တရုတ် လက်လှမ်း မမှီ တော့သည့် မြန်မာ တို့၏ တော်လှန်ရေး တပ်ပေါင်းစု ကြီး

by Hla Soewai - Jan 19 2026

စစ်အာဏာရှင်များ ဒူးတုပ်လုမတတ် ဖြစ် သွားစေခဲ့သည့် အားကောင်းလာခဲ့ သော ၁၀၂၇ စစ်ဆင်ရေး ကြီးသည် တရုတ်၏ မဆုပ်မနစ် ဝင်ရောက် စွက်ဖက်လာမှု ကြောင့် ရိုက်ချိုး ခံလိုက်ရသလို ဖြစ်သွားခဲ့ရသည်။ ယင်းနှင့် အတူ မြန်မာ တို့၏ တော်လှန်ရေးသည် တရုတ်တို့၏ ထိန်းချုပ်မှု မှ လွတ်လွတ်ကင်းကင်း ဖြင့် စစ်ရေး နှင့် နိုင်ငံရေး ရည်မှန်းချက်များ ဖေါ်ဆောင် နိုင်ပါတော့မည်လား ဆိုသည့် မေးခွန်း သည် ကျယ်လောင်သည်ထက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

 

စစ်ဝါဒီ များ ၏ ရွေးကောက်ပွဲ မှ ထွက်ပေါ်လာသော ရလဒ်များသည်လည်း မဲဆန္ဒရှင်ပြည်သူများအတွက် မဟုတ်ဘဲ ၎င်းတို့ ဆက်၍ အာဏာတည် မြဲ‌ ရေး အတွက် အကျိူးရှိဖို့သာ ဖြစ်လာနေရသည်ကို ယခုကတည်းက တွေ့မြင် လာကြရ၍လည်း ပဋိပက္ခများ ပြေလည်သွားမည် မဟုတ်ဘဲ ဆက်၍ အနိုင့်အထက် ညှင်းပန်း နှိပ်စက်ခံရဖို့သာ ရှိတော့သည်ဟု ယူဆလာကြ၍ လည်း ဖြစ်ပေသည်။

 

သို့သော် ၂၀၂၅ ဒီဇင်ဘာ လ လယ် တွင်တော့ ထိုမေးခွန်းအား ၎င်းတို့ အား မြန်မာ မြေပေါ် မှ အပြီးအပိုင် ချုပ်ငြိမ်းသွား‌ ရေး အတွက် ကိုယ့် နေရာ ကိုယ်ယူ၊ ကိုယ့်တာဝန် နှင့် ကိုယ် တိုက်ပွဲဝင်နေကြသော တော်လှန်ရေး အဖွဲ့များသည် စုစည်းလာကြပြီး နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု ကြီး ကို ဖွဲ့စည်း လိုက်ခြင်း ဖြင့် အဖြေ ပေးလိုက်ပြီ ဖြစ်သည်။

 

ထို မဟာမိတ် တပ်ပေါင်းစု ကြီး၏ အလံတော် အောက်တွင် တူညီသော နိုင်ငံရေး ရည်မှန်းချက်များ ဖြင့် တော်လှန်ရေး အဖွဲ့ ၁၉ ဖွဲ့ ပေါင်းစည်းလာခဲ့သည်။ ဘုံရန်သူ ကို ချေမှုန်းနိုင်ရန် တူညီသော လမ်းကြောင်း ရှေ့သို့ အတူတကွ လျှောက်လှမ်း နိုင်ကြောင်း ပြည်တွင်း ပြည်ပ ကို ပြသ နိုင်ခဲ့ပြီ ဖြစ်သည်။

 

ဒေသအနှံ့အပြားတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ရုံသာမက တရုတ်၏ဩဇာလွှမ်းမိုးမှုမှ ကင်းစင်ပြီး သီးခြားလွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်းရှိ လာမည် ဖြစ်၍ လွန်စွာ အရေးပါလှပေသည်။ ၁၀၂၇ စစ်ဆင်ရေးကဲ့သို့သော အတိုင်းအတာမျိုးဖြင့် တော်လှန်ရေးအရှိန်အဟုန် ပြန်လည်ကောင်းမွန်လာစေရန်အတွက် စစ်မြေပြင်တွင် အောင်နိုင်မှုများရရှိရန် လူထုတစ်ရပ်လုံး၏ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမှုသည်လည်း အခြေခံအားဖြင့် အရေးကြီးကြောင်း သုံးသပ်သူအများအပြားက ပြောဆိုလာကြသည်။

 

သို့သော် နွေဦးတော်လှန်ရေးမဟာမိတ်အဖွဲ့ Spring Revolution Alliance ၏ အသစ်တဖန်ပေါ်ပေါက်လာသော လှုပ်ရှားမှုနယ်မြေများသည် တရုတ်၏ဩဇာလွှမ်းမိုးမှု အားအကောင်းဆုံးရှိနေသည့် ဒေသများနှင့် ထပ်တူကျနေသည်။ ထို့ကြောင့် SRA အနေဖြင့် ပြင်ပထိန်းချုပ်ကန့်သတ်မှုများမရှိဘဲ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များကို လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်အပေါ် မေးခွန်းများ ပို၍ပင် ထွက်ပေါ်လာပြန်သည်။

 

ချင်းပြည်နယ် တွင် အာရက္ခ တပ်တော်၏ အနီးကပ်ဆုံး မဟာမိတ် ဖြစ်သည့် ချင်းညီနောင် မဟာမိတ် အဖွဲ့သည် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့များကို သိမ်းယူထား၍ ချင်းပြည်နယ် တဝက် ကျော်ကျော် ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ အာရက္ခ တပ်တော်သည်လည်း တရုတ်၏ ဖိအားပေးလာမှုများကို ကြံ့ကြံ့ခံ၍ SRA တွင် ပါဝင်သော တပ်များ နှင့် ချိတ်ဆက်ထားပြီး ဖြစ်သည်။

 

ယခုအခါတွင် SRA သည် ဖွဲ့စည်းပုံကို ပီပြင်အောင် အရင် တည်ဆောက်နေပြီး၊ စစ်ဆင်ရေး များ မကြာမီ စတင်လာတော့မည်ဟု သိရသည်။

 

တရုတ်ဩဇာခံ တအာင်း များ နှင့် မဟာမိတ် ပြုခဲ့သော ပအို့ တော်လှန်ရေး တပ်များ၊ စစ်ကိုင်း တိုင်း အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များ၊ နိုင်ငံတောင်ပိုင်းရှိ မြန်မာ ကျောင်းသား တော်လှန်ရေး တပ်များလည်း ပူးပေါင်းလာကြသည်။

 

တိုက်ပွဲများက မကွေးတိုင်း အတွင်း တွင်လည်း ဖေါ်ဆောင်လာနိုင်ခဲ့သည်။ ဆင်ဖြူကျွန်း နှင့် စလင်း မြိုနယ် များ အတွင်း တိုက်ပွဲ များတွင် ဗမာ တပ်တော် BA သည် လည်း ပါဝင်လာခဲ့သည်။ ထို့ပြင် ကျောက်ဖြူ တိုက်ပွဲ များတွင်လည်း အာရက္ခ တပ်တော် နှင့်လည်း လက်တွဲ တိုက်ပွဲ ဝင်လျက် ရှိသည်။

 

SRAတွင် ပါဝင်လာသော တပ်ဖွဲ့များသည်လည်း ရှေ့တန်း စစ်မျက်နှာ အသီးသီး တွင် တိုက်ပွဲ ဝင်နေကြပြီ ဖြစ်သည်။ 

သိန္ဓီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော် မြို့သိမ်း တိုက်ပွဲကြီး များတွင် ကိုးကန့် တပ်မဟာ ၆၁၁ နှင့် လက်တွဲ တိုက်ပွဲဝင်ခဲ့သော ကရင်နီ တော်လှန်ရေး တပ်များ၊ ဗမာ ပြည်သူ လွတ်မြောက်ရေး တပ် BPLA တို့လည်း ပါဝင်လာသည်။

 

တရုတ် ဩဇာခံ တအာင်း တို့နှင့် အတူ နောင်ချို၊ ကျောက်မဲ တိုက်ပွဲ ကြီးများတွင် ပါဝင်ခဲ့သော ဓနု ပြည်သူ့ လွတ်မြောက်ရေးတပ်၊ ကရင်နီ တော်လှန်ရေး တပ် KNDF တို့နှင့် ပူးပေါင်းပြီး မိုးဗြဲ၊ ဖယ်ခုံ တိုက်ပွဲများတွင် ပါဝင်ခဲ့သော ပအို့ တော်လှန်ရေး တပ်များလည်း အဖွဲ့ဝင် ဖြစ်လာသည်၊ ဤသည်ကို ကြည့်ခြင်း အား ဖြင့် SRA သည် တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်နေပြီး ဖြစ်သော တပ်များ စုရုံး ဖွဲ့စည်းထားခြင်း လည်း ဖြစ်သည်။

 

နွေဦးတော်လှန်ရေးမဟာမိတ်အဖွဲ့ (SRA) ပေါ်ပေါက်လာခြင်းသည် နှစ်ပေါင်းများစွာအတွင်း တော်လှန်ရေးအင်အားစုများအကြား ပထမဆုံးအကြိမ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကွပ်ကဲမှုအောက်တွင် မရှိသော လက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများ ၏ အပြင်ဘက်တွင်ရှိနေသော အင်အားစုများကို တပေါင်းတစည်း ထဲ ဖြစ်‌ အောင် စုစည်းပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

SRA ပြောရေးဆိုခွင့်ရှိသူ က ၎င်းတို့ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်စဉ်ကာလအတွင်း NUG တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ အောင်မြင်မှုများကို အသိအမှတ်ပြုပြောဆိုရင်း၊ SRA ကို အဆိုပါ အစုအဖွဲ့နှစ်ခုလုံး၏အောက်တွင် တရားဝင်ပါဝင်ခြင်းမရှိသေးသည့် အဖွဲ့အစည်းများကို စုစည်းညီညွတ်စေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

၁၀၂၇ စစ်ဆင်ရေး အောင်မြင်သွားခဲ့ရခြင်းသည်လည်း စစ်အုပ်စုသည် ၎င်းတို့ တပ်များကို စစ်မျက်နှာ အသီးသီး သို့ ဖြန့်ကျက် ချထားရသည့် အပြင် လူထု၏ တခဲနက် ဆန့်ကျင် တွန်းလှန် မှု ကို ခံခဲ့ရသော ကြောင့် ဖြစ်၍ မိမိတို့လည်း ထိုမဟာဗျူဟာ အတိုင်း ‌ဆက်၍ တိုက်ပွဲ ဝင်သွားမည်ဟု ၎င်းက မှတ်ချက်ချခဲ့သည်။ 

 

ယခုအသစ်ဖွဲ့စည်းလိုက်သော SRA တွင် ပါဝင်သည့် အဖွဲ့အစည်းများသည် တရုတ်နယ်စပ်နှင့် ဝေးကွာသော ဒေသများတွင် အခြေစိုက်ကြသဖြင့် တရုတ်အစိုးရအနေဖြင့် ၎င်းတို့အပေါ် ယခင်အဖွဲ့များကဲ့သို့ ဖိအားပေး လွှမ်းမိုးနိုင်စွမ်း မရှိတော့၍ ပဋိပက္ခ၏ နောက်ထပ်ခြေလှမ်းသစ်ကို ပုံဖော်ပေးမည့် အကြောင်းရင်းတစ်ခု ဖြစ်လာ ပေတော့မည်။

 

ထိုတပ်ပေါင်းစု တွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ စစ်ရေး အဖွဲ့ဖြစ်သော ပြည်သူ့ လွတ်မြောက်ရေး တပ် PLA ကိုပင် ထည့်သွင်းထားခြင်း မရှိပေ။

 

လက်ရှိ SRA တွင် ပူးပေါင်း အင်အား ၁၅,၀၀၀ ခန့် ရှိနေပြီး ပူးတွဲ စစ်ရေး ကော်မတီ ၏ ညှိနှိုင်း ကွပ်ကဲမှု ဖြင့် တိုက်ပွဲ ဝင်သွားမည် ဖြစ်သည်။

 

စစ်အုပ်စု အား အသက်ရှု ပေါက်ရရန် တရုတ်၏ ဝင်ရောက် စွက်ဖက်နေမှု သည် ပြည်သူတို့၏ တော်လှန်ရေး တွင် အကြီးမားဆုံး အဟန့်အတား ဖြစ်လာနေ၍ နွေဦးတော်လှန်ရေး မဟာမိတ် အဖွဲ့ကြီး ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ကိုးကား - မြန်မာ နောင်း