တရုတ် ၏ ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ရေး တွင် ဦးဆောင်လာမှုနှင့် ဘူမိနိုင်ငံရေး အနေအထား

by Hla Soewai - Aug 24 2020

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာပြည်တွင် ကာလကြာမြင့်စွာက ငုပ်လျိုးနေခဲ့သော ကိုဗစ်-၁၉ သည် နိုင်ငံ၏ အနောက်အရပ် စစ်တွေ မြို့တွင် ဘွားကနဲ ပြန်ပေါ်လာခဲ့ပြီး လက်ရှိ ဖြစ်ပွားနှုန်း၏ ဆယ်ရာနှုန်းမျှ ရှိသော ၄၈ ဦးအထိ ခုန်တက်သွားခဲ့လေသည်။ ထို့အပြင် ယခု ထွက်ပေါ်လာသော ကော်ရိုနာဗိုင်းရပ်စ်သည် မြန်နှုန်းမြင့် ကူးစက်နိုင်သော ရောဂါပိုးမျိုး ဖြစ်နိုင်သည်ဟု တာဝန်ရှိသူများက ခန့်မှန်းလျှက် ရှိနေကြသည်။

 

စစ်တွေအား လော့ဒေါင်း ချလိုက်ပြီး လေယာဉ် လိုင်း အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းလိုက်သည့်အပြင် ဘင်္ဂါလီ နှင့် ရခိုင် စစ်ပြေး ဒုက္ခသည် စခန်းများ အတွင်း စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေကြပေသည်။ (လူသူ ကင်းမဲ့နေတဲ့ စစ်တွေ မြို့ မြင်ကွင်းအား စင်္ကာပူ သတင်းဌာန CNA တွင် ဖေါ်ပြထားသည်ကို တွေ့ရစဉ်)

 

ကမ္ဘာတဝှမ်းမှာတော့ ကော်ရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ရေးပြိုင်ပွဲကြီး တွင် တရုတ်မှ ရှေ့က ဦးဆောင်လာနေသည် နှင့်အမျှ ၎င်း၏ ကမ္ဘာတွင် ဦးဆောင်မှု ပေးနိုင်မည့် အခန်းကဏ္ဍ ကျယ်ပြန့်လာမည့် အရေးနှင့် ယင်းကို အသုံးချ၍ နယ်မြေ အငြင်းပွားမှု ဖြစ်နေသော နိုင်ငံများအပေါ် အမြတ်ထုတ် လာမည်ကို စိုးရိမ်မကင်း ဖြစ်လာနေကြသည်။

 

ကမ္ဘာတဝှမ်းတွင် ကာကွယ်ဆေး အတွက် လက်တွေ့ စမ်းသပ်နေသည့် ဆေး ပေါင်း ၂၉ ခု ရှိနေသည့် အထဲတွင် တရုတ်မှ ၉ ခု ပါဝင်နေသည်။ ၉ ခုထဲမှ ၅ ခုသည် အဆင့် သုံးဟု ခေါ်သည့် နောက်ဆုံး အဆင့် ရောက်လာနေပြီး အတည်ပြုချက်ရရေးကို လုံးပမ်းနေပြီ ဖြစ်သည်။ (ကမ္ဘာတဝှမ်း အဆင့် သုံး သို့ ရောက်လာသည့် စမ်းသပ်မှု ၇ ခုသာ ရှိပေသေးသည်)။

 

တရုတ်တွင် ထိုသို့ အောင်မြင်မှုများ ရလာခြင်းသည် ကူးစက်ရောဂါများ အပေါ် အစိုးရ မှ ဦးဆောင်ပြီး သုတေသနများ နှစ်ပေါင်းများစွာ ကြာအောင် လုပ်လာနေခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်သည်။ လွန်ခဲ့သည့် အပတ်အတွင်း တရုတ်၏ CanSino Biologics သည် နောက်ဆုံး အဆင့် စမ်းသပ်မှုများကို ဆော်ဒီအာရေဗီးယားတွင် လူ ၅,၀၀၀ နှင့် စတင် စမ်းသပ်တော့မည်ဟု ကြေငြာခဲ့သည်။

 

တရုတ်၏ ဆေးဝါး ကုမ္ပဏီ များ နှင့် အစိုးရ သုတေသန ဌာနကြီးများ အကြား အမြဲလို ကူးလူးဆက်ဆံမှု များ ရှိနေသည်။ CanSino ဆိုလျှင် ပုဂ္ဂလိက ပေါ်ထွန်းစ ကုမ္ပဏီလေး တခုသာ ဖြစ်သော်လည်း စစ်တပ်၏ ထောက်ပံ့မှု များ နှင့်အတူ သုတေသန ကို ပူးတွဲ လုပ်ဆောင်လျှက် ရှိနေသည်။ နောက်ထပ် အပြီးသတ် စမ်းသပ်နေသည့် ဆေးကုမ္ပဏီကြီး ဖြစ်သည့် Sinopharm သည် အစိုးရပိုင် ဖြစ်သည်။ နောက်တခု ဖြစ်သည့် Sinovac Biotech သည်လည်း ပီကင်း တက္ကသိုလ် နှင့် ဟောင်ကောင် ကုမ္ပဏီများ ဖက်စပ် လုပ်ကိုင် နေခြင်း ဖြစ်ပေသည်။ အားလုံးသည် ကာကွယ်ဆေး များ ထုတ်လုပ်မှု တွင် မဟာဗျူဟာပိုင်း၌ ဦးဆောင်ပေးနေသည့် သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာနနှင့် နီးကပ်စွာ ဆက်ဆံနေသည့် ကုမ္ပဏီများလည်း ဖြစ်ပေသည်။

 

ဇွန်လ အတွင်းက အဆိုပါ ဝန်ကြီးဌာနမှ ထုတ်ပြန်လာသည့် ကော်ရိုနာဗိုင်းရပ်စ် တန်ပြန်ရေး ဆိုင်ရာ စက္ကူဖြူ စာတမ်းတွင် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် အတွက် နည်းလမ်း ငါးမျိုး ဖြင့် တပြိုင်နက်တည်း ချည်းကပ် ဆောင်ရွက်နေသည်ဟု ပါရှိလာခဲ့သည်။ သို့သော် မည်သည့် အမျိုးအစားကို ထုတ်သုံးမည် ဆိုသည်ကား ဖေါ်ပြထားခဲ့ခြင်း မရှိပေ။ ကျန်သည့် အမျိုးအစားများကို အရံ အဖြစ် သိမ်းဆည်းထားမည် ဟု လည်းဆိုသည်။

 

CanSino နှင့် Sinovac တို့သည် တရုတ်အစိုးရ၏ ပံ့ပိုးမှု ဖြင့် နှစ်စဉ် ကာကွယ်ဆေးရည် သန်း ၁၀၀ မှ ၂၀၀ အထိ ထုတ်လုပ်နိုင်စွမ်း ရှိနေပြီဟု တရုတ် မီဒီယာများတွင် ရေးသား ဖေါ်ပြလာခဲ့ကြသည်။

 

တရုတ်သည် inactivated vaccine (IV) အမျိုးအစားကို အဓိက အားပြုထုတ်လုပ်လျှက် ရှိနေသည်။ အဆိုပါ ကာကွယ်ဆေး အမျိုးအစားသည် ရောဂါ ပိုး ထုတ်လုပ်နိုင်စွမ်း မရှိတော့သော ကော်ရိုနာ ဗိုင်းရပ်စ်ပိုး များ နှင့် ဘက်တီရီးယားများကို အဓိက ထား၍ ကာကွယ်ဆေး ထုတ်လုပ် နေသည်။ ထိုသို့သော ကာကွယ်ဆေးမျိုးက ကာလကြာမြင့်စွာကပင် တွေ့ရှိထားခဲ့ပြီး ဖြစ်ပြီး ထိရောက်မှု ရှိကြောင်း စမ်းသပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ကြက်ဥ နှင့် တရိစ္ဆာန် ဆဲလ်များ အသုံးပြုရသဖြင့် လက်ဝင်လှသောကြောင့် ဥရောပနှင့် အမေရိကန် ဆေးကုမ္ပဏီများက စမ်းသပ်ရန် စွန့်လွှတ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် တရုတ်ကတော့ SARS ဖြစ်ပွားစဉ်ကတည်းက အတွေ့အကြုံ ရှိထားပြီ ဖြစ်၍ လူအင်အား ဖြင့် နှစ်ဆတိုးကာ အားထုတ်လျှက် ရှိနေသည်။

 

တရုတ်သည် ၂၀၀၈ မှစ၍ IV ကာကွယ်ဆေး ထုတ်လုပ်သည့် နည်းပညာတွင် ထိပ်မှ ဦးဆောင်လျက် ရှိနေသည်။ သို့သော် တရုတ် ကာကွယ်ဆေးများက ပြည်ပသို့ ဖြန့်ချီ ခဲ လှပြီး ထိရောက်မှု ရှိမရှိ သက်သေပြရန် ခက်ခဲလှသည်ဟု ဆိုကြသည်။

 

ယခုအခါ တရုတ်သည် ကာကွယ်ဆေးအား ကမ္ဘာသို့ ဩဇာလွှမ်းနိုင်ရေး လက်နက်တခု အဖြစ် အသုံးချ ရန် ပြင်ဆင်လာပြီ ဖြစ်၍ စိုးရိမ်မကင်း ဖြစ်လာခဲ့ကြသည်။

 

ယခုပင် တရုတ်နှင့် တောင်တရုတ် ပင်လယ်တွင် နယ်မြေ အငြင်းပွားမှုများ ဖြစ်နေသော ဖီလစ်ပိုင် နိုင်ငံ၏ သမ္မတ ဖြစ်သူ ဒူတာတေး မှ ကာကွယ်ဆေး ထွက်လျှင် ထွက်ခြင်း မိမိနိုင်ငံအား ဦးစားပေး ဖြန့်ချီရန် လူသိရှင်ကြား တောင်းဆိုလိုက်ပြီ ဖြစ်၍ ထိုကဲ့သို့သော နိုင်ငံများ အား တရုတ်မှ အလွယ်တကူ ဩဇာလွှမ်းမိုးနိုင်စရာ ရှိနေသည်ဟု ထောက်ပြလာကြသည်။

 

လက်ရှိတွင် ရုရှားမှ ကာကွယ်ဆေးကို ကမ္ဘာတွင် ပထမဆုံး ထုတ်လုပ်နိုင်ပြီဟု ကြွားဝါလျှက် ရှိသည်။ အမေရိကန် ကမူ ကာကွယ်ဆေး သန်းချီသော အရည်အတွက် ရရှိရန် ဒေါ်လာ ၁၀ ဘီလီယံ ခန့် ထုတ်နှုတ်ကျခံထားပြီး လက်တွေ့အသုံးချနိုင်မည့် အဆင့်သို့ လျှင်မြန်စွာ ချည်းကပ်လာနေပြီ ဖြစ်သည်။

 

သို့သော် ဝယ်ယူသုံးစွဲနိုင်မည့် အရေးသည် တကမ္ဘာလုံး အတွက် ပြဿနာ ဖြစ်လာနေရသည်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မေလ အတွင်းက ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် ၏ နှစ်ပတ်လည် ညီလာခံတွင် ကာကွယ်ဆေးကို အများ အကျိုး အတွက် အသုံးချ သွားမှာ ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ သက်သက်သာသာ နှင့် အလွယ်တကူ ဝယ်ယူနိုင်ရန် စီမံပေးသွားမည် ဖြစ်သည်ဟု ပြောလာသဖြင့် တရုတ်ထံမှ အခမဲ့ ရရှိနိုင်သည်ဟု မျှော်လင့်နေသော နိုင်ငံများ အတွက် တပ်လှန်နှိုးဆော် ပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

(၂၀၂၀ ဩဂုတ် ၁၇ နေ့ထုတ် Nikkei Asia Review စာစောင်ပါ “China’s lead in coronavirus vaccine raises concern as well as hope” အား ကိုးကား တင်ပြသည်)