နိုင်ငံတကာ တရားရုံးချုပ်တွင် တရားသူကြီး ချုပ် ဂျပန်မှ အီဝါဆာဝါ ယူဂျီ ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦးမှ စစ်အုပ်စု၏ လုပ်ရပ်များ အား ဂျီနိုဆိုက် လုပ်ရပ် မြောက်မမြောက် စစ်ဆေး နေမှု သည် လေးရက် ကျော်လာခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် ဂမ်ဘီယာ ဖက်မှ လျှောက်လှဲ တင်ပြချက် အဆုံးသတ် သွားပြီ ဖြစ်၍ ဇန်နဝါရီ ၁၆ တွင် မြန်မာ ဖက်မှ ပြန်လည် ချေပရမည် ဖြစ်ပြီးအမှန်တကယ် ကျုးလွန်ခြင်း ခံခဲ့ရသူ များ၏ ထွက်ဆိုချက် ကို ဇန်နဝါရီ ၂၁, ၂၂, ၂၃ ရက်များ တွင် သုံးရက်ကြာ တံခါးပိတ် ကြားနာ စစ်ဆေးမည် ဖြစ်သည်။
၎င်းတို့ မည်သို့ ထွက်ဆိုကြမည်ကို လောလောဆယ် သိနိုင်စွမ်း မရှိသော်လည်း ဂမ်ဘီယာ၏ လျှောက်လှဲ တင်ပြချက်များတွင် မူ မမျှော်လင့်ပဲ သီတဂူ ဆရာတော်၏ ဟောပြောခဲ့မှု များကို ဒုတိယ နေ့ အင်္ဂါနေ့တွင် သက်သေ အဖြစ် တင်သွင်းလာခဲ့ပြီ ဖြစ်သည်။
သီတဂူဆရာတော်၏ ၂၀၁၇ အတွင်း စစ်တပ်အရာရှိများကို ဟောကြားခဲ့သည့် "ကုလားဗျိုင်း" တရားကို ကိုးကား၍ စစ်သားများအနေဖြင့် ဘာသာခြားများကို သတ်ဖြတ်ခြင်းသည် အပြစ်မရှိ ဆိုသည်ကို ဂမ်ဘီယာဖက်မှ ရှေ့နေ များ နှင့် ကျွမ်းကျင်သူများ က ကိုးကားလာခြင်း ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓတရားတော်များကို ယုံကြည် ဆည်းကပ်ခြင်း မရှိသူများ သည် အဆိုး အကောင်း ကို မဝေခွဲနိုင်သည့် တရိစ္ဆာန်များသာ ဖြစ်သည်ဟု လည်း ဆိုသည်။ ယင်းသည် ဗုဒ္ဓဘာသာ မဟုတ်သူများကို သတ်ဖြတ်ခြင်းသည် တရိစ္ဆာန်များကို သတ်ခြင်း နှင့် အတူတူ ဖြစ်သည်ဟု ရှင်းလင်းစွာ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်ဟု ဂမ်ဘီယာ ဖက်မှ ရှေ့နေများက ပြောဆိုလာသည်။
သီတဂူဆရာတော်မှ သီရိလင်္ကာ ရာဇဝင်ကျမ်းဖြစ်သော မဟာဝံသ ကျမ်း ပါ ဒုဋ္ဌဂါမဏိမင်းကြီး နှင့် ရဟန်းများ ပြောသည် ကို ကိုးကား၍ ယခုလို ဟောကြားသွားခဲ့သည်။
"စစ်ပွဲအတွင်းမှာ ဘာသာမဲ့တွေနဲ့ ယုတ်မာတဲ့ စစ်သား ၅ သိန်းလောက် သေဆုံးခဲ့တယ်။ ဗုဒ္ဓဘာသာမှာ လူသတ်မှုဟာ အကြီးလေးဆုံး အပြစ်တွေထဲက တစ်ခုဖြစ်တဲ့အတွက် ဒီကိစ္စကြောင့် ဘုရင်ကြီးဟာ ညဘက်မှာ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရတယ်။ ဒါကို သိသွားတဲ့ ရဟန်း ရှစ် ပါးက ဘုရင်ကြီးကို အခုလို မိန့်ကြားခဲ့ကြတယ် - 'အရှင်မင်းကြီး၊ စိုးရိမ်တော်မမူပါနဲ့။ သင်သတ်ခဲ့တဲ့သူတွေထဲမှာ တစ်ယောက်မှ ဗုဒ္ဓဘာသာဝင် မဟုတ်ကြဘူး။ သူတို့တွေဟာ ဗုဒ္ဓရဲ့ တရားတော်တွေကို မလိုက်နာတဲ့အတွက် ဘာက ကောင်းတယ်၊ ဘာက ဆိုးတယ်ဆိုတာကို မသိကြဘူး။ ကောင်းဆိုးကို မသိတာဟာ တိရစ္ဆာန်တွေရဲ့ သဘာဝပဲ ဖြစ်တယ်။ သင်သတ်ခဲ့တဲ့ ၅ သိန်းထဲမှာ လူလို့ သတ်မှတ်လို့ရတဲ့သူဟာ တစ်ယောက်နဲ့ တစ်ပိုင်းပဲ ရှိပါတယ်။ ဒါကြောင့် ဒါဟာ အပြစ်အနည်းငယ်သာ ဖြစ်ပြီး အရှင်မင်းကြီး စိုးရိမ်နေဖို့ မလိုပါဘူး' လို့ လျှောက်တင်ခဲ့ကြတယ်"
နာမည်ဆိုး ဖြင့် ကျော်ကြားနေသည့် မဘသ အစည်းအရုံး၏ ဒုဥက္ကဌ ဖြစ်ခဲ့စဉ်က ဟောပြောခဲ့ခြင်း ဖြစ်ပြီး ထိုရဟန်း ရှစ်ပါးသည်လည်း ငါ့လိုပဲ မင်း အကြိုက်လိုက်ပြောရသူတွေ များ ဖြစ်နေမလားဟု ဆန်းစစ်သင့်ပေသည်။
ထိုသို့ ဟော ပြောခဲ့မှု ဖြင့် မြန်မာစစ်တပ် လုပ်ရပ်များကို အပြစ်မရှိ ကြောင်း စစ်အာဏာရှင်များကို ဘာသာရေးအရ မှိုင်းတိုက်ပေးခဲ့သည့် အတွက် ပို၍ပင် လက်ရဲဇက်ရဲ ဖြစ်လာကြသည်ဟု စွပ်စွဲလာခဲ့သည်။
မြန်မာစစ်တပ်က ၎င်းတို့၏ နယ် မြေ ရှင်းလင်း ခြင်း ဆိုသည့် စစ်ဆင် ရေး အတွင်းအစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် လှုံ့ဆော်သည့်အနေဖြင့် သီတဂူဆရာတော်၏ ဟောကြားချက်ကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အကြီးအကျယ် ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေအဖွဲ့က လျှောက်လဲချက် ပေးခဲ့သည်။"
ဤသို့ ကမ္ဘာခုံရုံး ရှိ မင်းပရိသတ် အလယ် တွင် ပြောဆိုခံခဲ့ရခြင်းသည် ဗုဒ္ဓဘာသာ အတွက် လွန်စွာမှပင် ထိခိုက်နစ်နာ သွားခဲ့ရပြီ ဖြစ်သည်။
ဗုဒ္ဓတရားတော်အရ "သတ်ဖြတ်ခြင်းကို ကောင်းသည်ဟု ယူဆခြင်း" (သို့မဟုတ်) "သတ်ဖြတ်ရန် တိုက်တွန်းခြင်း" သည် မှားယွင်းသော အယူအဆ မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး သံသရာတွင် အလွန်ကြီးလေးသော အကုသိုလ်ကို ဖြစ်စေသည်ကို ၎င်း၊ ဗုဒ္ဓ၏ တရားစစ်စစ် သုတ္တန်များ တွင် လူသားတစ်ဦးကို သတ်ခြင်းသည် ထိုသူ၏ ဘာသာရေး၊ လူမျိုးရေးအပေါ် မူတည်၍ အပြစ်လျော့နည်းသွားသည်ဟု မည်သည့်နေရာတွင်မျှ မဆိုထားပါလျက် အဘယ်ကြောင့် ထိုသို့ ပြောဆိုရပေသနည်း။
ထိုစဉ်က ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာ ပညာရှင်များနှင့် အဖွဲ့အစည်းများက ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။ International Network of Engaged Buddhists (INEB) ကဲ့သို့သော အဖွဲ့အစည်းများက ဗုဒ္ဓဘာသာသည် မည်သည့်အခါမျှ အကြမ်းဖက်မှုကို အားမပေးကြောင်းနှင့် ထိုဟောကြားချက်သည် ဗုဒ္ဓ၏ မေတ္တာတရားလမ်းစဉ်နှင့် လုံးဝ လွဲချော်နေကြောင်း ထုတ်ပြန်ခဲ့ကြသည်။
အနောက်နိုင်ငံများမှ ဗုဒ္ဓဘာသာ ပညာရှင်များက သီတဂူဆရာတော်၏ ဟောကြားချက်ကို "ဗုဒ္ဓဘာသာ အမျိုးသားရေး အစွန်းရောက်ဝါဒ" ၏ အန္တရာယ်ရှိသော ပုံစံတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ကလည်း မဘသ' အဖွဲ့အပေါ် လူသိရှင်ကြား ကန့်ကွက်ပြောဆိုခဲ့ကြသည်။ ဆရာတော်ကြီးများက 'မဘသ' အဖွဲ့၏ မူဝါဒများသည် မြန်မာနိုင်ငံရှိ သံဃာထုတစ်ရပ်လုံးကို ကိုယ်စားမပြုသကဲ့သို့ ဗုဒ္ဓဘာသာ၏ အနှစ်သာရကိုလည်း ထင်ဟပ်ခြင်းမရှိကြောင်း မိန့်ကြားခဲ့ကြသည်။
ဇန်နဝါရီ ၁၄ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော် မှ ပြဋ္ဌာန်း လိုက် သော Rohngya Gap Act H.R 7006 တွင် မြန်မာအတွက် တနှစ်လျင် ဒေါ်လာ သန်း ၁၀၀ ဖြင့် ငါးနှစ်ဆက်တိုက် ပေးအပ်သွားမည့် ရံပုံငွေ ခွဲတမ်း အပြင် အကြမ်းဖက်မှု များကို တိုက်ရိုက် ကျူးလွန်သူများသာမက၊ ထိုလုပ်ရပ်များကို အားပေးအားမြှောက်ပြုသူများကိုပါ အရေးယူနိုင်မည့် အချက်အလက်များ တိတိကျကျ ပါဝင်လာသည်။ ထို့ဥပဒေအား ဆီးနိတ်မှ အတည်ပြုပြီး အမေရိကန် သမ္မတ မှ လက်မှတ် ရေးထိုးလိုက်ပြီ ဆိုက သီတဂူ ဆရာတော်သည်လည်း ပိုင်ဆိုင်မှုများ ထိန်းချုပ်ခံရနိုင်ပြီး ဒဏ်ခတ် ပိတ်ဆို့ အရေးယူသည့် စာရင်းထဲ ပါဝင်သွားတော့မည် ဖြစ်သည်။
ဂန္ဓီ ကြီးမှ မေတ္တာ၊ သစ္စာ၊ အကြမ်းမဖက်မှုနှင့် မြင့်မြတ်သော စံနှုန်းများသည် တစ်ခါတစ်ရံတွင် သေနတ်၊ ဗုံး၊ လှံစွပ်များထက်ပင် ပိုမိုစွမ်းအားကြီးကြောင်း လက်တွေ့ပြသနိုင်ခဲ့သည်ကို သမိုင်းက သက်သေထူခဲ့ပြီး ဖြစ်သည်၊ အလားတူ သီတဂူ ဆရာတော် ဘုရားကြီးသည်လည်း လက်ရှိ ဒုက္ခပင်လယ်ဝေနေသော လူထုကြီးအတွက် လိုအပ်နေသည့် တရားမျှတမှု၊ လူ့ကျင့်ဝတ်၊ ငြိမ်းချမ်းရေးနှင့် လွတ်လပ်မှုတို့ကို ရရှိစေရန် ရမ်းကားချင်တိုင်း ရမ်းကာနေသူများကို ထိန်းကျောင်း ပဲ့ပြင် နိုင်ခဲ့က မည်မျှ ကောင်းလေမည်နည်း။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!