း၏ စာတမ်းတွင် ရေးသားထားခဲ့သည်။
စစ်တပ် သည် ပြိုကွဲသင့်နေပါလျက် ယခုထိ ရပ်တည် နိုင်နေခြင်းမှာလည်း အထက်တွင် ဖေါ်ပြထားသည့် ဝိုင်းရံ ပိတ်ဆို့ ခံထားရသည် ဟူသော siege mentality ကြောင့်ပင် ဖြစ်သည်။
၁၉၈၈ နောက်ပိုင်း ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု နှင့် အတူ တရုတ်အား အသည်းအသန် မှီခိုလာနေရသည့် အဖြစ်မှ ရုန်းထွက်လို၍ အနောက်အုပ်စု နှင့် ပလဲနံပါ့ သင့်ရန် ဒီမိုကရေစီ ဗန်းပြ ပြုပြင်ပြောင်းလဲမှု များ လုပ်လာရခြင်းလည်း ဖြစ်သည်။ တရုတ်တို့ လက်ချက်ဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီ နှင့် တိုက်ပွဲများတွင် စစ်သား သောင်းချီ ကျဆုံးခဲ့ရမှု သည် စစ်တပ် အဖို့ အသဲကို မြှားစိုက်ဝင်နေသည့် အလား တနုံ့နုံ့ ခံစားနေရဆဲ ဖြစ်သည်။ ယခုထိလည်း တရုတ်သည် ကွန်မြူနစ် ပါတီ နှင့် မဟာမိတ် ဖြစ်ခဲ့သော ဝ များ နှင့် နီးနီးကပ်ကပ် ဆက်ဆံနေဆဲ ပင် ဖြစ်သည်။
သို့သော် စစ် ခေါင်းဆောင်များက ၂၀၁၁-၂၁ အတွင်းပေးရသည်နှင့် မတန်အောင် ပြည်တွင်း တွင် လူထုက လွတ်လွတ်လပ်လပ် ပြောဆို လုပ်ကိုင်လာကြပြီး ၎င်းတို့အား မထေမဲ့မြင် လုပ်လာကြသည်ကို မည်သို့မျှ ဆက်၍ မခံစားနိုင် အောင် ဖြစ်လာကြ၍ အာဏာကို လူထု လက်မှ အကြမ်းဖက် ပြန်သိမ်းခဲ့ရသည်၊
(ဒီတကြိမ် အာဏာ သိမ်း အဖွဲ့ ကံဆိုးသွားရသည်က ယခင် နှစ်ကြိမ်ကလို တိုင်းပြည် ပြိုကွဲတော့မည်၊ မင်းမဲ့စရိုက် လွှမ်းမိုးနေပြီ ဟု အကြောင်းပြခွင့် မရတော့၍ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့မှု ကို မဲခိုးပါသည်ဟု ပြော၍ လုယူ လိုက်ရသည့် လူရီစရာ အဖြစ် နှင့် စတင်ခဲ့ရခြင်း ပင် ဖြစ်သည်။)
ယခု ရုရှား၊ ဘဲလာရုစ် ထံ ခြေတိုမတတ် သွားနေရခြင်း၊ မြောက်ကိုရီယား နှင့် တိတ်တခိုး ပြန် ဆက်ဆံနေရခြင်းသည်ကလည်း တရုတ် အပေါ် မှီခို နေရသည့် အဖြစ်မှ တတ်နိုင်သမျှ သက်သာစေရန် လုံးပမ်းနေရခြင်း ဖြစ်သည်။
ထိုင်း ကိုလည်း မချစ်သော်လည်း အောင့်ကာနမ်းနေရသည်၊ နယ်စပ်ရှိ ကရင်၊ မွန်၊ ရှမ်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ လက်နက်များ ထိုင်းဖက်မှ ရနေခြင်း၊ ခေါင်းဆောင်များ ထိုင်းဖက်တွင် အိုးပိုင် အိမ်ပိုင် နှင့် ဟိုဖက်ဒီဖက် ကူးလူးသွားလာနေခြင်း၊ ဒဏ်ရာ ရသူ များ ထိုင်းဆေးရုံများ တွင် ဆေးကုသ ခံယူ နေမှု များကို ကောင်းစွာ သိထားပြီး ဖြစ်၍ မိမိတို့ အပေါ် တသက်လုံး မကောင်းခဲ့သူများ၊ မယုံကြည် ထိုက်သူများဟု ရှုမြင်ထားပြီး ဖြစ်သည်။
ပြည်တွင်းတွင်လည်း ၎င်းတို့အား တရားဝင် အုပ်ချုပ် ပိုင်ခွင့် မရှိဟု ဆိုကာ ၈၈ နောက်ပိုင်းမှစ၍ လူထု ၏ စိန်ခေါ်လာမှု များ နှင့် ရင်ဆိုင်လာခဲ့ရသည်။ ရွေးကောက်ပွဲ လုပ်တိုင်းလည်း ခိုးလို့ရသည့် ၂၀၁၀ မှ လွဲ၍ ၎င်းတို့ လက်ဝေခံ ပါတီသည် အမြဲလို မရှုမလှ ရှူံးနိမ့်ခဲ့ရသည့် အဖြစ်က သက်သေခံနေပေသည်။
၎င်းတို့ အပေါ် လူထု က လုံးဝမနှစ်မြို့နေသည်ကို စစ်ခေါင်းဆောင်များ သတိမပြုမိဘဲ နေမည်မဟုတ်၊ ထို့အတွက်လည်း လူထု အား ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ပစ်ခြင်းဖြင့် ၎င်းတို့အား ဒူးထောက်အညံ့ခံလာအောင် အမြဲလို ကြိုးစားနေကြရသည်။
ထို့အတွက် စစ်တပ်သည် ၎င်းတို့ ရနေသော အခွင့်ထူးခံ အဆင့်အတန်းကို စွန့်လွှတ်မည် ဆိုသည်ဟု မျှော်လင့်ခြင်းသည် အဓိပ္ပါယ် မရှိ၊ (ဥပမာ ဗိုလ်မှုးကြီး အဆင့်ရှိသူ တဦးသည် ယူနီဖောင်း ဝတ်ထားပါလျက် ဘဏ်တခု တွင် အများနှင့် ရော၍ တန်းစီ ရမည် ဆိုသည်ကို မည်သို့မျှ အဖြစ်မခံနိုင် သဖြင့် ၎င်းတို့ ပြိုကွဲသွား၍ မဖြစ် ဆိုသည့် ခံယူချက် ခိုင်မာနေရခြင်း ဖြစ်သည်။)
၎င်းတို့ နှင့် ထိတွေ့ ဆက်ဆံခြင်းဖြင့် အပြောင်းအလဲများ ဖြစ်လာနိုင်သည် ဆိုသော အနောက်တိုင်း ပညာရှင်များ၏ သုံးသပ်ချက်သည် မြန်မာ ပြည်သူများအား နိုင်ငံရေးအရ ဖိနှိပ်မှုများနှင့် ဒုက္ခဆင်းရဲများကို ဆက်၍ ရင်ဆိုင်ခိုင်းနေသည်နှင့် အတူတူ ပင် ဖြစ်သည်။
လူထု လိုလားသော အပြောင်းအလဲများသည် စစ်တပ် အတွင်းမှ စလာမှ ဖြစ်သည်၊ စလည်း စလာပေလိမ့်မည်ဟု ဘာတေး လစ်တနာက ဆောင်းပါးကို နိဂုံးချုပ်ထားသည်။
နိုင်ငံတော် အတိုင်ပင်ခံအား နိုင်ငံရေး လောကမှ ကွယ်ပျောက်သွားစေရန် ကြိုးပမ်းအားထုတ်လာမှုသည် စစ်အာဏာသိမ်း အဖွဲ့ ထင်သလို ဖြစ်မလာဘဲ ထိုအရေးသည် ၎င်းတို့ကို နိုင်ငံတကာ လူ့အသိုက်အဝန်းအတွင်း ဝင်ရောက်နိုင်ရေး အတွက် အပေးအယူ လုပ်ရမည့် အရေး ဖြစ်လာနေပေပြီ။
နိုင်ငံသည် ရှေ့သို့ တိုးတက်ပြီးရင်း တိုးတက်လာနေသည် ကို မြင်တွေ့ နေပါလျက်နှင့် ၎င်းတို့ ၏ အကျိုးစီးပွားများအား စွန့်လွှတ် ရတော့မည့် အရေးမှာ တနေ့တခြား နီးကပ်လာနေပြီ ကို စိုးရိမ်ကြောက်ရွံ့လာကြသဖြင့် စစ်ခေါင်းဆောင် များက အမြှောက်ကြိုက်တတ်သော မင်းအောင်လှိုင်အား ရှေ့တန်းတင်ပြီး အာဏာကို လက်နက်အားကိုး ဖြင့် လုယုကာ တိုင်းပြည်၏ အနာဂတ်ကို မိုက်မဲစွာ ရိုက်ချိုးလိုက်ကြခြင်း ဖြစ်သည်။
တရားဥပဒေဆိုသည်မှာလည်း ၎င်းတို့ အား အန္တရာယ်ပေးမည်ဟု ထင်သူများကို နှိပ်ကွပ်ရန် အသုံးချရာ စာအုပ်ကြီး သဖွယ် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ ပင် ကျူးလွန်ရဲခြင်း မရှိသော ပြစ်မှုများကို မရှက်မကြောက် ကျူးလွန်လာရသည့် အနေအထား သို့ ရောက်ရှိလာခဲ့ရလေသည်။ ထိုသို့သော အခြေအနေတွင် ပြည်သူများသည် မိမိတို့ အနာဂတ်၊ မိမိတို့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် လက်နက်ကိုင် လမ်းစဉ်မှ တပါး အခြား မရှိတော့ဟု ဆုံးဖြတ်လာကြရခြင်းလည်း ဖြစ်သည်။
လူတိုင်းအား မျက်ရည်ပေါက် ကြီးငယ် ကျစေခဲ့သည့်အပြင် သားတကွဲ မယားတကွဲ သေကွဲ ရှင်ကွဲ ကွဲသည့် ဘဝများ ရောက်အောင် ပြုမူခဲ့ကြသည်။ ဗုဒ္ဓဘာသာ တွင် ကံ၊ ကံ၏ အကျိုးဆိုသည်ကား ခွင့်လွှတ် ချေဖျက်ရန် ပြဋ္ဌာန်းပေးထားခြင်း မရှိ၊ မိမိလုပ်သည့် ကံ ၏ အကျိုးကို ရှောင်လွှဲ၍ မရသဖြင့် သံသရာ တလျှောက် ခံကြ ရတော့မည်လည်း ဖြစ်သည်။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!