ထိုင်းသည် ကုန်သွယ်ရေး နှင့် လုံခြုံရေး ပိုင်းတွင် တရုတ် ကို တိုး၍ တိုး၍ မှီခိုလာနေရပြီဟု အီကောနော်မစ် မဂ္ဂဇင်း တွင် ယခုလို ရေးသားလာခဲ့သည်။
ထိုင်း ဘုရင် တရုတ်ပြည်သို့ ရောက်မလာမီ တရက်အလို နိုဝင်ဘာ ၁၂ တွင် အိမ်ရှင် ဖြစ်သူထံ ပေးပို့လိုက်သော လက်ဆောင်ပဏ္ဍာက အရင် ရောက်နှင့်နေပြီ ဖြစ်သည်။ ထိုလက်ဆောင်သည်ကား အခြားတော့ မဟုတ်၊ သုံးနှစ်ကြာအောင် ဥပဒေပိုင်း တွင် အငြင်းအခုံ လုပ်နေရ၍ ဆိုကာ ရွှေ့ဆိုင်းထားသော တရုတ် မဟာ လူဆိုးဂိုဏ်း ခေါင်းဆောင်ကြီး ရှဲ ကျီကျန် အား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ခြင်း ပင် ဖြစ်သည်။
ရှဲ ကျီ ကျန်သည် မြန်မာရှိ အွန်လိုင်း လောင်းကစား ဒိုင်များ၊ ငွေ လိမ် ဂိုဏ်း များ ၏ ခေါင်းဆောင်ကြီး အဖြစ် တရုတ်ဖက်မှ အလိုရှိနေသူ ဖြစ်သည်။
မဟာ ဝဇီရာလောင်ကွန် သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး စတင် လာခဲ့သည် နှစ်ပေါင်း ငါးဆယ် အတွင်း ပထမဆုံး ရောက်ရှိလာသည့် ထိုင်းဘုရင် လည်း ဖြစ်သည်။ တရုတ် နှင့် အမေရိကန် အကြား သတိကြီးစွာ ထား၍ ထိန်းညှိဆက်ဆံနေရချိန်တွင် ယခုလို ထိုင်း ဘုရင် ရောက်ရှိသွားခြင်းသည် မြောက်ပိုင်း အိမ်နီချင်းသို့ အလေး ပိုလာသည့် လက္ခဏာ အဖြစ် ရှုမြင်လာကြသည်။
တရုတ် နှင့် ပို လုံးလာမှု အား ကဏ္ဍပေါင်းများစွာ တွင် အထင်အရှား တွေ့လာရသည်။ အထူးသဖြင့် တရုတ်ဖက်က ရှုပ်ရှုပ်ထွေးထွေး တောင်းဆိုလာမှု များကို တုန့်ပြန်ခဲ့ရာတွင် ဖြစ်သည်။ ရှဲ ကျီကျန် အား ပြန်မပို့ခင်ကပင် အခြားတောင်းဆိုလာမှု များကို လိုက်လျော လာခဲ့သည်။
ဩဂုတ်လ အတွင်း ဘန်ကောက်ရှိ ပန်းချီ ပြပွဲ တွင်တိဘက်၊ ဝီဂါ နှင့် ဟောင်ကောင် အနုပညာ ရှင်များ၏ လက်ရာများကို တရုတ်သံတမန် များ က မကျေမနပ် ပြောဆိုလာကြ၍ ဖယ်ရှားပေးခဲ့ရသည်။ ယခုနှစ် အစောပိုင်းတွင်လည်း ၂၀၁၄ ကတည်းက ထိန်းသိမ်းထားသော ဝီဂါ လူမျိုး တရုတ်သို့ လွှဲပြောင်းပေးခဲ့သည်၊ ၎င်းတို့ အား ခိုလှုံခွင့် ပေးပါရစေ ဟု အမေရိကန်၊ ကနေဒါ နှင့် အခြား နိုင်ငံများက အကြိမ်ကြိမ် ကမ်းလှမ်းနေသည့် ကြားမှ ပြန်ပို့ပေးလိုက်ခြင်းလည်း ဖြစ်သည်။ အမေရိကန်က ၎င်းတို့၏ ရေရှည် မဟာမိတ်ဟု ယူဆထားသည့် ထိုင်းက လုပ်ရက်လေခြင်းဟု စိတ်ပျက်လက်ပျက် ပြောဆိုခဲ့ကြသည်။ ဝီဂါများကို အခြား တနေရာရာ သို့ ရွှေ့ပြောင်းပေးလိုက်က လက်တုန့် ပြန်ခံ မည်ကို စိုးရိမ်ကြောက်ရွံ့၍ ဖြစ်သည်ဟု ထိုင်းဖက်က ပြောလာ ခဲ့သည်။
ထိုသို့ ဖြစ်လာခြင်းသည် အင်အားကြီး အိမ်နီးချင်း နိုင်ငံ ၏ ဖိအားများ ကြောင့်သာ ဖြစ်ဖွယ်ရှိသည်။ စီးပွားရေး တွင် ထို နိုင်ငံကြီး ဖက်သို့ ရွေ့လျား လာနေပြန်သည်။ တရုတ် ကုမ္ပဏီ များသည် ထိုင်း ၏ အခြေခံ အဆောက်အအုံများ ဖြစ်သော စက်မှု ဇုံများ နှင့် အမြန်သွား မီးရထား လမ်းများ တွင် ထုနှင့် ထယ် နှင့် ရင်းနှီး မြုပ်နှံလာကြသည်။ ၂၀၂၃ တွင် အာဏာရ ဖျူးထိုင်း ပါတီမှ ခရီးသွားလုပ်ငန်း နှင့် ရင်းနှီး မြုပ်နှံ မှု များ အတွက် ဖိတ်ခေါ်လာရာမှ မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ယခုနှစ် ဆယ်လ အတွင်း နှစ်ဖက် ကုန်သွယ်ရေးသည် ၂၀၂၄ တွင် ဒေါ်လာ ၁၁၆ ဘီလီယံ မှ ၁၂၂ ဘီလီယံ အထိ ရောက်ရှိလာခဲ့သည်။
ထိုင်းနိုင်ငံ အတွက် တရုတ်မှ ခရီးသွားများ ကို အားကိုး နေရသည်။ ထိုလုပ်ငန်းမှ ထိုင်း GDP ၏ ၁၂ ရာနှုန်း အထိ အားဖြည့်ထားပြီး လုပ်ငန်းအားလုံး၏ ငါးပုံတပုံ ခန့် ရှိနေသည်။ ယမန်နှစ်က ထိုင်းသို့ ရောက်လာသည့် ခရီးသွား စုစုပေါင်း ၃၅.၅ သန်း တွင် ၆.၇ သန်းသည် တရုတ်မှ ဖြစ်သည်။ သို့သော် ယခုနှစ် အစပိုင်းတွင် တရုတ် ဆယ်လီ ဝမ်စင်းအား ငွေလိမ်ဂိုဏ်းများက ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်းသို့ ခေါ်ဆောင်သွား မှု ဖြစ်ပွားခဲ့အပြီးတွင် တရုတ် ခရီးသွားများ ၃.၄ သန်း အထိ ကျဆင်းသွားခဲ့သည်။ ယခုအခါ ထိုင်းသည် တရုတ်နှင့် ပူးပေါင်း၍ ငွေလိမ်ဂိုဏ်း များ ကို ဖြိုခွင်းရန် လုပ်ဆောင်လျက် ရှိနေသည်။
လုံခြုံရေး ပိုင်းတွင်လည်း အလားတူ သိသာထင်ရှားလာခဲ့သည်။ ၂၀၁၄ ထိုင်းတွင် အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တွင် အမေရိကန် စစ်ဖက် ဆိုင်ရာ ငွေကြေး အကူအညီ ပေးနေမှု နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု များကို လျော့ချလာခဲ့သည်။ တရုတ်သည် အချိန်မဆိုင်းပဲ ထိုကွက်လပ်ကို ဖြည့်ဆည်းပေးလာသည်။ ၎င်းတို့၏ ရေငုပ်သင်္ဘောများ၊ တင့်ကားများ၊ သံချပ်ကာ ကားများကို အနောက်အုပ်စု ထက် မတန်တဆ ဈေး လျော့ ရောင်းပေးလာသည်။ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး များ အပေါ်လည်း လက်ချာပေးခြင်းမျိုး မရှိခဲ့။
၂၀၁၆ မှ ၂၀၂၂ အတွင်း တရုတ်ထံမှ ဒေါ်လာ ၃၉၄ သန်း လက်နက်များ ဝယ်ယူခဲ့ပြီး ထိုကာလ အတွင်း အမေရိကန်ထံမှ ၂၀၇ သန်းသာ ဝယ်ယူခဲ့သည်ဟု ဩစတေးလျှ ရှိ Lowy Institute မှ သုတေသန ပြုစုခဲ့သည့် မှတ်တမ်းများအရ သိရသည်။
ယခုအခါ တရုတ်ထံမှ သင်္ဘောဖျက် ဒုံးကျည်များ၊ သံချပ်ကာ ကားများ နှင့် လေကြောင်း ကာကွယ်ရေး စနစ်များ ဝယ်ယူလျက် ရှိသည်။ အမေရိကန်မှ ထိုင်းသို့ ပေးနေသော စစ်ရေး အကူအညီများသည် ၂၀၂၃ တွင် ဒေါ်လာ ၁၀၆ သန်း ရှိနေရာမှ ယခုအခါ ၈ သန်း သာ ရှိတော့သည်။
ထိုင်းသည် ၁၈၃၃ တွင် "ချစ်ကြည်ရေး နှင့် ကူးသန်း ရောင်းဝယ်ရေး စာချုပ်" ဖြင့် စတင်လာခဲ့သော အမေရိကန် နှင့် မဟာမိတ် ပြုမှု ကို လုံးဝဥသုံ စွန့်လွှတ်ခဲ့ခြင်းမျိုးတော့ မရှိသေးပေ။ နှစ်စဉ် ပြုလုပ်နေကျ နိုင်ငံပေါင်း ၃၀ ခန့် ပါဝင်သည့် Cobra Gold အမည်ပေးထားသည့် ပူးတွဲ စစ်ရေး လေ့ကျင်မှု ကို ဆက်လုပ်နေဆဲပင် ဖြစ်သည်။
ထရမ့်၏ အခွန်အတုပ်များ ရှိနေသော်လည်း အမေရိကန်သည် ထိုင်း၏ ပို့ကုန် အများဆုံး တင်ပို့နေသည့် ဈေးကွက်ကြီး အဖြစ် ရပ်တည်လျက် ရှိသည်။ ထိုင်းသည် တရုတ်ဖက်သို့ အလွန်အကျွံ ရောက်သွားမည့် အရေးကိုလည်း သတိထားနေပြန်သည်။ တရုတ်ပြည်မှ ဝင်လာသော တန်ဖိုးနည်း သွင်းကုန်များ ကြောင့် ပြည်တွင်းရှိ လုပ်ငန်းများ ထိခိုက်ပြီး အလုပ်အကိုင်များ ဆုံးရှုံးကုန်မည့် အရေးကိုလည်း ထိုင်း ကုမ္ပဏီ စီအီးအို ၇၀ ရာနှုန်းက စိုးရိမ်ကြောင့်ကြ နေသည်။
ထိုင်း ဘုရင်သည် တရုတ် နိုင်ငံ အတွင်း ငါးရက်ကြာ ခရီးလှည့် နေခဲ့စဉ် အတွင်း ထိုင်း ဘဏ္ဍာရေး ဝန်ကြီးသည် တရုတ်မှ တန်ဖိုးနည်း သွင်းကုန်များ အပေါ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု မသိမသာ ကြေညာလာခဲ့သည်။
ထိုလုပ်ရပ်သည် ထိုင်းဖက်မှ ရှားရှားပါးပါး ပြန်လည် တွန်းကန်လိုက်ခြင်း ဖြစ်ပြီး တရုတ် နှင့် နီးနီးကပ်ကပ် ဆက်ဆံပါက အမြဲလို အန္တရာယ်ပါ တပါတည်း ကပ်ပါလာနိုင်သည့် သဘောကို ရိပ်စားမိသည့် လက္ခဏာ လည်း ဖြစ်ပေသည်။
(၂၀၂၅ နိုဝင်ဘာ ၂၇ နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "America’s oldest ally in Asia is drawing closer to China" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)