စစ်အုပ်စု ၏ ဂျီနိုဆိုက် အမှု ပထမ နေ့

by Hla Soewai - Jan 19 2026

ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ပထမ နေ့ အဖြစ် မြန်မာ စစ်အုပ်စု မှ ရိုဟင်ဂျာ လူနည်းစု များ အပေါ် ဂျီနိုဆိုက် ကျုးလွန်မှု ရှိမရှိ ကြားနာ ပွဲ ကို အိုင်စီဂျေ တွင် စတင်လိုက်ပြီ ဖြစ်သည်။

 

ယင်းသည် ဆယ်စုနှစ် ကျော် ကာလ အတွင်း အိုင်စီဂျေ၏ ပထမဆုံးအကြိမ် ကြားနာ စစ်ဆေးမည့် တရားခွင်လည်း ဖြစ်ပြီး သုံးပတ်ခန့် ကြာမည် ဟု သိရသည်။

 

ထိုကြားနာပွဲ အား ယခုတကြိမ်တွင်လည်း တကမ္ဘာလုံးက စတင် အာရုံစိုက် စောင့်ကြည့်လာမည် ဖြစ်သည်။ ပထမ တကြိမ်တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရောက်ရှိလာ၍ ဖြစ်ပြီး ယခု ကြားနာပွဲမှ ထွက်ပေါ်လာမည့် ရလဒ်သည် ဂါဇာရှိ ပါလက်စတိုင်း များအပေါ် အစ္စရေး ကျုးလွန်ခဲ့မှု များ အတွက် တောင်အာဖရိက မှ တရားလို ပြုလုပ်၍ ရုံးတင်လာသည့် အမှု အပေါ် ရိုက်ခတ်မှု ရှိလာနိုင် သော ကြောင့်ဖြစ်သည်။

 

တရားလို ဖြစ်သည့် ဂမ်ဘီယာမှ တရားရေး ဝန်ကြီး ဒေါဒါ ဂျာလို မှ ရိုဟင်ဂျာများသည် ငြိမ်းချမ်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်လိုသော သာမန် လူသားများသာဖြစ်ကြောင်း တရားသူကြီးများအား ၎င်း၏ အဖွင့် ‌လျှောက်လှဲချက် တွင် ထည့်သွင်း ပြောဆိုခဲ့သည်။

 

"ထိုသို့သော လူများအား ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့ ပစ်မှတ်ထားခဲ့ကြတာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၎င်းတို့၏ အိပ်မက်များကို ငြင်းပယ်ခဲ့ရုံတင်မက ဘဝများကို ပါ လူသားတစ်ယောက် စိတ်ကူးကြည့်နိုင်သမျှ အဆိုးရွားဆုံး အကြမ်းဖက်မှုများ၏ ဖျက်ဆီးမှုအောက်တွင် ခြောက်ခြားဖွယ်ရာ အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်အောင် ဖန်တီးခဲ့တာ ဖြစ်ကြောင်း" ၎င်းက ပြောကြားခဲ့သည်။

 

ကုလ အချက်အလက် ရှာဖွေရေး အဖွဲ့မှလည်း စစ်အုပ်စု၏ လုပ်ရပ်များသည် "ဂျီနိုဆိုက် အထ မြောက်ကြောင်း" ကောက်ချက် ချထားခဲ့ပြီးလည်း ဖြစ်သည်။

 

ယခုအခါ ရိုဟင်ဂျာ ဒုက္ခသည် များ ကိုပါ ရုံးတော်ရှေ့ ခေါ်ယူ ကြားနာမည့် ပွဲလည်း ဖြစ်၍ စစ်အုပ်စု ကိုယ်စားလှယ်များ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

 

သို့သော်လည်း ထိခိုက်လွယ်သည့် ကိစ္စရပ်ဖြစ်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး အကြောင်းပြချက်များကြောင့် ထိုကြားနာမှုများကို လူထုနှင့် သတင်းမီဒီယာများ ကြည့်ရှုခွင့်မရအောင် တံခါးပိတ် ပြုလုပ်သွားမည်ဖြစ်သည်။

 

"မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာကို ကမ္ဘာကသိအောင်၊ ကျွန်တော်တို့ဟာ အဲဒီလို ကျူးလွန်ခံရတဲ့ သားကောင်တွေဖြစ်ပြီး တရားမျှတမှုနဲ့ ထိုက်တန်တယ်ဆိုတာကို ပြသနိုင်မယ့် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ထွက်လာဖို့ မျှော်လင့်ပါတယ်" ဟု စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည်ဟု ဆိုသော အသက် ၅၂ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည် ယူဆွတ်ဖ် အလီ က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

စစ်အုပ်စု ကမူ ထိုအစီရင်ခံစာကို ပယ်ချခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးမှာ မွတ်စလင်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့် တရားဝင် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ရပ် သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဂမ်ဘီယာ ဖက်မှ ဝင်ရောက်ပါဝင်မည့် ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ နယ်သာလန်၊ မော်လဒိုက် နိုင်ငံများ၏ စာဖြင့် ရေးသား တင်ပြမှု များကိုလည်း တရားရုံး က လက်ခံ ထည့်သွင်းစဉ်းစားမည် ဖြစ်သည်ဟု သိရသည်။

 

ယခု တကြိမ်တွင်တော့ မြန်မာ ပြည်သူ များက ၎င်းတို့ကိုယ်ပင် အလားတူ ကျုးလွန်ခံခဲ့ရပြီ ဖြစ်၍ စစ်အုပ်စု ဖက်မှ ရပ်တည်ပေးမည့်လူ တဦးတ‌ ယောက်မျှ ရှိတော့မည် မဟုတ်သည့် အနေအထား နှင့် ကြုံလာရပြီ ဖြစ်သည်။

 

စစ်အုပ်စု အဖို့ ဆိုးဆိုးရွားရွား အချိန်တိုက်ဆိုင်လာခြင်းလည်း ဖြစ်သည်။ ၎င်းတို့၏ ရွေးကောက်ပွဲ အား နိုင်ငံတကာမှ အသိအမှတ် ပြုလာအောင် တရုတ် အကူအညီယူ၍ အသည်းအသန် လုံးပမ်းနေချိန်တွင် ယခုလို အမှု ကြီးသည် အချိန်ကိုက်ထားသည့် အလား ထွက်ပေါ်လာခြင်းလည်း ဖြစ်ပေတော့သည်။

 

ယခု ကြားနာပွဲမှ ထွက်ပေါ်လာမည့် အမိန့်သစ်များသည် စစ်အုပ်စု ကို စစ်ရေးအရ မတားဆီးနိုင်သော်လည်း နိုင်ငံတကာ စင်မြင့် တွင်တော့ တရားဝင်မှုထက် ၎င်းတို့ကို "ရာဇဝတ်ကောင်များ" အဖြစ် ပိုပြီး အထီးကျန်သွားစေမှာ ဖြစ်ပြီး၊ နောင်တစ်ချိန် တာဝန်ခံမှု ဖော်ဆောင်သည့် အခါ တွင်လည်း အစားထိုးမရသည့် အထောက်အထား များ ဖြစ်လာပေတော့မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!