ဂျပန် တို့ လက်နက် တပ်ဆင်ကြတော့မည်လော

by Hla Soewai - Aug 17 2020

လက်ရှိတွင် ကော်ရိုနာဗိုင်းရပ်စ် တဖန် ပျံနှံ့လာနေမှု နှင့် အတူ စီးပွားရေး တုန့်ဆိုင်းလာနေမှုများ အပေါ် အစိုးရ၏ ကိုင်တွယ်မှု ညံ့ဖျင်းကြောင်း လူထု၏ ဝေဖန်ခြင်းကိုခံနေရတဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်တာရို အာဘေးသည် ပြည်ပမှ ခြိမ်းခြောက်လာနေမှုကို အာရုံစိုက်လာနေရပြီ ဖြစ်ပါတယ်။ ဤသည်က ကမ္ဘာရန်သူတော်ကြီးများ ဖြစ်တဲ့ မြောက်ကိုရီယား နှင့် တရုတ်မှ ဒုံးကျည်များ နဲ့ အချိန်မရွေး ပစ်ခတ် တိုက်ခိုက်လာမယ့် အရေးပဲ ဖြစ်ပါတယ်။

 

ထို့အတွက် ဂျပန်က တာဝေးပစ် ဒုံးကျည်များ ပိုင်ဆိုင်ဖို့ သင့်မသင့် ဆိုသည်ကို လူသိရှင်ကြား ချပြလာခဲ့ပါတယ်။

 

တရုတ်မှ အာရှတခွင် စစ်သံပေးလာနေပြီး မြောက်ကိုရီယား မှလည်း ၎င်းတို့၏ နျူကလီးယား လက်နက်တိုက်ကြီးကို အစွမ်းကုန် တိုးချဲ့လာနေတာနဲ့ အမျှ ဒေါ်နယ်ထရန့်အစိုးရမှ ဂျပန်ကို အခိုင်အမာ ကာကွယ်ပေးမယ် ဆိုတဲ့ အမေရိကန်ရဲ့ ကတိအပေါ် လျော့တိလျော့ရဲ သဘောထား လာနေမှုများ အကြား မှာ ဘာလုပ်ရမှန်း မသိ ဖြစ်လာနေပါတယ်။

 

ထို့အပြင် ဂျပန်လူထုက ၁၉၄၇ အတွင်း အမေရိကန်တို့ ဦးဆောင်ရေးဆွဲ ပြဌာန်းပေးခဲ့တဲ့ ရွှေပြည်အေး ဖွဲ့စည်းပုံ အတိုင်း စစ်လက်နက် မတပ်ဆင်ရေး၊ ငြိမ်းချမ်းစွာ နေထိုင်သွားရေး တို့ကို အထူး အားသန်နေကြတဲ့ အရေးကိုလည်း ထည့်သွင်းစဉ်းစားနေရပါတယ်။ အာဘေးရဲ့ ညွှန်ပေါင်းအစိုးရမှာ ပါဝင်နေတဲ့ ကိုမီတို ပါတီ မှ တာဝေးပစ် ဒုံးကျည်များ ပိုင်ဆိုင်ရန် ကြိုးပမ်းမှု မှန်သမျှကို အပြင်းအထန် ဆန့်ကျင်နေတဲ့ အတွက် ရှေ့တိုးမရ ဖြစ်နေပါတယ်။

 

ကမ္ဘာအင်အားကြီး နိုင်ငံများ အဖို့ အခုလို ကိစ္စမျိုးသည် လုပ်ရိုးလုပ်စဉ်သာ ဖြစ်သော်လည်း ဂျပန်အဖို့ ၎င်းတို့ ပြည်သူများ နဲ့ အကြိတ်အနယ် ဆွေးနွေးရမယ့် အရေး ဖြစ်လာနေပါတယ်။ ဂျပန်ပြည်သူများက “တိုက်ခိုက်ရေး” ဆိုတဲ့ စကားကြားတိုင်း သွေးလန့်နေပါတယ်။ သူများကို တိုက်ဖို့ ပြင်ဆင်ထားရင် ကိုယ့်ကို လက်ဦးမှု ယူပြီး အတိုက်ခံရမယ့် အရေးကြောင့်လည်း ဖြစ်ပါတယ်။ သို့သော်လည်း ရန်သူ ဒုံးကျည်များ အား နောက်ဆုံး ငါးမိနစ်အကြာ လမ်းခုလတ်မှ ကြိုတင် ဖျက်ဆီး ပစ်နိုင်မယ့် ဒုံးခွင်းဒုံး လက်နက်များ ကိုတော့ စိတ်ဝင်စားမှု ရှိကြတယ်လို့ စစ်တမ်းများက ဆိုပါတယ်။

 

အဆိုပါ ဖွဲ့စည်းပုံကို အမေရိကန်တို့က ဂျပန် လက်နက်တပ်ဆင်စရာ မလိုအောင် မိမိတို့မှ အခိုင်အမာ ကာကွယ် ပေးသွားမယ် ဆိုတဲ့ အာမခံချက်နဲ့ ပြဌာန်းပေးလာခဲ့တာလည်း ဖြစ်ပါတယ်။ အများသုံးနေတဲ့ စကားကတော့ ဂျပန်သည် ဒိုင်း ကို ကိုင်၊ ဓါးကို လက်ခံ ဆိုတာပဲ ဖြစ်ပါတယ်။ ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာချိန်မှာတော့ ဂျပန်အား ကာကွယ်ရေး အသုံးစရိတ် အတွက် ထည့်ဝင်ဖို့ တောင်းဆိုလာတာကြောင့် ဒိုင်း နဲ့ ဓါး သီအိုရီလည်း ပျက်ပြားစ ပြုလာနေပါတယ်။

 

နိုင်ငံရဲ့ မြောက်ပိုင်း နဲ့ အနောက်ပိုင်းမှ ဖြန့်ကျက်ချထားဖို့ ရည်ရွယ်ပြီး အမေရိကန်ကနေ Aegis Ashore ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဝယ်ယူဖို့ စီစဉ်ထားတာကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ပယ်ဖျက်ပြီး နိုင်ငံအတွင်း ကျရောက်လာမယ့် ဒုံးကျည်တွေကို ဒိုင်း ကြီး သဖွယ် အကာအကွယ် ပေးနိုင်မယ့် နောက်ထပ် စနစ်တခု နဲ့ အစားထိုး ဖို့ စဉ်းစားလာရာမှ အခုလို အပူတပြင်း ပြောဆို ဆွေးနွေးလာကြတာ ဖြစ်ပါတယ်။ အဆိုပါ Aegis Ashore ဒုံးကျည်များ အတွက် တွန်းအားမြှင့် booster သည် ဂျပန်နိုင်ငံ အတွင်း ပြန်ကျလာနိုင်ပြီး ဈေးနှုန်းကလည်း မြင့်နေတာကြောင့် မတန်ဖူးလို့ ဆုံးဖြတ်ပြီး ပယ်ချခဲ့ကြတာ ဖြစ်ပါတယ်။

 

ဂျပန်အစိုးရထဲမှာလည်း အလောသုံးဆယ် မဆုံးဖြတ်သေးပဲ အခုလာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပြီးသည့်အထိ ရွှေ့ဆိုင်းထားဖို့ နဲ့ သမ္မတ အဖြစ် ထရန့် ပြန်အရွေးခံရမှသာ မဖြစ်မနေ စီစဉ်ကြရန် တိုက်တွန်းမှုတွေ လည်း ရှိနေပါတယ်။

 

ဂျပန်သည် အခြားနိုင်ငံများသို့ လက်ဦးမှု ယူပြီး ဒုံးကျည်များ စတင်ပစ်ခတ်ဖို့ ၁၉၅၆ ကတည်းက ပြောဆိုမှုတွေ ရှိလာနေခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က ဂျပန် ဝန်ကြီးချုပ် ဖြစ်သူ အီချီယို ဟာတိုရာမာက “လက်ရှိ ဖွဲ့စည်းပုံက ဒီတိုင်း ခေါင်းငုံ့ပြီး အသေခံ ရမယ်လို့ ရည်ရွယ် ရေးဆွဲခဲ့တာ မဟုတ်ဖူးလို့ ကျုပ်တော့ ယုံတယ်” ဟု ပြောခဲ့ဖူးပါတယ်။

 

၂၀၁၃ ခုနှစ် အတွင်းက ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ ရှီဂါယူ အီချီဘား မှ ရန်သူနယ်မြေ အတွင်း မှ မိမိတို့ အား ပစ်ခတ်ရန် ဒုံးကျည် ကို လောင်စာဆီ ဖြည့်ပြီး ပစ်စင် ပေါ်တင်လိုက်တာနဲ့ ဂျပန်က စပြီး ပစ်ခတ်နိုင်မယ့် အသေးစိတ် အစီအစဉ်တွေ ချပြခဲ့ဖူးပါတယ်။ မိမိကို ပစ်မှာလို့ မသေချာသေးပဲ ကိုယ်ဖက်က စပြီး စစ်ပွဲကို ဖန်တီးလိုက်သလို ဖြစ်သွားနိုင်တာကို စိုးရိမ်တာတို့၊ အဲ့လို လုပ်နိုင်ဖို့ ဘယ်အချိန်မှ စပြီး ဒုံးကျည်တွေ ချထားမှာလဲ ဆိုတဲ့ အမေးများ နဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ သို့သော်လည်း ဂျပန်မှာ ထိုသို့ ပြုလုပ်နိုင်စွမ်း ရှိနေပြီလို့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

 

လောလောဆယ်တော့ တရုတ် သင်္ဘောတွေ အရှေ့တရုတ်ပင်လယ်ရှိ ရှင်ကာကူ ကျွန်းတန်း အနီး လှုပ်ရှားမှုတွေကို ဂျပန် ကမ်းခြေစောင့် တပ်တွေက အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ဒါ့အပြင် ဗီယက်နမ်ကိုလည်း ကင်းလှည့်သင်္ဘောတွေ ငှားရမ်းဖို့ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ပြန်ပါတယ်။

 

တရုတ်သတင်းစာ တွေက ၂၀၁၃ အတွင်း အိုကီနာဝါ ကျွန်းသည် ၁၃၇၂ မှ စပြီး ဂျပန်တို့ မသိမ်းပိုက်မီ အထိ တရုတ်ဧကရာဇ် တွေကို လက်ဆောင် ပဏ္ဏာ ဆက်သရတဲ့ လက်အောက်ခံ နယ်မြေ ဖြစ်ခဲ့ပြီး၊ ဂျပန်တို့ သားစဉ်မြေးဆက် အချုပ်အခြာ အာဏာပိုင်ခြင်း မရှိတာ သေချာတယ်လို့ ပြောဆိုခဲ့ဖူးတဲ့ အတွက် ဂျပန်တို့ ဒေါသအမျက်ချောင်းချောင်း ထွက်ခဲ့ပြန်ပါတယ်။

 

ဒီအတွက် ဂျပန်က မိမိနိုင်ငံ ကာကွယ်ရေး အတွက် အမြဲလိုလို သတိထား စောင့်ကြည့်နေရပြီး မိမိတို့ ဖက်မှ စစ်ပြင်ဆင်နေပြီ ဆိုတဲ့ သဘောမျိုး မသက်ရောက်အောင်တော့ ဂျပန်နည်း ဂျပန်ဟန်နဲ့ ကာကွယ်သွားဖို့ သတိကြီးစွာ ထားပြီး လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

 

ကိုးကား ... ၂၀၂၀ ဩဂုတ်လ ၁၆ ရက်နေ့ ထုတ် နယူးယောက် တိုင်းမ် သတင်းစာပါ “Japan’s been proudly pacifist for 75 years. A missile proposal challenges that.”