ဗင်နီဇွဲလားနိုင်ငံတွင် လပေါင်းများစွာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်) အစောပိုင်းမှာ အမေရိကန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် အတူ ရဟတ်ယာဉ်များဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားအာဏာရှင် နီကိုလပ်စ် မာဒူရို ရာထူးမှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ဖြင့် ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ် ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ ထို စစ်ဆင်ရေးအတွင်း မာဒူရိုနဲ့ ဇနီး တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သမ္မတထရမ့်က အတည်ပြု ပြောကြားလာခဲ့သည်။
မြို့တော်တခွင် ပေါက်ကွဲသံများ နှင့်အတူ မီးခိုးမည်းများ မြင်တွေ့နေရပြီး၊ ဗင်နီဇွဲလားအစိုးရဘက်ကတော့ "စစ်ရေးအရ ကျူးကျော်မှု" ဖြစ်တယ်လို့ တုံ့ပြန်ထားသည်။
မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု များကြောင့် အမေရိကန်က ငါးလ ကြာ စစ်ရေးအရ ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို အင်အားသုံး ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၁ ရက်နေ့ကပင် မာဒူရိုသည် သမ္မတထရမ့်ထံ နောက်ထပ်တစ်ကြိမ် အလျှော့ပေးကမ်းလှမ်းမှုများ ပြုလုပ်လာခဲ့ပြီး မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများလုပ်ဖို့ အဆိုပြုခဲ့သော်လည်း မည်သို့မျှ အရာမထင်ခဲ့ပေ။
ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်များအရ စစ်အခြေစိုက်စခန်းများနှင့် ဆိပ်ကမ်းများ တိုက်ခိုက်ခံနေရသည့် လက္ခဏာများကို မြင်တွေ့ရသည်။ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်နှင့် စစ်ဘက်ခေါင်းဆောင်များ နေထိုင်ရာအဆောက်အအုံများရှိသော Tiuna စစ်အခြေစိုက်စခန်း၊ မြို့တော်မြောက်ဘက်ရှိ အဓိကဆိပ်ကမ်းကြီးဖြစ်သော La Guaira နှင့် လေယာဉ်ပြေးလမ်းများ၊ လေယာဉ်ရုံများမှ မီးခိုးများ အူထွက်နေသည့် La Carlota လေဆိပ်တို့အပါအဝင် မြို့တော်အတွင်းနှင့် ပတ်ဝန်းကျင်နေရာအနှံ့အပြားတွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့သည်။
ထို့အပြင် မြို့တော် ကာရာကတ်စ်၏ အရှေ့ဘက် ၉၀ ကီလိုမီတာအကွာရှိ Miranda ပြည်နယ်မှ Higuerote ဆိပ်ကမ်းနှင့် လေဆိပ်တို့လည်း တိုက်ခိုက်ခံခဲ့ရပြီး လက်နက်ခဲယမ်းများ ဆက်တိုက်ပေါက်ကွဲမှုကြောင့် ညအမှောင်ထုထဲတွင် ကောင်းကင်ယံတစ်ခုလုံး လင်းထိန်သွားခဲ့သည်။ မြို့တော်၏ အရှေ့တောင်ဘက် တောင်ပေါ်တွင်ရှိသော အင်တင်နာတိုင်များစွာ စိုက်ထူထားသည့် El Volcán ဆက်သွယ်ရေးစခန်းလည်း အလားတူ တိုက်ခိုက်ခံခဲ့ရသည်။ အမေရိကန် ဆီဖြည့်လေယာဉ်များသည် တိုက်လေယာဉ်များကို ဆီဖြည့်ပေးရန်အတွက် ပွာတိုရီကို မှ ပျံတက်လာခဲ့ကြသည်။
သို့သော်လည်း နာရီဝက်မပြည့်မီမှာတင် ပြီးဆုံးသွားခဲ့ပြီး အရေးပါသည့် စစ်ဘက်ဆိုင်ရာနေရာ အများအပြားကို ထိခိုက်မှုမရှိအောင် ချန်လှပ်ထားခဲ့သည့် အဆိုပါ တိုက်ခိုက်မှု များသည် မာဒူရိုကို ဝင်ရောက် ဖမ်းဆီးနိုင်ရန် အတွက် အာရုံလွှဲပေးခြင်း မျိုးလည်း ဖြစ်နိုင်ပေသည်။
ဆိုရှယ်မီဒီယာပေါ်ရှိ ဗီဒီယိုဖိုင်များတွင် အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့သုံး ရဟတ်ယာဉ်အမြောက်အမြားသည် မြေပြင်ပစ်မှတ်များကို အနီးကပ် သေနတ်များ၊ ဒုံးကျည်များနှင့် ပစ်ခတ်နေသည်ကို မြင်တွေ့ရသည့်အတွက်၊ ဗင်နီဇွဲလား၏ လေကြောင်းရန်ကာကွယ်ရေး ကွန်ရက်ကို အမေရိကန်က အားပျော့သွားအောင် လုပ်ထားနိုင်ပြီ ဆိုသည်ကို ညွှန်ပြနေသည်။ "Night Stalkers" ဟု လူသိများသည့် အထူးတပ်ဖွဲ့ဝင်များသုံးသော ရဟတ်ယာဉ်များကို အရေးကြီး ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အများအားဖြင့် အသုံးပြုလေ့ရှိသည်။
လက်ရှိ အခြေအနေအရ မာဒူရိုအား ချက်ခြင်းလို ရှာတွေ့ခဲ့မှု ကြောင့် လူယုံတယောက် ယောက်က ၎င်းအား အမေရိကန်လက်ထဲ သစ္စာဖောက် ရောင်းစားလိုက်သည်လား ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
၂၀၂၄ ခုနှစ် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲကို ဗြောင်ကျကျ မသမာမှုလုပ်ပြီး အနိုင်ယူခဲ့သည့် မာဒူရိုသည် ယခုအခါ အမေရိကန်မြေပေါ်တွင် တရားရင်ဆိုင်ရတော့မည် ဖြစ်သည်။ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒဲလ်စီ ရိုဒရီဂွက်ဇ် ထိုသို့ ဖမ်းဆီးသွားမှု ကို အတည်ပြုခဲ့ပြီး မာဒူရို အသက်ရှင်လျက် ရှိမရှိ အထောက်အထားပြဖို့ ရုပ်သံကနေတစ်ဆင့် တောင်းဆိုလာခဲ့သည်၊ လက်ရှိတွင် သူမသည် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်နေပုံရှိသည်။ သို့သော် လောလောဆယ်အခြေအနေများ ရှုပ်ထွေးနေ၍ နောက်ဆက်တွဲ မည်သို့ ဖြစ်လာမည် ဆိုသည်က ဝေဝါးနေဆဲ ဖြစ်သည်။
အစိုးရ တရပ်ကို ဖယ်ရှားခဲ့မှု သည် သန်းကောင်ယံတွင် စတင်ခဲ့ပြီး ရောင်နီပေါ်ချိန်တွင် ပြီးဆုံးသွားခဲ့သည့် ထူးခြား ထင်ရှားသော ဖြစ်ရပ်ကြီးလည်း ဖြစ်ပေသည်။
ယင်းနှင့် အတူ ၂၀၂၆ ခုနှစ်၏ အစောပိုင်းတွင် ကမ္ဘာ့နိုင်ငံရေးအတွက် အကြီးမားဆုံး အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။