ဂေါ်ကီ ၏ အမေ(44)

by Hla Soewai - Jan 05 2026

"အဖွား ပင်ပန်းလှပြီ၊ သွားအိပ်တော့"

 

အမေ လည်း ရီဂေါကို "ဂွတ်နိုက်" ဟု နှုတ်ဆက်ကာ မီးဖိုချောင်ထဲသို့ မလဲမပြို အောင် သတိထားပြီး ဝင်လာခဲ့သည်။ သူမ၏ ရင်ထဲတွင်မူ ခါးသီးပြီး နာကျင်စူးရှသော ခံစားချက်တစ်ခုကား တပါတည်း ကပ် ပါလာခဲ့သည်။

 

မနက် အိပ်ယာ နိုး၍ စားသောက်ပြီးချိန်တွင် ရီဂေါက "တကယ်လို့ အဖွားကို ဖမ်းမိသွားပြီး ဒီလို ဒိဋ္ဌိ စာအုပ်တွေ ဘယ်က ရလဲလို့ မေးလာကြရင်ကော အဖွား ဘယ်လို ဖြေမလဲ"

 

"နင်တို့ အလုပ်မဟုတ်ဘူးလို့ ပြောလိုက်မှာပေါ့ဟယ်" ဟု အမေက ရယ်ရင်း ပြန်ပြောလိုက်သည်။

 

"အဖွား အဲ့လို ပြောတာ သူတို့က လက်ခံကြမှာ မဟုတ်ဘူး၊ ဒါမျိုးကို စုံစမ်း ဖေါ်ထုတ်ဖို့က သူတို့ရဲ့ အဓိက အလုပ်လို့ ခံယူထားကြတာကိုး၊ အမေကို အကြာကြီး မရမက မေးကြလိမ့်မယ်"

 

"အဲ့လို မေးလည်း ငါက ပြောမှာတော့ မဟုတ်ဘူး"

 

"အဲ့တာ ဆိုရင်တော့ အမေကို ထောင်ထဲ ထည့်ထားလိမ့်မယ်"

 

"အေးလေ... ထည့်တော့ ဘာဖြစ်လဲ၊ ငါက အနည်းဆုံးတော့ အဲဒီအတွက်ပဲ အသုံးတည့်တာလို့ပဲ ကျေးဇူးတော် ချီးမွမ်းရမှာပေါ့" လို့ သူမက သက်ပြင်းချရင်း ပြောလိုက်ပါတယ်။ "ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ငါ့ကို ဘယ်သူက လိုနေလို့လဲ၊ ဘယ်သူမှ မလိုဘူး!"

 

ရီဂေါက သူမကို စိုက်ကြည့်ရင်း "လူကောင်းတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ရတယ်"

 

အမေက ရယ်ရင်း 'ငါသာ လူကောင်းတစ်ယောက် ဖြစ်ခဲ့ရင်တောင် အဲ့ဒါမျိုးကိုတော့ နင့်ဆီက သင်ယူနိုင်မှာ မဟုတ်ဘူး"

 

ရီဂေါက ဘာမှ ပြန်မပြောဘဲ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ထို့နောက် အမေ ရှိရာ လျှောက်လာပြီး "အမေတို့လို တောသူတောင်သား တွေ အတွက် အတော်လေး ခက်ခဲမယ့် အလုပ်မျိုး"

 

အမေက လက်ကာ ပြရင်း "ငါတင် မဟုတ်ပါဘူး၊ လူတိုင်း လည်း ဒီလိုပဲ နေမှာပါဟယ်၊ ဒါပေမယ့် နားလည် တဲ့ လူမျိုး ဆိုရင်တော့ ပိုပြီး လွယ်မှာပေါ့၊ ငါလည်း နည်းနည်းပါးပါး နားလည်တဲ့ လူမျိုးထဲ ပါပါတယ်၊ လူတွေ ဘာကို လိုချင်ကြတယ် ဆိုတာ တော့ ငါ နားလည်တယ်"

 

"လူတွေ ဘာတွေ လိုအပ်နေတယ် ဆိုတာ အဖွား တကယ်တမ်း နားလည်ရင် လူတိုင်းလည်း အဖွား ကို လိုအပ်လာပြီ၊ လူတိုင်းပဲ" ဟု ရီဂေါ သည် စိတ်အား ထက်သန်စွာ ဖြင့် အလေးအနက် ပြောလာသည်။

 

အမေက သူ့ကို ကြည့်ပြီး အားရပါးရ ရယ်ချလိုက်တော့သည်။

 

*******************

 

အခန်း (၁၁)

 

မွန်းတည့်ချိန်ရောက်သောအခါ အမေသည် တည်ငြိမ်အေးဆေးစွာဖြင့် ထိတ်လန့်ခြင်း အလျင်းမရှိဘဲ လုပ်နေကျ အလုပ် တခုအလား စာရွက် များကို ရင်ဘတ်ကြားတွင် ထည့်သွင်းလိုက်လေသည်။ သူမ၏ လုပ်ဆောင်ပုံမှာ အလွန်ကျွမ်းကျင်ပြီး စေ့စပ်သေချာလွန်းလှသဖြင့် ရီဂေါ က ကျေနပ်အားရစွာ နှုတ်ခမ်းကို တသသလုပ်ရင်း 'ကောင်းလိုက်တာ' ဟုပင် ပြောလာရသည်။

 

"အဖွား ကြည့်ရတာ အထဲက စာရွက်စာတမ်း တွေ ကြောင့် ဘာမှ ပြောင်းမသွားဘူး၊ အရင်လိုပဲ အရပ်မြင့်မြင့် ဝဝ ဖိုင့်ဖိုင့် အဖွားကြီး ပဲ၊ နတ်ဘုရား တွေ မရေတွက် နိုင်လောက်အောင် လာပြီး အမေ လုပ်မယ့် အလုပ်ကို စောင့်ရှောက်ကြပါစေဗျာ"

 

နာရီဝက် လောက် အကြာတွင် အမေသည် စက်ရုံ ဂိတ်ပေါက်ဝသို့ ရောက်နေပြီ ဖြစ်သည်။ အထဲက အလေးချိန်ကြောင့် အနည်းငယ် ကိုင်းနေသယောင် ရှိ‌သော်လည်း တည်တည်ငြိမ်ငြိမ် နှင့် လုပ်ရမည့် အလုပ် အပေါ် စိတ်ချလက်ချ ရှိနေသည်။ စက်ရုံ အစောင့်များသည်လည်း အလုပ်သမား များ၏ ဆဲသံဆိုသံများ၊ အော်ဟစ် နောက်ပြောင်နေကြသည့် အသံများ ကြောင့် စိတ်တိုနေကြပုံ ရှိပြီး ဝင်လာသူများ ကို တွန်းလိုက် ထိုးလိုက် ဆဲဆို စစ်ဆေးပြီး အထဲကို သွင်းနေသည်။      

 

ပုလိပ်တယောက် နှင့် ကျုရိုးလို ခြေထောက်ပိုင်ရှင် လူတယောက်က ဘေးမှ ရပ်ပြီး စောင့်ကြည့်နေသည်။ အမေသည် တံပိုးကို ထမ်းထားရင်းက တဖက်တချက် တွဲလောင်းဆွဲထားသော အိုး များကို ဟန်ချက်ညီအောင် ထိန်းနေရသည်။ ထိုလူကိုလည်း မျက်လုံးထောင့်ကပ်ပြီး အကဲခတ်နေသည်။ စပိုင်တ‌ယောက် ဖြစ်မည်ဟုလည်း ခန့်မှန်း၍ ရနေသည်။

 

အရပ်ရှည်ရှည် နှင့် ဦးထုပ်ကို နောက်ပြန် ဆောင်းထားသည့် လူက "ဟေ့ကောင်တွေ ခေါင်းပေါ်ရှာဟ၊ အိပ်ထဲကို နှိုက်မနေကြနဲ့" အစောင့် များကို လှမ်းပြီး ကြိမ်းမောင်းလိုက်သည်။

 

"ခေါင်းပေါ်ရှာလို့ သန်းတွေပဲ တွေ့မပေါ့" ဟု အစောင့်က ခွန်းတုံ့ ပြန်လိုက်သည်။

 

အလုပ်သမား တ‌ယောက်က "မင်းတို့လို ကောင်စားမျိုး တွေက လူတွေ အစား သန်းရှာတဲ့ အလုပ်မျိုး နဲ့ပဲ သင့်တော်တယ်"၊ ထို စကား ကြားလိုက်ရ၍ စပိုင်ဟု ထင်ရသည့်လူက ထိုလူကို တချက် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

 

"ငါ့ကိုတော့ ဝင်ခွင့်ပေးကြပါဟယ်၊ ဒီမှာ အလေးကြီး ထမ်းတာရတာ ခါးရိုး ကျိုးမတတ် ဖြစ်နေပြီ" ဟု အမေ က ပြောလိုက်သည်။

 

အစောင့်က "ကဲ..ကဲ သွား ..သွားဗျာ" ဟု ဆောင့်ကြီး အောင့်ကြီး ပြောလိုက်သည်။

 

အမေသည် သူ ဈေးဗန်း ခင်းနေကျ နေရာ သို့ လျှောက်သွားပြီး တံပိုး ကို အောက်သို့ ချလိုက်ပြီး မျက်နှာတဝိုက် စီးကျလာနေသော ချွေးများကို သုတ်လိုက်သည်။

 

သော့ပြင်သမား ညီအကို နှစ်ယောက် ချက်ခြင်းလို သူ့ဆီ ရောက်လာကြပြီး အကို ဖြစ်သူ ဗာဆီလီက အသံကျယ်ကျယ် ဖြင့်...

 

"ပီရော မုန့် ပါလား"

 

"မနက်ဖန်ကျ မှ ထည့်လာခဲ့မယ်" 

 

ဤသည်က သူတို့ကြား သဘောတူထားပြီးသား ဖြစ်သည့် စကားဝှက် ဖြစ်သည်။ အမေစကား ကို ကြားလိုက်ရ၍ ညီအကို နှစ်‌ယောက်စလုံး မျက်နှာများ ဝင်းလက်သွားကြပြီး ချုပ်တည်း နိုင်စွမ်း မရှိတော့ဘဲ...

 

"အို... ကျုပ်တို့ရဲ့ အဖိုးတန် အမေကြီးရယ်။" ဟု အော်ကြီး ဟစ်ကျယ် ပြောလိုက်သည်။