စစ်အုပ်စုသည် ရွေးကောက်ပွဲ ကို ဒီဇင်ဘာ ၂၈ မှ စ၍ သုံးကြိမ် ခွဲလုပ်သွားဖို့ စီစဉ်ထားပြီး ဖြစ်သည်။
သေချာပေါက် ထွက်ပေါ်လာမည့် အချက် နှစ်ချက်သည်ကား ၎င်းတို့၏ လက်ဝေခံ ပါတီ အနိုင်ရရှိလာမည် နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ မှေးမှိန် သွားတော့မည် ဆိုသည်ပင် ဖြစ်သည်ဟု ဩစတေးလျှ မဲလ်ဘုန်း တက္ကသိုလ်မှ သုတေသီ နီကိုလပ်စ် ကော့ပဲလ်က The Conservative စာစောင် တွင် ရေးသားထားသည်။
အာဏာသိမ်းပြီး ငါးနှစ်တာ ကာလ အတွင်း စစ်တပ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် တိုက်ခိုက်ရင်း ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင် လာခဲ့ရသည်။
စစ်အုပ်စုသည် အစိုးရ၏ မောင်းတံများကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး မြို့ကြီးများကို ထိန်းချုပ် ထားနိုင်ခဲ့သည်။ တိုက်လေယာဉ်များ၊ လက်နက်ကြီးများ နှင့် ဒရုန်း များ ဖြင့် ရက်စက်ကြမ်းကြုပ်စွာ တိုက်ခိုက်လည်း တော်လှန်ရေး ကို နှိမ်နှင်းနိုင်ခဲ့ခြင်း မရှိပေ။ တော်လှန်ရေး တပ်များသည် နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ထားနိုင်ခဲ့၍ ရွေးကောက်ပွဲ အား မဲဆန္ဒနယ်မြေ ၃၃၀ တွင် ၂၇၄ နယ်မြေတွင်သာ လုပ်နိုင်သည့် အနေအထား ဆိုက်ရောက်သွားခဲ့သည်။
ပြည်တွင်း ပြည်ပတွင် တော့ ၎င်းတို့၏ ရွေးကောက်ပွဲ အား အလိမ်အညာ လုပ်ရပ်သာ သဘောထား နေကြသည်။ ထို့အတွက် ဆိုရှယ် မီဒီယာ တွင် ဝေဖန် ပြောဆိုသူများကို ပါမကျန် သိမ်းကျုံး ဖမ်းဆီးထောင်ချသည်အထိ လုပ်လာခဲ့ရသည်။
စစ်အုပ်စုသည် ၎င်းတို့ ယခုထိ မရရှိဘဲ ဖြစ်နေသောတရားဝင် အုပ်ချုပ်ပိုင်ခွင့် ရလာပြီ ဆိုသည်ကို ပြသနိုင်ရန် လုံးပမ်းနေခြင်း ဖြစ်သည်။ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများကို လိုက်နာဟန်ဆောင်ခြင်းဖြင့် ပုံမှန်အခြေအနေ ရောက်ပြီဟု ထင်မြင်လာစေရန်၊ အာဏာကို စုစည်းရန်၊ နိုင်ငံတကာနှင့် ပိုမိုထိတွေ့ဆက်ဆံ နိုင်ရန် တံခါးဖွင့်ဖို့ မျှော်လင့်နေပြီး၊ တစ်ချိန်တည်းမှာပင် ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းထားရန် ရည်ရွယ်နေသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တော်လှန်ရေးကို ထောက်ခံနေသူ များက ရွေးကောက်ပွဲ ကို ရှုတ်ချရန်၊ စောင့်ကြည့်လေ့လာသူ များ စေလွှတ်ခြင်း မပြုရန် တောင်းဆိုလာကြသည်။
အာဆီယံကလည်း ရွေးကောက်ပွဲ မလုပ်မီ အကြမ်းဖက်မှု များ ရပ်ဆိုင်းပြီး နိုင်ငံရေး အရ ဆွေးနွေးပွဲ များ အရင် လုပ်ဖို့ ပြောနေပြီး ရွေးကောက်ပွဲ အား လေ့လာသူများ စေလွှတ်ပေးဖို့ စစ်အုပ်စု၏ တောင်းဆိုလာမှု ကိုလည်း ငြင်းဆန်ခဲ့ကြသည်။
၎င်းတို့ အကောင်းဆုံး မျှော်လင့် နိုင်သည်က အာဆီယံ ထဲမှ တနိုင်ငံ၊ နှစ်နိုင်ငံ လောက်မှ ဘဲလာရုစ်၊ ရုရှား တို့ နှင့် အတူ လေ့လာသူများ စေလွှတ်လာနိုင်သည် ဆိုသည်ပင် ဖြစ်သည်။ သို့သော် လာမည် မျှော်လင့်ထားသော ထိုင်းကပင် လေသံပြောင်းလာပြီး ဒီပုံ အတိုင်းဆိုက ရွေးကောက်ပွဲ အပြီး အရင် အတိုင်း ပြန်ဆက်ဆံဖို့ ခက်ခဲနေပြီဟု ပြောလာခဲ့သည်။ တရုတ်သည် ရွေးကောက်ပွဲ ကို ထောက်ခံနေသော်လည်း လေ့လာစောင့်ကြည်သူများ စေလွှတ်ရန် လူသိရှင်ကြား ပြောဆိုခြင်းမျိုး မရှိသေးပေ။
စစ်အုပ်စုသည် အနောက်တိုင်း၏ ပိတ်ဆို့ဒဏ်ခတ်မှု ကို အရေးမထားတော့၊ ၎င်းတို့ အဖို့က ဒေသတွင်း နိုင်ငံ များ အသိအမှတ် ပြုလာဖို့သာ ပို၍ အရေးကြီးသည်ဟု ခံယူထားသည်။
အိမ်နီးချင်း နိုင်ငံများဖက်ကလည်း ၎င်းတို့ ရှိနေပါကနယ်စပ်ဒေသများ တွင် မတည်မငြိမ် ဖြစ်လာခြင်း၊ လူများ ထွက်ပြေး ခိုလှုံလာခြင်း၊ စည်းမဲ့ကမ်းမဲ့ သတ္ထုများ တူးဖေါ်နေခြင်းကြောင့် မြစ်ချောင်းများ၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာနေခြင်း များ၊ မူးယစ်ဆေးဝါး များ စီးမျောလာ နေခြင်း၊ ငွေလိမ်ဂိုဏ်းများ မှိုလို ပေါက်လာနေခြင်းများ အတွက် စိုးရိမ်ပူပန်လာကြသည်။
၎င်းတို့နိုင်ငံသားများလည်း ထိုပြဿနာကို ဖြေရှင်းပေးစေချင်ကြ၍ ရွေးကောက်ပွဲ ပြီးက အစိုးရများ သည်လည်း စစ်အုပ်စု နှင့် ဆက်ဆံဖို့ ဆင်ခြေပေးစရာ မလိုအောင် ဖြစ်သွားသည်။
ယခုအချိန်တွင်တော့ ပြုပြင် ပြောင်းလဲလာဖို့က ထင်ယောင် ထင်မှား ပင် ဖြစ်စရာ မရှိတော့၊ အိမ်နီးချင်း များသည်လည်း ၎င်းတို့ နိုင်ငံ အကျိုး အတွက် ထိုကဲ့သို့ သော လူမျိုး များ နှင့် ပြေလည်အောင် ဆက်ဆံရ ကောင်းလား ဆိုသည့် အပြောအဆို စွပ်စွဲမှုများကို အလွယ်တကူ ကျော်လွှားနိုင်တော့မည် ဖြစ်သည်။ အရှေ့တောင် အာရှတွင် အာဏာရှင် ရွေးကောက်ပွဲ၊ အာဏာရှင် အစိုးရဆိုသည်တို့က အထူး အဆန်း လည်း မဟုတ်ပေ။
ယခု လာမည့် ရွေးကောက်ပွဲ ကို ၂၀၁၀ အတိုင်း ထွက် လာမည်ဟု ယူဆက မှားသွား ပေလိမ့်မည်။ ၂၀၁၀ ရွေးကောက်ပွဲ သည် ၂၀၀၈ ဖွဲ့စည်းပုံ ဖြင့် ပြုပြင်ပြောင်းလဲရေး များ လုပ်ရန် တာဝန်ယူထားသည့် စစ်ဗိုလ်ချုပ်များ ဦးဆောင်သော အုပ်ချုပ်ရေး အဖွဲ့ ထွက်ပေါ်လာခဲ့သည်။
ယခု ရွေးကောက်ပွဲ ဖြင့် အရပ်ဖက် သို့မဟုတ် ပါလီမန် အုပ်ချုပ်ရေး သို့ အသွင်ကူးပြောင်းလာစရာ အကြောင်းမရှိ၊ မင်းအောင်လှိုင်ကလည်း ၎င်း၏ ထွက်ပေါက် အဖြစ် အသုံးချ လာမည်လည်း မဟုတ်၊ ၎င်း၏ လုံခြုံရေး အတွက် အုပ်ချုပ်ရေး ယန္တရား များကို ဆက်၍ အသုံးချ သွားမည်သာ ဖြစ်သည်။
ရွေးကောက်ပွဲ သည် အတုအယောင်သာ ဖြစ်သော်လည်း ယင်းကို အသုံးချ၍ စစ်တပ် အတွင်း လူ အပြောင်းအလဲ လုပ်မည်က သေချာနေပေသည်။ မင်းအောင်လှိုင်က သမ္မတ ဖြစ်လာဖို့ က သံသယ ရှိစရာ မလို၊ သူ့စကား နားထောင်မည့် လူကို ကာချုပ် အဖြစ် ရွေးချယ်ခန့်ထားခဲ့မည်သာ ဖြစ်သည်။ လွှတ်တော်သည်လည်း အစိတ်သားများ နှင့် ၎င်းတို့ လက်ဝေခံ ပါတီမှ ကိုယ်စားလှယ်များနှင့် ပြည့်နှက်နေမည်သာ ဖြစ်သည်။
စစ်အုပ်စုသည် ၎င်းတို့ ရှင်သန် ရပ်တည်ရေး အတွက် သုံးနေရသော အကြမ်းဖက်မှု နှင့် အကြောက်တရား ဖြစ်ပေါိရေး ကိရိယာ များကို ရွေးကောက်ပွဲ ပြီးလျင်ပြီးချင်းတော့ အပြောင်းအလဲ လုပ်မည် မဟုတ်ပေ။
လက်ရှိတွင် ယို့ယွင်းပျက်စီးနေသော ဖွဲ့စည်းပုံအရ ကာချုပ် ဖြစ်သော မင်းအောင်လှိုင်သည် သမ္မတ ကိုပင် တာဝန်ခံစရာ မလိုပေ။ မင်းအောင်လှိုင် ရွေးပြီး ထားခဲ့သော ပုဂ္ဂိုလ်သည်လည်း တချိန်တွင် သူ့သဘော နှင့် သူ ဆုံးဖြတ်လာနိုင်တော့မည် ဖြစ်ပြီး ပဋိပက္ခ အဆုံသတ်ရေး အတွက် ဆွေးနွေးလာဖို့ ရှိသည်။
ရွေးကောက်ပွဲ များသည် အာဏာ အချို့ ခွဲဝေပေးနိုင်မှု ဆီ ဦးတည်နိုင်ခြေ ရှိနေသည်။ လောလောဆယ် တွင်တော့ ဖြစ်လာမည့် အလားအလာ မရှိသေးသော်လည်း ရွေးကောက်ပွဲသည် ရှိရင်းစွဲအခြေအနေ (ဆိုလိုသည်မှာ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်နှင့် မရပ်မနားဘဲ အင်အားချည့်နဲ့အောင် တိုက်သည့်စစ်ပွဲ) ဆက်လက်တည်ရှိနေခြင်းထက် (ဖြစ်နိုင်ခြေ နည်းပါးသော်လည်း) ပိုကောင်းလာနိုင်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ အနေနှင့် ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည်၊ စစ်အုပ်စု အား ဒေသအတွင်း နိုင်ငံများက ပို၍ ပတ်သက်လာလိမ့်မည် ဆိုသည့် အစစ်အမှန် သဘော ကို ကိုင်တွယ် ဆောင်ရွက်သွားဖို့ လိုအပ်နေသည်။ ထိုသို့မဟုတ်က နောက်တန်း ရောက်သွား နိုင်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!