စထရိတ်စ်တိုင်းမ် က ပြောသော စစ်အုပ်စု ရွေးကောက်ပွဲ

by Hla Soewai - Jan 05 2026

မြန်မာ အကြောင်း မဆိုသလောက်သာ စိတ်ဝင်စားသည် ဆိုစေဦး လက်ရှိ လုပ်နေသော ရွေးကောက်ပွဲ အား တချက်လောက် စောင်းငဲ့ ကြည့်လိုက်ယုံ နှင့်ပင် လုပ်ပွဲကြီး ဆိုသည်က သိသာ ထင်ရှားနေပေသည်။

 

မဲလာထည့်သူ အရည်အတွက် သည်လည်း ၂၀၂၀ ရွေးကောက်ပွဲ ထက်ပင် သိသိသာသာ နည်းပါးနေသည်။ ထိုရွေးကောက်ပွဲ တွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၎င်းတို့ ထုတ်ပြန်ထားသော အမိန့်အောက်တွင် မှတ်ပုံတင်ရန် ငြင်းပယ်ခဲ့၍ ဖယ်ထုတ်ခံခဲ့ရသည်။

 

ထို့အတွက် ထွက်ပေါ်လာသော ရလဒ်သည်ကား လူတိုင်း အလွယ်တကူ ခန့်မှန်း၍ ရသည့် USDP ပင် အနိုင်ရသွားခဲ့သည်။ ဖေဖေါ်ဝါရီ လတွင် အပြီးသတ် ထွက်ပေါ်လာမည့် ရလဒ်သည်လည်း မင်းအောင်လှိုင်၏ မှင်စွန်းနေသော လက်သန်း ကို ထောင်၍ ပြုံးဖြီးဖြီး မျက်နှာပေးကို ကြည့်၍ ခန့်မှန်းနိုင် ပေသည်။

 

ရွေးကောက်ပွဲ၏ သဘောသဘာဝ အရ ဆိုက ဆက်ဒမ် ဟူစိန် (ပြုတ်မကျမီ တနှစ်အလို) ၂၀၀၂ ရွေးကောက်ပွဲ တွင် ၁၀၀ ရာနှုန်း အနိုင်ရခဲ့သည် ဆိုသည်နှင့် နှိုင်းယှဉ်၍ ရနေသည်။ အလားတူပင် မြောက်ကိုရီယား အာဏာရှင် ကင် ဂျောင် အမ်း ၏ ၂၀၁၄ ရွေးကောက်ပွဲ သည်လည်း အလားတူပင် ဖြစ်သည်။

 

NLD အပါအဝင် အဓိကကျသည့် နိုင်ငံရေးပါတီများ မပါဝင်နိုင်သည့် အတွက် ပေါ်ပေါက်လာမည့် လွှတ်တော်သည်လည်း လူထုကို ကိုယ်စားပြုနိုင်စွမ်း မရှိသည့် အတွက် လွန်စွာမှပင် ရယ်စရာကောင်းနေရသည်။ ထို့အတွက် ရွေးကောက်ပွဲရလဒ်သည် မည်သို့ပင် ထွက်လာစေကာမူ မြန်မာပြည်သူ များ အတွက်တော့ ဆုံးရှုံးမှုများနှင့် အဆုံးသတ် သွားခဲ့ရပြီ ဖြစ်သည်။ သို့သော် စစ်အုပ်စု၏ King's Party ဟု အများ ခေါ်လာကြသည့် USDP သည်လည်း ၎င်းတို့ မျှော်လင့် တောင့်တနေသည့် တရားဝင် အုပ်ချုပ်ပိုင်ခွင့် ဆိုသည်ကိုလည်း မည်သည့် အခါမှ ရလာတော့မည် မဟုတ်ပေ။

 

လက်ရှိငြီးငွေ့ဖွယ်ရာ အခြေအနေဆိုးကြီးသည် အမည်နာမ တစ်ခုအနေဖြင့် သာ ပြောင်းလဲသွားသော်လည်း ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်၊ ထူးခြားသွားသည်က အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန်အတွက် စစ်အုပ်ချုပ်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ထပ်ကာတလဲလဲ သုံးကာ အရေးပေါ်ကာလ ဆိုကာ သက်တမ်းတိုးနေစရာ မလိုတော့ခြင်းပင် ဖြစ်သည်။

 

လက်ရှိ တွင်တော့ မင်းအောင်လှိုင် ကြောင့် နိုင်ငံတဝှမ်း သေဆုံးမှု နှုန်းသည် ၉၀,၀၀၀ ကျော်လာပြီ ဖြစ်ပြီး ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကြီးမှလည်း မြန်မာ အား "ငတ်မွတ် ခေါင်းပါးမှု အဖြစ် နိုင်ဆုံး hunger hot spot အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုသို့ ဖြစ်လာနေခြင်းကို စစ်ခေါင်းဆောင်များက တော့ သတိပြုမိပုံ မရပေ။

 

ဗလာဒီမာ ပူတင်လို ယူကရိန်း ကို အနိုင်ရလိုဇော သက်သက်ဖြင့် စစ်သားများကို အသားကြိတ် စက်ကြီးထဲ ထည့်ကြိတ်နေသလို အသေခံခိုင်းပြီး အသုံးချ နေသလို စစ်အုပ်စုသည်လည်း သွေးထွက်သံယိုဖြစ်ရမည်ကို ဝန်မလေး ဘူး ဆိုက (တိုက်ပွဲဝင်ဖို့ အမိန့်ပေးခံထားရတဲ့ ၎င်းတို့၏ စိတ်ဓာတ်ကျနေ‌ သော တပ်ဖွဲ့ဝင်များ၏ သွေး အပါအဝင်) အာဏာကို အကန့်အသတ်မရှိ ဆုပ်ကိုင်ထားနိုင်တယ်ဆိုတာကို အာရှနိုင်ငံများကို ပြသနေသည်။အဓိကလို အပ်ချက်က အင်အားကြီးနိုင်ငံများ ကိုယ့်ဘက်က ရပ်တည်ပေးလာမယ်ဆိုရင် ပို၍ပင် ဖြစ်နိုင်သေးသည်။

 

ဤသည်က စစ်အုပ်စု၏ ဖြစ်ပျက်နေသော အနေအထားပင် ဖြစ်သည်။

 

တရုတ် အရေး

 

ထို အရှူပ် များကြား မှ အနိုင်ရသွားသူက တရုတ်ပင် ဖြစ်သည်။ တရုတ်သည် ၎င်းတို့ အကျိုးစီးပွားအတွက် ယခင်လို နှစ်ဖက် ခွ ရပ်မနေတော့ဘဲ စစ်အုပ်စုဖက်မှ ပြတ်ပြတ်သားသား ရပ်တည်လာခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ ကိုးကန့် နှင့် တအာင်း တပ်များ အသက်သွေးချွေးပေါင်း များစွာ ရင်း၍ တိုက်ယူခဲ့ရသော မြို့ကြီးများကို တရုတ်က လက်ဖျောင် တချက် တီးလိုက်ယုံဖြင့် အလွယ်တကူ ပြန်ပေးခဲ့ကြရသည်။ ထိုမျှနှင့် အားမရသေးပဲ စစ်အုပ်စု အသက်ရှူ ချောင်သွားစေဖို့ အပစ်အခတ် ရပ်စဲရေးပင် လက်မှတ်ထိုးပေးလိုက်ရသည်။

 

အိန္ဒိယ သည် တရုတ် ဩဇာအာဏာ ကြီးထွားလာမည့် အရေးကို ကန့်သတ်နိုင်ရန် စစ်အုပ်စု နှင့် လိုက်လျောညီထွေ ဆက်ဆံဖို့ ကြိုးစားနေရင်း တဖက်ကလည်း ဗမာတို့၏ အရင်းခံ မျိုးချစ်စိတ် သည် အချိန်တန်လျင် နိုးကြားလာပြီး တရုတ်၏ ဩဇာလွှမ်းမိုးမှု ကို ထိန်းချုပ် ဟန့်တား နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

 

တော်လှန်ရေး အင်အားစု များသည်လည်း ထရမ့်ကြောင့် ရံပုံငွေများ ပြတ်လတ်လာနေသည်ကလည်း စစ်အုပ်စု အား ကူညီပေးသလို ဖြစ်လာခဲ့သည်။

 

မင်းအောင်လှိုင်သည် ပူတင်၊ ရှီကျင့်ပင်၊ မိုဒီတို့ နှင့် နှစ်ယောက်ချင်း တွေ့ခွင့်ရလာခဲ့၍ အောက်တိုဘာလ အတွင်း ရောက်လာသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အဖွဲ့ နှင့် အရေးလုပ်ပြီး တွေ့နေစရာ မလိုတော့ဟု ယူဆလာသည်၊ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးကိုပင် အာဆီယံ ဥက္ကဌ ဖြစ်နေသဖြင့်သာ လက်ခံတွေ့ဆုံပေးခဲ့သည်။

 

ထိုသို့ တွေ့ဆုံရာတွင်လည်း မြန်မာကို နကိုယ်မူလ အတိုင်း ပြန်လည် ဆက်ဆံဖို့ လိုလာပြီ၊ ယခုလို လုပ်နေခြင်းသည် မသင့်လျှော်ဟု သဘောမျိုး ပြောဆိုလာပြီ ဖြစ်သည်။

 

အာဆီယံဖက်ကကော ထိုအပြောကို လက်ခံဖို့ လိုသလား။

 

ဆောင်းပါးရှင်က လိုသည့်ဖက်က ရေးလာသည်။ ၎င်းက တော်လှန်ရေး အင်အားစုများ မည်သို့ပင် အောင်ပွဲများ ရလာစေကာမူ တစုတစည်း တည်း ကွပ်ကဲ အုပ်ချုပ်မှု အောက်တွင် ရှိလာကြမည် မဟုတ်၍ အလွန်အမင်း တင်းမာနေပြီး စနက်တံတစ်ခု၏ မီးပွားတစ်ခုမျှဖြင့် ပေါက်ကွဲသွားနိုင်သည့် အန္တရာယ်ရှိသော အခြေအနေသာ ဖြစ်လာနိုင်သည်ဟု ဆက်လက်ရေးသားထားသည်။ အခြားသူများက မြန်မာ တွင် ၎င်းတို့၏ ပရိဘောဂများ နေရာချနေချိန်တွင် အာဆီယံသည် ဘေးမှ ရပ်ကြည့်နေရသည့် အဆင့်ရောက်သွားမည်ဟု ရေးသားထားသည်ကို ကောက်နှုတ်တင်ပြပါသည်။

 

တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ရသလောက် နယ်မြေများကို ဖဲ့ယူထားနိုင်မှ ဖြစ်မည် ဆိုသော အယူအဆသည် ရခိုင်ပြည်နယ် တခုလုံး နီးပါး အာရက္ခ တပ်တော်က ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း စစ်အုပ်စုသည် ၎င်းတို့ နှင့် စေ့စပ်ဆွေးနွေးရန် လားလားမျှ စိတ်ကူးမရှိသည်ကို တွေ့ရမည် ဖြစ်သည်။

 

၎င်းတို့အဖို့က "စစ်ကို မုန်း၍ တိုက်ရသည်" ဆိုသည့် ဆောင်ပုဒ်ကပင် အမြစ်ပြတ် မချေမှုန်း နိုင်သရွေ့ မငြိမ်းချမ်းဟု ခံယူထားပြီး ဖြစ်သည်။

 

လက်ရှိ အနေအထားတွင် ထရမ့်သည် စစ်အုပ်စု နှင့် မြေရှားသတ္တုများ အရေး အပေးအယူ လုပ်ရန် စောင့်ကြည့်နေ၍ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ဘာမှ မဝေဖန်၊ မရှုတ်ချကြဖို့ ညွှန်ကြားထားပြီး စောင့်ကြည့်နေပြီ ဖြစ်သည်၊ အမေရိကန် ယိုင်သွားလျင် အာဆီယံသည်လည်း အလိုလို ယိုင်လာမည် ဖြစ်သည်။

 

ထို့အတွက် တော်လှန်ရေး အင်အားစုများသည် ညီညွတ်သော ခေါင်းဆောင်မှု တွင် စည်းလုံးစွာ ရပ်တည်ပြီး ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်မည် ဆိုသည်ကို နိုင်ငံတကာ သို့ ပြသနိုင်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။

 

ညီညွတ်မှုမရှိဘဲ စစ်အုပ်စု ပြုတ်ကျသွားမည်ကို နိုင်ငံတကာက မလိုလားကြ၊ ၎င်းတို့ အားလုံးက တော်လှန်ရေး ဖြင့် မဟုတ်ဘဲ လူထု၏ ဆန္ဒပြ ပွဲများ၊ စစ်တပ် အတွင်း အာဏာသိမ်းပွဲမျိုး ဖြင့် အပြောင်းအလဲ ဖြစ်ရေး ကိုသာ လိုလားနေသည်။ တော်လှန်ရေး နည်းလမ်းဖြင့် ဆိုက မြန်မာနိုင်ငံ တွင် စစ်ဘုရင်ဝါဒ ထွန်းကားလာပြီး လက်နက်ကိုင်အဖွဲ့များ အချင်းချင်း နယ်မြေလုတိုက်ကြသည့် ပြည်တွင်းစစ်သံသရာထဲ ထပ်မံကျရောက်သွားနိုင်သည်ဟု ခံယူထားကြသည်။

 

ထို့အတွက်ကြောင့်လည်း မည်မျှပင် စစ်အုပ်စုက သောင်းကျန်းနေပစေ အပြစ်တင်ခံရမည် ဆိုး၍ မည်သူမျှ ထိထိရောက်ရောက် မကူညီပဲ လက်ပိုက်ကြည့်နေကြခြင်း ဆိုသည်ကို သဘောပေါက်သင့်ပြီ ဖြစ်သည်။ စစ်‌အုပ်စုကတော့ ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်၍ လုပ်ချင်တိုင်း လုပ်နေကြခြင်း ဖြစ်သည်။

 

မိမိတို့ ဖက်က အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ဘုံရည်မှန်းချက်နှင့် ဘုံသဘောတူညီချက်တစ်ခုကို ယခုကတည်းက ရရှိထားပြီး ဖြစ်သည်ကို ပြသရန် လိုအပ်လာသည်။ သို့မှလည်း နိုင်ငံတကာ၏ လက်နက်၊ ခဲယမ်းနှင့် ငွေကြေးအကူအညီများ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။

 

NUG အပါအဝင် အဓိက အင်အားကြီး လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ အဘယ်ကြောင့် တွေ့ဆုံ မဆွေးနွေး နိုင် ဖြစ်နေကြရသနည်း။

 

စစ်အုပ်စုက ဘယ်နေရာကိုဖြင့် ဗုံးကြဲလို့ လူတွေ ရာချီ ပြီး အသက်ဆုံးရှုံး သွားလည်း နိုင်ငံတကာက ရှုတ်ချယုံကလွဲ၍ တုတ်တုတ်မျှ လှုပ်မည်မဟုတ်၊ ၎င်းတို့ စောင့်ကြည့်နေသည်က သူတလူ ငါတမင်း မဟုတ်ဘဲ ညီညွတ်မှု ရှိနေလား ဆိုသည်ပင် ဖြစ်သည်။

 

ဗြိတိသျှ တို့က ပင်လုံ စာချုပ် ထုတ်ပြနိုင်မှ လွတ်လပ်ရေး ပေးခဲ့သည် မဟုတ်ပါလော။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!