ဩစတေးလျှ သတင်းသမား တို့ ကြုံခဲ့ရသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ

by Hla Soewai - Jan 05 2026

မန္တလေး အိမ်တော်ရာ ဘုရား ပတ်ဝန်းကျင် တွင် မဲထည့်ရန် တန်းစီ‌ နေကြရသော လူတန်းကြီးက မြွေလိမ်မြွေကောက်ပမာ ရှိနေသည်၊ ၎င်းတို့၏ ခေါင်းပေါ်မှ ဖြတ်၍ အနောက်တောင်ဖက် ယွန်းယွန်းသို့ တိုက်လေယာဉ် တစီးက ခပ်နိမ့်နိမ့် ပျံသန်းသွားခဲ့သည် ဟု အစချီကာ စစ်အုပ်စု၏ ရွေးကောက်ပွဲ အား ကိုယ်တိုင် ကိုယ်ကျ လေ့လာခွင့် ရခဲ့သည့် ဩစတေးလျှ ABC သတင်းဌာနမှ သတင်းထောက် နှစ်ဦးက ယခုလို ရေးသားလာခဲ့သည်။

 

မြေပြင်တွင်တော့ အရပ်ဝတ် နှင့် နေကာမျက်မှန် အမည်းများ တပ်ထားကြသည့် လုံခြုံရေး ဝန်ထမ်းများက နိုင်ငံခြား သတင်းထောက်များကို မျက်တောင်မခတ် စိုက်ကြည့်နေကြ၍ မဲထည့်ရန် ရောက်လာသူများ အဖို့ စကားပင် မဟရဲအောင် ဖြစ်နေကြသည်။

 

ညဖက် ရောက်သည့် အခါတွင်တော့ အဝေးမှ ပေါက်ကွဲသံများကို ကြားလာရသည်။ မကြာမီမှာပင် အနီးအနားရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ကျေးရွာများကို လေကြောင်းမှ ရက်ရက်စက်စက် တိုက်ခိုက်နေကြသည် ဆိုသော သတင်းများ စိမ့်ဝင်လာခဲ့သည်။ ယင်းသည် နိုင်ငံအနှံ့ ဖြစ်ပွားနေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်သည့် ပြည်တွင်းစစ်ဒဏ်ကို ပြင်းထန်စွာ သတိပေးနှိုးဆော်လိုက်ခြင်းပင် ဖြစ်သည်။

 

ထိုသို့သော အနေအထားတွင် ပြုလုပ်သည့် ရွေးကောက်ပွဲ အား တရုတ်၏ ပံ့ပိုးမှု ရထားသည့် စစ်အုပ်စု မှ "လွတ်လပ်၍ တရားမျှတသည်" ဟု ကင်ပွန်းတပ်လာခြင်းလည်း ဖြစ်ပေသည်။

 

ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးချယ် တင်မြှောက်ခံထားရသည့် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ ကို ဖြုတ်ချ အာဏာ သိမ်းခဲ့သည့် စစ်တပ်မှ ပထမဆုံးအကြိမ် ပြုလုပ်လာသည့် ရွေးကောက်ပွဲ ကို မြို့နယ်ပေါင်း ၁၀၀ ကျော်တွင် စတင်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၈၀,၀၀၀ ခန့် အသက်ဆုံးရှုံး သွားခဲ့ပြီး ဖြစ်သည်၊ သို့သော် ထိုသို့ ဖြစ်ပျက်နေသည်များကို စစ်အုပ်စု မှ နိုင်ငံတကာ အသိုက်အဝန်း ကို ဖုံးအုပ်ထားလိုကြသည်။ 

 

ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး အာဏာရှင်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး နိုင်ငံတကာ၏ ဝိုင်းပယ်ခြင်းကို ခံထားရသည့် စစ်အုပ်စု သည် ၎င်းတို့၏ ပုံရိပ်ကို ပြန်လည်ကောင်းမွန်လာရန် အသည်းအသန် ကြိုးပမ်းလာခဲ့သည်။

 

ဩဂုတ်လ တွင် ‌အမေရိကန်ရှိ PR ကုမ္ပဏီ များ ဖြစ်သော DCI နှင့် McKeon တို့နှင့် ဒေါ်လာ သန်းချီတန်သော ကန်ထရိုက် စာချုပ်ကို ချုပ်ဆိုလာခဲ့ပြီး အမေရိကန် အစိုးရအား ၎င်းတို့ ပုံမှန် အနေအထား ပြန်ရောက်လာပြီဟု နားချ နိုင်ရန် နှင့် စီးပွားရေး ဒဏ်ခတ်ထားမှု များ နှင့် ကုန်သွယ်ခွန်များ ပြေလျော့စေရန် အတွက် ဖြစ်သည်။

 

ယခုအခါ ရွေး‌ကောက်ပွဲ ဆိုသည်ကို အသုံးချ၍ နိုင်ငံတကာ အသိုက်အဝန်းသို့ ပြန်လည် ဝင်ဆန့်နိုင်ရန် လုပ်လာပြန်သည်။

 

ရွေးကောက်ပွဲ ပြီးလျင်ပြီးချင်း မဲပေးပိုင်ခွင့် ရှိသူ ငါးဆယ် ရာနှုန်းကျော် လာရောက် မဲထည့်ခဲ့ကြသည်ဟု ကြေညာလာခဲ့သည်။ ဖွံဖြိုးပြီး ဒီမိုကရေစီ နိုင်ငံများတွင်ပင် မဲလာထည့်သူ ထိုမျှ လောက် မရှိဟု ပြောခွင့်ရ ဇော်မင်းထွန်းက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောဆိုခဲ့ပြန်သည်။

 

သို့သော် လက်တွေ့တွင်တော့ ၎င်းတို့ ပြောဆိုနေမှု များ နှင့် အပုံကြီး ကွာခြားနေသည်ကို တွေ့လာခဲ့ရသည်။

 

အခြေအနေများသည် ကြောက်ရွံ့တုန်လှုပ်မှုများ၊ ခြိမ်းခြောက်မှုများနှင့်အတူ မည်သည့်အခြေအနေမျိုးတွင်မဆို အာဏာကို အတင်းအဓမ္မ ဆုပ်ကိုင်ထားရန် သန္နိဋ္ဌာန်ချထားသည့် အစိုးရတစ်ရပ်၏ ကြောက်မက်ဖွယ်ရာ အရိပ်မည်းကြီးအောက်တွင် ရှိနေသည်ဟု ဆို၍ ရနေသည်။

 

မန္တလေး ရှိ မဲရုံ အများအပြားသို့ သွားရောက်ခဲ့ပြီး နောက်တွင်တော့ ၂၀၂၀ နှင့် ၂၀၁၅ တွင် ၇၀ ရာနှုန်းကျော် မဲလာထည့်ခဲ့သည့် အတိုင်းအတာ နှင့် အပုံကြီး လျော့နည်းနေသည်ကို တွေ့လာခဲ့ရသည်။

 

ဒေသခံများ၏ အဆိုအရ ထိုစဉ်က မဲရုံ မဖွင့်မီ အာရုဏ် တက်ချိန် လောက်ကပင် စိတ်အား တက်ကြွစွာဖြင့် တန်းစီနေခဲ့ကြသည်ဟု သိရသည်။

 

ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၆ နာရီ မှ စတင် ဖွင့်လှစ်ခဲ့သော မဲရုံများသို့ ကျိုးတို့ကျဲတဲ ရောက်လာသော လူများကို တွေ့လာရသည်။ 

 

ရောက်လာသူ အများစုက နောက်ပိုင်း ပြဿနာ ဖြစ်မည်စိုး၍ ဆိုကာ အင်တာဗျုး ရန် ငြင်းဆိုခဲ့ကြသည်။

 

ထိုသို့ ကြောက်ရွံ့နေမှု များက အခြေအမြစ် ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ အခြား ပြည်ပ သတင်းထောက်များကဲ့သို့ပင် မိမိတို့ ABC သတင်းထောက်များအားလည်း မန္တလေးသို့ ရောက်လျင် ရောက်ခြင်း မျက်ခြေပြတ် မခံဘဲ စောင့်ကြည့်လာကြသည်။

 

လက်နက်ကိုင် ရဲများက ဟိုတယ်အထိ ရောက်လာပြီး မိမိတို့၏ ပတ်စ်ပို့များကို ယူကြည့်ခဲ့ကြသည်။ အနည်းဆုံး သုံး‌ယောက်ခန့် နောက်မှ တချိန်လုံး လိုက်နေကြသည်။ မဲရုံတာဝန်ကျသူများ၊ မဲလာထည့်သူများနှင့် စကားစမြည် ပြောမည့်အရေးကိုလည်း ၁၂ နာရီ လုံးလုံး စောင့်ကြည့်နေခဲ့ကြသည်။

 

တခါတွင် ထိုသို့ နောက်က မလိုက်ဖို့ ပြောသည်ကိုပင် မိမိတို့ လုံခြုံရေး အတွက်ဟု ပြန်ပြောလာသည်။

 

သို့သော်လည်း ရန်ကုန်ရှိ လူစည်ကားရာနေရာများတွင် သော်၎င်း၊ ဖုန်းဖြင့်သော်၎င်း လူအချို့နှင့် သတိကြီးစွာထား၍ လျှို့ဝှက်စွာ ပြောဆိုနိုင်ခဲ့သည်။

 

၎င်းတို့ ပြောလာသည်များက ကျောချမ်းစရာပင် ဖြစ်သည်။

 

အမျိုးသမီး ငယ် တဦးအား ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဘာများ ပြောလိုပါသလဲဟု ချဉ်းကပ် မေးမြန်းသည့် အခါ "ကျမ ပြောချင်တာ တကယ် ပြောလို့ရလား"ဟု ပြန်မေးလာသည်။ သူ့အမည်ကိုလည်း လျို့ဝှက်ထားဖို့ ပြောရင်းက " အိမ်မှာ စစ်မှုထမ်းရမယ့် အသက် အပိုင်းအခြားထဲ ရောက်နေတဲ့ ကျမ မောင်လေး ရှိနေတယ်၊ ကျမ မဲလာမပေးဘူး ဆိုရင် သူ့ကို တခုခု ဆိုးဆိုးဝါးဝါး ဖြစ်လာမှာ စိုးရိမ်ရလို့ပါ"

 

စစ်မှုထမ်း ဥပဒေ ဖြင့် နိုင်ငံတဝှမ်းရှိ လူငယ် လူရွယ် ၈၀,၀၀၀ ခန့် စစ်မြေပြင်သို့ ပို့ဆောင်ခံခဲ့ရပြီး ဖြစ်သည်။

 

နေပြည်တော်ရှိ အမျိုးသမီးတဦးက မဲမပေးဘူးဆိုလျင် စစ်မှုထမ်း ဥပ‌ဒေ ဖြင့် ကလေးများကို ခေါ်သွားမည်ဟု ခြိမ်းခြောက်ခံထားရကြောင်း ပြောပြခဲ့သည်။

 

ရွေးကောက်ပွဲ တကြိမ်သာ လုပ်ရသေးသော်လည်း USDP သည် အကြီးအကျယ် အနိုင်ရလျက် ရှိနေသည်။

 

အချို့မိဘများက စစ်မှုထမ်း ဥပဒေ ကို ကြောက်၍ USDP ၏ မဲဆွယ်ပွဲ များကို သွားနားထောင်နေကြရသည်ဟု နေပြည်တော်ရှိ တဦးက ပြောပြခဲ့သည်။

 

"မပါဘူး ဆိုက သူတို့ ဘာလုပ်မယ်ဆိုတာ အတိအကျ ထုတ်မပြောသော်လည်း တခုခု ဆိုးဆိုးဝါးဝါး ဖြစ်လာ မှာ" ဟု ဆိုသည်။

 

သူမ၏ ကလေး တဦးသည် မဲထည့်ရမည့် အရွယ် သို့ ရောက်လာခဲ့သော်လည်း မိသားစု တစုလုံး မဲမထည့်ဘဲ သပိတ်မှောက်ခဲ့ကြသည်ဟု လည်း ဆိုသည်။

 

"စစ်အုပ်စုက ဒီရွေးကောက်ပွဲ အတုအယောင်နဲ့ တရားဝင်မှုရဖို့ ကြိုးပမ်းနေတာပါ။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဘယ်တော့မှ ယုံကြည်မှာမဟုတ်သလို၊ မဲလည်းပေးမှာမဟုတ်ပါဘူး" ဟု လည်း သူမက ပြောသွားခဲ့သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!