ပါဝင်မှ ဖြစ်တော့မည်

by Hla Soewai - Dec 09 2025

အိမ်နီးချင်း နိုင်ငံများက အထူးသဖြင့် အာဆီယံသည် ရွေးကောက်ပွဲ ပြီးလျင် တခုခု ထူးခြားလာလေမည်လား ဟု မျှော်လင့် နေကြချိန်တွင် အရိပ်သုံးပါး နားမလည် သည့် လူမိုက်များ က လက်သီး လက်မောင်း တန်းလာနေကြပြီ ဖြစ်သည်။

 

လာမည့် ရွေးကောက်ပွဲ တွင် ပြည်ပ နိုင်ငံများ အားလုံးက ကြိမ်းသေပေါက် နိုင်မည့် ဟု တွက်ဆထားသော ကြံဖွတ်မှ ထိတ်တန်း ခေါင်းဆောင် ခင်ရီ အပါအဝင် အားလုံးက မင်းအောင်လှိုင်ထက်ပင် သူ့ထက်ငါ လက်စွမ်း ပြချင်နေသူ များ ဖြစ်‌‌ နေသည်။

 

ဤသည်ကိုလည်း မဖုံးမကွယ် ထုတ်ဖေါ် ပြောဆိုလာသူက နေပြည်တော် ကြံဖွတ် ရုံးခွဲ၏ အကြီးအကဲ ဖြစ်သူ ဘူးလက် လှဆွေပင် ဖြစ်သည်။ ၎င်း၏ ဆိုရှယ် မီဒီယာ ပို့စ် တွင် အာရက္ခ တပ်တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ် နိုင်အား ၎င်းရှိနိုင်မည့် နေရာ မှန်သမျှ ဗုံးကြဲ သုတ်သင်ပစ်မည်ဟု ကြိမ်းဝါးလာခဲ့သည်။

 

ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ၄၇ နှစ်မြောက် မွေးနေ့ အတွက် ရခိုင်ပြည်နယ် နှင့် ပြည်ပ ရှိ ဗုဒ္ဓဘာသာ နှင့် မူဆလင် မိသားစု အသိုက်အဝန်း များမှ ချီးကြူး ဂုဏ်ပြုခဲ့ကြပြီး တော်လှန်ရေး ကြီး ဆက်လက် အောင်မြင်စေကြောင်း ဆုမွန် တောင်းခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ယခုလို ခြိမ်းခြောက် ကြိမ်းဝါးလိုက်ခြင်းလည်း ဖြစ်သည်ဟု ဧရာဝတီက ဆိုသည်။

 

လက်ရှိ ကြံ့ဖွတ် တွင် သြဇာ လွှမ်း နေသူများက ဝါရင့် စစ်ဖက် အရာရှိကြီးများ ဖြစ်ခဲ့ကြသော ခင်ရီ၊ မောင်မြင့်၊ ဘူးလက်လှ‌ ဆွေ နှင့် ရန်ကုန်တိုင်းမှ ခင်မောင်စိုး တို့ ဖြစ်သည်။ ၎င်းတို့ အဖို့က ၂၀၁၅ တွင် အာဏာ လက်လွှတ်ခဲ့ရပြီး နောက် တောက်လျောက် အကြမ်းဖက် မှု များ ကို နောက်ကွယ်မှ စီစဉ် ခဲ့ကြသူများ ဖြစ်သည်။

 

ထိုကဲ့သို့ သဘောထား တင်းမာပြီး အကြမ်းဖက်လိုသူ များက ရွေးကောက်ပွဲ အပြီး တိုင်းပြည်ကို အုပ်ချုပ်သွားရန် တာစူနေကြသည့် အဖြစ်က ရင်လေးစရာ ဖြစ်နေကြရသည်။

 

တခါက အမေရိကန်၏ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ကြီး နှင့် တန်းတူဟု ကြွေးကြော်ခဲ့သော မေမြို့ စစ်တက္ကသိုလ် ကျောင်းဆင်း ဗိုလ်ချုပ်များသည် မည်သည့် စစ်ကျောင်းတိုက်ကြီးမှ တက်ရောက်ခဲ့ဖူးခြင်း မရှိသည့်အပြင် ကမ္ဘာလှည့် ခရီးသွား ဧည့်လမ်းညွှန် အဖြစ်သာ လုပ်ကိုင်ခဲ့ဖူးသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဦးဆောင်မှု အောက် ရခိုင် စစ်မျက်နှာ တွင် ခွက်ခွက်လန်အောင် ရှူံးနိမ့်ခဲ့ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် မြို့ပေါင်း ၁၇ မြို့ ရှိသည့် အနက် ၁၄ မြို့ကို လက်လွှတ်ခဲ့ကြရသည်။

 

မြန်မာ အရေး လေ့လာစောင့်ကြည့်နေသူများ က တော်လှန်ရေး တပ်များ၏ စုစုပေါင်း အင်အားကို ၈၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြသည်။ စစ်တပ် အဖို့က ထိုမျှ အင်အား ကို နိုင်ငံ အနှံ့ ထိုးစစ် ဆင် တိုက်ဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်ပေ။

 

ကမ္ဘာတဝှမ်း ရှိ စစ်ရေး ကျွမ်းကျင်သူများ ဘုရားဟော ကျမ်းဂန် အလား လက်ခံထားကြသည် ပုံသေနည်းက ပြည်တွင်း ပုန်ကန်မှု ကို နှိမ်နှင်းရန် အတွက် စစ်အင်အားသည် ဆယ်ချိုး တချိုး အသာစီးရှိ‌ နေရမည် ဟူ၍ ဖြစ်သည်။ အချို့က ၁၅:၁ ဟူ၍ ပင် ပြောနေကြသည်။ အရည်အတွက် များ တိုင်းလည်း အောင်မြင်မည်ဟု သေချာပေါက် အာမ မခံနိုင်သော်လည်း အင်အား သည် အရေးပါသည့် နေရာတွင် ရှိနေသည်။

 

ထို့အတွက်လည်း စစ်အုပ်စုသည် ၎င်းတို့၏ သားသမီးများကလွဲ၍ ပြည်သူတို့၏ ရင်နှစ်သည်းချာ ကလေးများကို အိမ်ပေါ်မှ အတင်းဆွဲချကာ စစ်မြေပြင်သို့ တွန်းပို့နေခြင်း ဖြစ်သည်။

 

ဤသည်ကလည်း ၎င်းတို့၏ လုပ်ရပ်အပေါ် လူထု က ဆူပူ ထကြွ မလာရဲ ဟု အပိုင်တွက်ကာ အရဲကိုး လိုက်ခြင်း ဖြစ်သော်လည်း အောင်မြင်သွားခဲ့သည်။ လက်ရှိ လူငယ် စစ်မှုထမ်း အင်အားသည်ပင် ၈၀,၀၀၀ ခန့် ဖြစ်လာနေပြီဟု ဆိုသည်။ သို့သော် ပုံသေ နည်း အရ ဆိုက အနည်းဆုံး နောက်ထပ် ရှစ်သိန်း ခန့် ရှိမှ ဖြစ်ပေမည်။ ထို့အတွက်လည်း ရှေ့လျောက် ပို၍ စုဆောင်းလာဖို့ ရှိနေသည်။

 

ကြံ့ဖွတ် ရှိ စစ်အနိုင်တိုက်ရေးသာ တခုတည်းသော ထွက်ပေါက် ဟု ခံယူထားကြသူများက ၎င်းတို့အာဏာရလျင် စစ်ပြန်များ၊ ပြည်သူ့စစ်ဆိုသူများ၊ မိသားစုဝင်များ နှင့် အရပ်ရပ် ရှိ ထောက်ခံသူများကို စုစည်းလာနိုင်သည်။

 

၎င်းတို့ကိုယ် ၎င်းတို့ မလုံခြုံသလို ခံစားနေရသည့် စိတ်သက် သက် တခုတည်း ဖြင့် တိုင်းပြည်ကို မီးဟုန်းဟုန်း တောင်လာအောင် မီးမွှေး နေကြသည့် စစ်အာဏာရူးများကြောင့် သမိုင်းဘီးမှာ နောက်ပြန်လှည့်ကာ အမှောင့်တကာ အမှောင်တိုက်ကြီးထဲသို့ ဆွဲခေါ်နေသည့် အဖြစ်ကို တခုခု ဖြစ်လာနိုး နှင့် မိန်းမောနေ၍ မည်သို့မျှ မဖြစ်တော့၊ ရှေ့လျောက် ပိုဆိုးလာဖို့သာ ရှိနေ၍ ဒီဇင်ဘာ ၁၀ ရက် တိုက်ပွဲ ခေါ်သံကို အင်တိုက်အား တိုက် ပါဝင်ကြဖို့သာ ရှိပေတော့သည်။ ပေယျာလကံ ပြုမည် ဆိုက လူထုသည် ရွေးကောက်ပွဲ ကို ‌ထောက်ခံသည့် သဘောလားဟု နိုင်ငံတကာမှ ထင်ယောင်ထင်မှား ဖြစ်လာနိုင်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့လည်း ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၁၀ နာရီ မှ နေ့လည် ၃ နာရီ အထိ အပြင်မထွက် အသံတိတ် သပိတ် တွင် ပါဝင် ဆင်နွှဲကြပါရန် ထပ်မံ နှိုးဆော်ထားသည်။

 

ထိုအရေးကို လူထု ‌ဇဝေဇဝါ ဖြစ်ရန် စစ်အုပ်စု မှ ဂျကာတာ တွင် ပြုလုပ်သော "နိုင်ငံတည်ဆောက်ရေး အတွက် အင်ဒိုနီရှား အတွေ့အကြုံများ ဝေမျှခြင်း" ဆိုသည့် အလုပ်ရုံ ဆွေးနွေးပွဲ သို့ တက်ရောက်လာသည့် တော်လှန်ရေး အဖွဲ့ များ နှင့် ဆွေးနွေးခဲ့ကြသည်ဟု စစ်အုပ်စု ဖက်မှ ထွက်လာသော ကောလဟသ များကို တော်လှန်ရေး အုပ်စု များ က မဟုတ်မမှန် ဟု တရားဝင် ငြင်းဆိုခဲ့ကြသည်ဟု ဧရာဝတီ သတင်းစာမျက်နှာ တွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!