တော်လှန်ရေး တပ်ပေါင်းစုသည် အကြမ်းဖက် စစ်အုပ်စု၏ လက်နက်ကြီးများ၊ လေကြောင်းမှ ဒလစပ် ဗုံးကြဲ တိုက်ခိုက်နေသည့် ကြားမှ ကသာ မြိုတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။
ကသာ သည် စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် နယ်စပ်တွင်ရှိနေပြီး စစ်အုပ်စု ရွေးကောက်ပွဲ ပထမအဆင့် တွင် ပါဝင်နေသည်။ စစ်အုပ်စု လက်ဝေခံ များက မဲများ ရေတွက် နေသည့် အချိန်မှာပင် တော်လှန်ရေး တပ်ဖွဲ့များက မြို့ အရှေ့ဖက် ဝင်ပေါက်ရှိ စခန်းများ နှင့် ခမရ ၃၀၉ တပ်ရင်း ဌာနချုပ် ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းနှင့် အတူ တော်လှန်ရေး တပ်ဖွဲ့များက တမြို့လုံး နီးပါး ကို အုပ်စီး နိုင်ခဲ့သည်။ ခမရ ၃၀၉ အားလည်း ထွက်ပေါက်မရှိအောင် ဝိုင်းပတ် ပိတ်ဆို့ထားသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။ ၅ ရပ်ကွက် နှင့် ၈ ရပ်ကွက် များတွင် လည်း တိုက်ပွဲများ ဖြစ်ပွား နေသည်။
စစ်အုပ်စုက ၇ ရပ်ကွက် ကို ဗုံးကြဲတိုက်ခိုက်လာသဖြင့် အိမ်အချို့ နှင့် ဘုန်းကြီးကျောင်း တကျောင်း မီးလောင် ပျက်စီးသွားခဲ့သည်။ ကသာ မြို့အား လက်မလွှတ်ရအောင် စစ်အုပ်စု မှ ဗုံး အလုံးပေါင်း ၅၀ ခန့် ကြဲချပြီးအပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေ၍ မြို့နေ လူထု ထွက်ပြေး တိမ်းရှောင်သွားခဲ့ရသည်။ သို့သော် စစ်အုပ်စု နှင့် တော်လှန်ရေး တပ်များ၏ စစ်ဆေးရေး ဂိတ်များ ရှိနေ၍ ယာဉ်တန်းကြီး ဖြစ်နေသည်ဟု သိရသည်။
တော်လှန်ရေး တပ်ပေါင်းစု တွင် KIA, PDF, ABSDF, PLA နှင့် အသစ် ဖွဲ့စည်းထားသော နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု တို့ ပါဝင်လာခဲ့သည်။
စစ်ရေး လေ့လာသူများက ကသာကို သိမ်းယူ နိုင်ခဲ့ပါက ကချင်ပြည်နယ်သို့ လမ်းပွင့်သွားပြီ ဖြစ်၍ မဟာဗျူဟာ အရ အသာစီး ရသွားနိုင်သည်ဟု သုံးသပ်နေကြပြီး ဧရာဝတီ မြစ် အနောက်ဖက် ကမ်းပါး ရှိ ထီးချိုင့် နှင့် အတူ ကသာ ကို ထိန်းထားနိုင်မည် ဆိုက စစ်ရေး အရ တော်လှန်ရေး တပ်ပေါင်းစုဖက်မှ သိသိသာသာ အရေးသာလာမည် ဖြစ်သည်ဟု ဆိုသည်။ ကသာမြို့သည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေးအတွက် အလွန်အရေးပါသော မြို့ ဖြစ်သည်။ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် တို့၏ ဆုံချက်တွင် ရှိနေခြင်းကြောင့် နှစ်ဖက်စလုံးအတွက် ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
မြို့သိမ်းတိုက်ပွဲအရှိန်: ၂၀၂၄ မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကသာမြို့အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာခဲ့သည်။
PDF နှင့် တော်လှန်ရေး မဟာမိတ်များသည် နှစ်သစ်ကူး တွင် မြို့ကို အပြီးအပိုင် သိမ်းပိုက် နိုင်ရန် ထိုးစစ်များ စတင်လာခြင်းလည်း ဖြစ်သည်။
ပဲခူးတိုင်းအတွင်း ပဲခူး၊ နတ်တလင်းနှင့် ကြို့ပင်ကောက်စသည့် မြို့နယ်သုံးခုတွင် ဒီဇင်ဘာလနှောင်းပိုင်းမှ စတင်၍ စစ်တပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေသည်။
စစ်အုပ်စု တပ်များ အတွက် လက်နက်များ ထုတ်လုပ် ပေးနေသည့် မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂)သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေး ဓာတ်တိုင်များကို နှစ်သစ်ကူးကာလအတွင်း ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိသည်။ ကပစ ၂၁၊ ကပစ ၂၂ နှင့် ပေါက်မြို့နယ်အတွင်းရှိ ကပစ ၂၄ တို့ကို သွယ်တန်းထားသည့် ဓာတ်တိုင်ပေါင်း ၁၀၀ ကျော်ကိုလည်း တပြိုင်နက်တည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ် ဒေါက်တိုင်ရုံးများကို PDF တပ်က မီးရှို့ရှင်းလင်းခဲ့ပြီး ဆိပ်ဖြူမြို့နယ် တိုက်ပွဲတွင်လည်း စစ်သား ၁၉ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံ ခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်း ထုတ်ပြန်သည်။
တစ်နိုင်ငံလုံးတွင် တော်လှန်ရေးတပ်များက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အ၀ သိမ်းပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ် ထိန်းချုပ်ထားသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီအရင်ခံစာမှာ ဖော်ပြထားသည်။
ဝါရှင်တန် ပို့စ် သတင်းစာ ခေါင်းကြီးပိုင်းမှလည်း စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားနိုင်သော နယ်မြေ ဟူ၍ နိုင်ငံ ၏ သုံးပုံတပုံ နီးပါးသာ ရှိတော့သည်ဟု ရေးသားထားပြီး ၎င်းတို့၏ ရွေးကောက်ပွဲသည်လည်း တရားမျှတ မှု မရှိယုံမက တကယ်တမ်း ဆိုရက an election of generals ဗိုလ်ချုပ်ကြီးများ ကို ရွေးကောက်ပေးရသည့် ပွဲ တခုသာ ဖြစ်သည်ဟု ဆိုသည်။
ရလဒ်ကို ခန့်မှန်း၍ ရနေပြီ ဖြစ်၍ နောက်ထပ် ကျန်ရှိနေသော ရွေးကောက်ပွဲများကိုပင် လုပ်စရာ မလိုတော့၊ စစ်တပ် အတွက် ရွေးကောက်ပွဲ ဆောင်ပုဒ် အသစ် အဖြစ် #"မနိုင်နိုင်ကထောင်ချပစ်" ဟု ပင် ကြွေးကြော်၍ ရနေပေသည် ဟုလည်း ပါရှိသည်။
ထရမ့်အစိုးရက တတိယ အကြိမ် ရွေးကောက်ပွဲ အပြီး နောက်တရက် ဇန်နဝါရီ ၂၆ အား မြန်မာနိုင်ငံသားများအတွက် ပေးအပ်ထားသည့် ယာယီအကာအကွယ်ပေးမှုအဆင့် (Temporary Protected Status - TPS) ကို ရုပ်သိမ်းတော့မည့် နောက်ဆုံးနေ့ အဖြစ် သတ်မှတ်ထားသည်။
မြန်မာ၏ ပြည်တွင်းစစ်သည် ငါးနှစ်တာ ကြာမြင့်လာခဲ့ပြီဖြစ်ပြီး သွေးထွက်သံယိုမှုများကို ရပ်တန့်ရန်နှင့် အကျပ်အတည်းမှ လွတ်မြောက်မည့်လမ်းကို ရှာဖွေလိုခြင်းသည် သဘာဝ ကျ သော်လည်း၊ မတရားအာဏာသိမ်းမှုကို အသိအမှတ်ပြုပေးခြင်းနှင့် အတုအယောင် ရွေးကောက်ပွဲတစ်ခုကို လက်ခံပေးခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်ဟု ထရမ့်အစိုးရ ကို သတိပေးလာခဲ့သည်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံ၏ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် အမေရိကန်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံကို ကူညီရန်အတွက်လည်း ပါတီကြီး နှစ်ရပ်လုံးက ကာလရှည်ကြာ ထောက်ခံအားပေးခဲ့ကြသည်။ ယခုအချိန်တွင် လက်လျှော့လိုက်ခြင်းသည် ထိုကြိုးပမ်းမှုများအပေါ် သစ္စာဖောက်ရာရောက်သလို၊ မြန်မာပြည်သူများနှင့် အမေရိကန်၏ မူဝါဒများကို ကျောခိုင်းလိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီကို မျှော်လင့်တောင့်တနေသည့် အခြားသော နိုင်ငံ များအတွက်လည်း သင်ခန်းစာဖြစ်သွားစေပြီး ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏ သြဇာအာဏာကို ယိုယွင်းပျက်စီးစေလိမ့်မည် ဖြစ်သည်ဟု ရေးသားထားသည်။
၎င်းတို့သည် အာဏာကို ဆုပ်ကိုင်ထားလိုစိတ်သာ ရှိပြီး လူက မလိုက်နိုင်တော့၊ လမ်း ကြောင်း ပြောင်းဖို့လည်း စိတ်ကူး မရှိကြ၍ နောက်ထပ် လူထုအုံကြွမှု ကြီး ပြန်လည်ဖြစ်ပေါ်လာရန်မှာ အချိန်တစ်ခုသာ လို ပေတော့သည်။ မည်သည့်အရာက ထိုသို့ ပေါက်ကွဲလာ အောင် လှုံ့ ဆော် လာမည် နည်း ဆိုသည်သာ စောင့်ကြည့်ကြရတော့မည် ဖြစ်သည်။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!