စစ်အုပ်စု သည် မိမိတို့၏ လက်ဝေခံ ဘဝ ဖြစ်နေပြီ ဆိုသည် နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တခု အဖြစ် ယူဆ ထားပြီး ဆိုသည်ကို တရုတ်က ဖုံးကွယ် ဖို့ပင် မကြိုးစားပဲ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လည်း မစောင့်ထိန်းနိုင်တော့ဘဲ ပြည်တွင်း ပြည်ပ ကို အသိပေးလိုက်ပြီ ဖြစ်သည်။
ယင်းသည် မင်းအောင်လှိုင် အတွက် တရုတ်၏ ရုပ်သေး သမ္မတ ဆိုသည့် ဂုဏ်ပုဒ် ကို ရရှိသွားသည့် အပြင် တရုတ်-မြန်မာ ဆက်ဆံရေး တွင်လည်း ကြီးမားသော အမည်းစက်ကြီး ထင်ကျန်သွားခဲ့ရသည်။
ပြီးဆုံးသွားသော ရွေးကောက်ပွဲ သည် တရုတ် သမ္မတ ရှီ ကျင့်ပင် နှင့် မင်းအောင်လှိုင်တို့ အကြား သဘောတူညီချက် ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်က ဗြောင်ကျကျ ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။
ထိုသို့ ထုတ်ဖေါ်ပြောဆိုလာသူက တရုတ် အထူး သံတမန် တိန်ရှီချွန်းပင် ဖြစ်သည်။
မင်းအောင်လှိုင် သည် အလိုအလျောက် တရုတ်၏ ရုပ်သေး ဘဝ ရောက်သွားရသည့် အဖြစ်ကို အရေးမထား နိုင်တော့။ "တရုတ်က ငါတို့ဘက်မှာ ရှိနေပြီ" ဆိုသည့် အချက်ကို ပြည်တွင်းရှိ ထောက်ခံသူများနှင့် လက်အောက်ခံ တပ်ဖွဲ့များကြား ဝါဒဖြန့်ကာ စိတ်ဓာတ်မြှင့်တင် နိုင်သည်ဟု သဘောထား လာသည်။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရကို တရုတ်က ချက်ချင်း အသိအမှတ်ပြုခံရဖို့လည်း ကြိမ်းသေ သွားပြီ ဟု ယူဆထားသဖြင့်၊ ထိုမှတစ်ဆင့် အခြား အိမ်နီးချင်းနိုင်ငံများနှင့် ရုရှားတို့၏ အသိအမှတ်ပြုမှုကို ရရှိရန် လမ်းပွင့်သွားပြီ ဆိုသည့် အချက်သာ ၎င်းတို့ အဖို့ အရေးကြီးနေသည်။
ထို့အတွက်လည်း ကျေးဇူးပြုခဲ့ပြီ ဆိုကာ စီးပွားရေး အထူး အခွင့် အ ရေး များ အဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရထားလမ်း စီမံကိန်းများ၊ မြစ်ဆုံနှင့် သယံဇာတ တူးဖော်မှုများကို တရုတ်က လိုလားသည့် ပုံစံအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် သဘောတူညီချက်များ ပို၍ ပေးလာ တော့မည် ဖြစ်သည်။
တရုတ်သည် မြန်မာ့အရေးတွင် "ကြားနေမူ" သို့မဟုတ် "ပြည်တွင်းရေးမစွက်ဖက်ရေးမူ" ကို ခိုင်မာစွာ ကိုင်စွဲထားသယောင် ပြသခဲ့သော်လည်း၊ ယခုအခါ ရွေးကောက်ပွဲကို ဗြောင်ကျကျ ထောက်ခံလာခြင်း မှာ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ဖို့ကိုသာ အလေးပေးတော့မည်ဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
ဤသည်မှာ စစ်အုပ်စု အတွက် ရေတို တွင် အားသာချက်ဖြစ်စေသော်လည်း မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၍ ပဋိပက္ခသည် ပိုမိုရှုပ်ထွေးလာတော့မည် လည်း ဖြစ်သည်။
လူထု၏ ပြင်းထန်သော ဆန့်ကျင်မှု နှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် များ မြင့်တက်လာ တော့မည် ဖြစ်ပြီး ၎င်းတို့အတွက် အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် ပို၍ပင် ခက်ခဲ လာဖို့ ရှိနေသည်။ ထိုသို့သော စကား မျိုးကို ရွေးကောက်ပွဲ ပြီးမှ ထုတ်ပြောလာခြင်းသည်လည်း ပြည်သူ များ အပေါ် မရိုးသားမှု ပင် ဖြစ်သည်။
ရွေးကောက်ပွဲ ကို ဆန့်ကျင်ခဲ့ကြသော ပြည်သူများကတော့ မိမိတို့၏ ဒီမိုကရေစီဆန္ဒကို လျစ်လျူရှုပြီး အာဏာသိမ်းမှုကို သက်တမ်းရှည်စေမည့် ရွေးကောက်ပွဲကို ထောက်ခံသည်ကို အတိအလင်း သိလာရသည့် အတွက် တရုတ်အပေါ် အယုံအကြည် ပိုမို ကင်းမဲ့လာတော့မည် ဖြစ်သည်။ တရုတ်တို့သည် မိမိတို့၏ ရန်သူ ဖက်က တရားဝင် ရပ်တည် လိုက်ပြီ ဖြစ်၍ ၎င်းတို့၏ ပြည်တွင်း ရင်းနှီး မြုပ်နှံမှု များကိုလည်း အဘယ် အတွက် လက်ပိုက် ကြည့်နေဖို လိုပေမည်နည်း ဟု ယူဆလာကြတော့မည် ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း တရုတ်၏ "စစ်ပွဲရပ်တန့်ရေး" ဖိအားကို ခံနေရသော်လည်း၊ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ပြီး ရွေးကောက်ပွဲကို လက်ခံလိုက်ပါက ၎င်းတို့၏ တရားဝင်မှု ကျဆင်းသွားနိုင်သဖြင့် တရုတ်နှင့် အပေးအယူလုပ်ရာတွင် ပိုမို ခက်ခဲသော အခြေအနေသို့ ရောက်လာသည်။
ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် သဘောတူညီချက်ဆိုသည့် အချက်သည် မြန်မာ့ကံကြမ္မာကို မြန်မာပြည်သူများက မဟုတ် တော့ဘဲ တရုတ်နိုင်ငံက နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟူသော အချက်သည် ထင်ရှားလာပြီး သမ္မတ လုပ်မည့် မင်းအောင်လှိုင်သည် တရုတ် ၏ ရုပ်သေး သမ္မတ သာ ဖြစ်သွားခဲ့ရပြီ ဆိုသည် နှင့် ဒို့တာဝန် အရေး သုံးပါး ကို ဆီမန်း မန်းသလို မန်းနေတတ်သော ခေါင်းဆောင်များသည် တကယ်တမ်း တွင် ၎င်းတို့ အသက်ဆက် နိုင်ငံရေး အတွက် တရုတ်၏ လက်အောက်ခံ အဖြစ် ပျော်ပျော်ကြီး ရပ်တည်နေကြပါလား ဆိုကာ စစ်တပ်အတွင်းရှိ အောက်ခြေအရာရှိများသည် မျိုးချစ်စိတ်ရှိသူများ ဆိုက မကျေမနပ် ဖြစ်လာကြပေမည်။
တရုတ်သည် မြန်မာအား ၎င်းတို့ ပိုင် ပြည်နယ် တခုအလား သဘောထားလာပြီး ဗြောင်ကျကျ ခြေလှမ်းပြင်လာမှုအပေါ် အမေရိကန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်လာနိုင်မှုသည် မြန်မာ့အရေးအတွက် အလွန်အရေးကြီးသော အလှည့်အပြောင်း ဖြစ်လာနိုင်ပေသည်။ ဤသည်က အမေရိကန် တွင် ပုံမှန် အစိုးရမျိုး ဆိုက တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ၎င်း၏ BURMA Act ကို အရှိန်အဟုန်မြှင့် အသုံးပြုလာတော့မည်ဟု မျှော်လင့်၍ ရနိုင်ပေသည်။
အနောက်နိုင်ငံများ (EU၊ ဗြိတိန်၊ ကနေဒါ) က ယင်းရွေးကောက်ပွဲသည် "တရားမဝင်ကြောင်း" နှင့် "အတုအယောင်" ဖြစ်ကြောင်း ပိုမိုကျယ်လောင်စွာ ပြောဆိုလာတော့မည် ဖြစ်ပြီး နိုင်ငံတကာတွင် နှစ်ခြမ်းကွဲလာပေတော့မည်။
အာဆီယံတွင်လည်း အလားတူ နှစ်ခြမ်း ကွဲသွား နိုင်ပြီး ဘုံ ရပ်တည်ချက် ငါးရပ် အားပျော့လာနိုင်သည်။
ဤသည်ကို ရိပ်စားမိသော မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ မြန်မာတွင် ပထမအဆင့် ရွေးကောက်ပွဲများအပြီး ဖြစ်ပေါ်လာသည့် အခြေအနေများကို အာဆီယံအနေဖြင့် ဆန်းစစ်သုံးသပ်သွားမည်ဖြစ်ပြီး၊ မည်သည့်အဖွဲ့အစည်းကိုမဆို စောစီးစွာ တရားဝင်မှု သဘော ဖြစ်စေမည့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်သွားရမည်ဖြစ်ကြောင်း" စောစီးစွာ သတိပေးလာခဲ့သည်။
တရုတ်သည် မြန်မာ တည်ငြိမ်ရေး ဆိုသည်ထက် ၎င်းတို့ ရေရှည် အကျိုးစီးပွား အတွက် ထင်သလို ခြယ်လှယ်လာရန် ဗြောင်ကျကျ လုပ်လာပြီ ဖြစ်၍ မြန်မာ့အရေးသည် "စစ်အေးတိုက်ပွဲသစ် ၏ ကြားခံနယ်မြေ တစ်ခုကဲ့သို့ ဖြစ်လာနိုင်သော အန္တရာယ်ရှိ နေသော ကြောင့်လည်း ဖြစ်သည်။ အန်နဝါ ပြောဆိုလိုက်မှု သည် တရုတ်နှင့် စစ်ကောင်စီ၏ အစီအစဉ်များအပေါ် အရှိန်သတ်လိုက်သည့် ဘရိတ် တစ်ခုကဲ့ ဖြစ်သွား၍ စစ်အုပ်စု အတွက် သံတမန်ရေးအရ တရားဝင်မှု အော်တို ရရှိရန် ခက်ခဲနေဦးမည်ဖြစ်ပြီး တော်လှန်ရေး အင်အားစုများ အတွက်မူ နိုင်ငံတကာစာမျက်နှာတွင် ဆက်လက် ရပ်တည်နိုင်မည့် အားဆေးတစ်ခု ဖြစ်လာသည်။
အမေရိကန်သည် တော်လှန်ရေးအင်အားစုများကို လက်နက်မဟုတ်သော အကူအညီများ ထက် ကျော်လွန်သည့် ပံ့ပိုးမှုမျိုး ပေးလာမလားဆိုသည်မှာ စောင့်ကြည့်ရတော့မည် ဖြစ်ပြီး ပြည်သူတို့၏ တော်လှန်ရေးသည်လည်း ယခင်ကထက် ပိုမိုရှုပ်ထွေးသော နိုင်ငံတကာ နိုင်ငံရေး ကစားကွက် ထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။
နိုင်ငံတကာ အားပြိုင်မှုကို အခွင့်ကောင်းယူပြီး မိမိတို့ဘက်သို့ အသာစီးရအောင် ကစားနိုင်ခြင်းသည်သာ အောင်ပွဲအတွက် သော့ချက်ဖြစ်လာပေမည်။
တရုတ်ကို ဗြောင်ကျကျ ဆန့်ကျင်လိုက်ခြင်းသည် စစ်ကောင်စီကို တရုတ်လက်ထဲသို့ ပိုမို တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်ကိုတော့ သတိပြုရမည် ဖြစ်သည်။ ပြည်သူလူထုသည် ဒေါသ ထွက်လာနေသော်လည်း၊ တရုတ်စီမံကိန်းများကို တိုက်ခိုက်ခြင်းထက် စစ်ကောင်စီ၏ ထောက်တိုင်များကိုသာ ပစ်မှတ်ထားခြင်းက နိုင်ငံတကာ သံတမန်ရေးတွင် ပို၍ အားသာမှု ဖြစ်လာပေလိမ့်မည်။
အကောင်းဆုံး နည်းလမ်းသည်က တိုင်းရင်းသားအဖွဲ့များနှင့် NUG အကြား ဘုံဦးတည်ချက်နှင့် အာဏာခွဲဝေမှုအပိုင်းတွင် သံသယကင်းရှင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ်၏ "ခွဲခြားဆက်ဆံခြင်း" မူဝါဒကို တန်ပြန်နိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တန်ပြန်ရန်အတွက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများတွင် ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုများကို ပို၍ ပြသဖို့လည်း အရေးတကြီး လိုအပ်လာသည်။
ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!