ဒေါ်နယ် ထရမ့်သည် အီရန်ရှိ ဆန္ဒပြသူများကို "ကယ်တင်မည်" ဟု ကတိပေးနေသော်လည်း ၎င်းမည်သို့ မည်ပုံ ကြိုးပမ်းနိုင်မည်နည်း။
ဒေါ်နယ် ထရမ့် ပြောပုံအရဆိုလျှင် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ၏ အဆုံးသတ်သည် နီးကပ် နေပြီဖြစ်သည်။ ၎င်းက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် 'အီရန်နိုင်ငံသည် တစ်ခါဖူးမျှမကြုံဖူးသေးသည့် လွတ်လပ်မှုမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရတော့မည်၊ အမေရိကန်မှ ကူညီရန် အသင့်" ဟု ကြေညာခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက် အီရန်တွင် ဆန္ဒပြမှု များ စတင်ဖြစ်ပွားလာချိန်မှစ၍ ထရမ့်သည် ထိုကဲ့သို့ ကြေညာမှုမျိုး မကြာခဏ ပြောလာခဲ့ပြီးလည်း ဖြစ်သည်။ အကယ်၍ အီရန်အစိုးရသည် ဆန္ဒပြသူများကို သတ်ဖြတ်မည်ဆိုပါက အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် 'အသင့်ပြင်ဆင်ထားပြီး' ဖြစ်ကြောင်း သတိပေးခဲ့သည်။ ထိုသို့ လုပ်မည်ဆိုက ငရဲကျသလိုမျိုး ပေးဆပ်ရလိမ့်မည်' ဟု လည်း ပြောခဲ့သည်။
အများထင်ထားသည့် အတိုင်းပင် အီရန် ခေါင်းဆောင်များက ၎င်း၏ သတိပေးချက်ကို ဂရုစိုက်ခဲ့ကြခြင်း မရှိပေ။ ဈေးဆိုင် ပိုင်ရှင်များ၏ ဆန္ဒပြရာကတဆင့် အစိုးရ၏ ဆက်ပြီး အုပ်ချုပ်ပိုင်ခွင့် မရှိ ဆိုသည်အထိ ပြဿနာ က ကြီးထွားလာခဲ့သည်။ အတွင်းလူ အချို့က အပြောင်းအလဲများ ဖြစ်လာမည်ဟုပင် ထင်ကြေး ပေးလာကြသည်။
အစိုးရက ဆန္ဒပြသူများ ကျေနပ်စေရန် မစို့တပို့ ငွေကြေးများ ပေးကမ်း၍ မရသည့် အဆုံးတွင် အစ္စလမ်မစ် အစိုးရသည် လူရာ ပေါင်းများစွာ ကို သတ်ဖြတ်လာခဲ့ကြသည်။ ဝါရှင်တန် အခြေစိုက် လူ့အခွင့် အရေး အဖွဲ့က သေဆုံးသူ ၄၉၀ ခန့် ရှိလာပြီဟု ဆိုသည်။ ထိုအရည် အတွက် သည်ပင် အမှန်တကယ် သေဆုံးသည့် နှုန်း ထက် သေချာပေါက် လျော့နည်းနေသည်။
ယင်းနှင့် အတူ ထရမ့်လည်း အကျပ်အတည်း နှင့် ကြုံလာရပေပြီ၊ ၎င်း ခြိမ်းခြောက်ထားသည့် အတိုင်း လုပ်မည် ဆိုလျက်ပင် ရွေးချယ်နိုင်ခွင့်က အနည်းငယ်သာ ရှိသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ထောက်ခံသည့် အနေဖြင့် စစ်ရေးအရ တိုက်ခိုက်မှု မျိုးသည် ယခင်က မရှိသ လောက် ပင်၊ အီရန် တွင် ဖြစ်ပွားနေသော မငြိမ်မသက်မှု များတွင် ယခုထိ ခေါင်းဆောင်မဲ့နေပြီး အကွဲကွဲ အပြားပြား ဖြစ်နေသည်။ အစိုးရ ဖက်ရှိ လက်နက်ကိုင် အကြီးအကဲများကို လည်း ၎င်းတို့ဖက် ပါလာအောင် မစည်းရုံးနိုင်သေးပေ။ အမေရိကန်အနေဖြင့် အတိုက်အခံများကို အားပေးကူညီမှုများ ပြုလုပ်ပေးနိုင်သော်လည်း အဆုံးအဖြတ်ပေးနိုင်လောက်သည် အထိ ဖြစ်လာနိုင် ဖွယ် မရှိ ဖြစ်နေသည်။
အီရန်အစိုးရသည် ပြီးခဲ့သည့် ကြာသပတေးနေ့ည ကတည်းက အင်တာနက် ကို ဖြတ်တောက်ထားခဲ့သောကြောင့် ဆန္ဒပြပွဲများကို နှိမ်နင်းမှုမှာ မည်မျှအထိ အကြမ်းဖက်ရက်စက်ခဲ့သည်ကို အတိအကျသိရှိရန် မဖြစ်နိုင်ပေ။ ပြည်ပမှ ရိုးရိုး တယ်လီဖုန်း လိုင်း ဖြင့်ပင် ဆက်သွယ်၍ မရ ဖြစ်နေသည်။ အမှောင်ချထားမှု သည် ဆန္ဒပြသူများကိုသာ အကျပ်ရိုက်စေသည် မဟုတ် စီးပွားရေးကိုပါ ထိခိုက်လာခဲ့သည်။ ၇၂ နာရီမျှ အမှောင်ချထားသည်ကို ကြည့်က အစိုးရသည် မည်မျှအထိ ထိတ်လန့် တုန်လှုပ်နေသည်ကို သိနိုင်ပေသည်။
သတင်းမှားများ ပျံ့နှံ့နေသော်လည်း အီရန်နိုင်ငံအတွင်းမှ ထွက်ပေါ်လာသော ခိုင်လုံသည့် သတင်းများသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်သည် - ဆေးရုံများတွင် သေနတ်ဒဏ်ရာရသူများဖြင့် ပြည့်နှက်နေပြီး ရင်ခွဲရုံများတွင်လည်း ရုပ်အလောင်းများ စုပုံနေသည်။
ထရမ့်သာ ထိုသို့ ခြိမ်းခြောက်မထားက ပို၍ ဆိုးသွားနိုင်သည်ဟု အချို့က ယုံကြည်နေကြသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုသို့ ဟန့်တားနိုင်စွမ်း ရှိသည့် အာနိသင်များသည် ဆုံးရှုံးသွားနိုင်ခြေ ရှိသည်။ ယခုအခါ ဆန္ဒပြမှု များသည် တတိယပတ်ထဲ ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ထရမ့်သည်လည်း အလုပ်နှင့် သက်သေပြဖို့ ဖိအားပေးခံလာရသည်။ မကြာမီ ရက်များက ၎င်း၏ အကြံပေး များ နှင့် လုပ်နိုင်သည့် အခွင့်အလန်းများကို ဆွေးနွေး တိုင်ပင်ခဲ့သော်လည်း ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေဆဲပင်၊ ယနေ့တွင် ထပ်မံ တွေ့ဆုံဖို့ ရှိနေသည်။
ရွေးချယ်စရာ နည်းလမ်းများမှာ ကန့်သတ်ချက်ရှိနေသည်။ နည်းလမ်းတစ်ခုမှာ အီရန်အစိုးရအပေါ် လုပ်သည်ဆိုယုံမျှ တိုက်ခိုက်ပြခြင်းဖြစ်သည်။ ထိုသို့ လုပ်မည်ဆိုက ပိုမိုကြီးမားသော ဆန္ဒပြပွဲများဖြစ်လာအောင် အနည်းဆုံး အချိန်အတိုင်းအတာတစ်ခုအထိ လှုံ့ဆော်ပေးနိုင်စွမ်း ရှိသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးဆက်အားဖြင့် ပြောင်းပြန်လည်း ဖြစ်သွားနိုင်သည်၊ အကြောင်းမှာ မစ္စတာထရန့်သည် ၎င်း၏ ခြိမ်းခြောက်ခဲ့မှုများကို အလေးအနက် အကောင်အထည်ဖော်ရန် တကယ်တမ်း ဆန္ဒမရှိကြောင်း ပြသရာရောက်သွားနိုင်သောကြောင့်ဖြစ်သည်။ ထိုအခါ ဆန္ဒပြသူများမှာ စိတ်ဓာတ်ကျသွားနိုင်ပြီး အစိုးရဘက်က ပိုမိုရဲတင်းလာကာ ပို၍ ပြင်းထန်စွာ နှိမ်နင်းလာနိုင်သည့် အန္တရာယ်ရှိလာသည်။
ယင်းအစား ထရမ့် အနေဖြင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို ပိုမိုကျယ်ပြန့်စွာ တိုက်ခိုက်ရန် စဉ်းစားနိုင်သည်။ အဆိုပါတပ်ဖွဲ့သည် အီရန်အစိုးရ၏ 'ဓားနှင့်ဒိုင်း' သဖွယ် ဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီကဖြစ်ပွားခဲ့သော အစ္စရေးနှင့် စစ်ပွဲတွင်လည်း အဓိကပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည့် အဖွဲ့အစည်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်မည်ဆိုက အစိုးရအတွက် လက်တွေ့ကျကျ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သလို၊ အတိုက်အခံများအတွက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အားဆေးတစ်ခွက် ဖြစ်လာ ပေမည်။ သို့သော်လည်း ဗုံးကြဲတိုက်ခိုက်မှုတစ်ခုတည်းဖြင့် IRGC နှင့် ၎င်း၏လက်ဝေခံ အရန်တပ်ဖွဲ့ဖြစ်သော 'ဘာဆစ်ဂျ်' (Basij) ကဲ့သို့သော အဖွဲ့များက လမ်းပေါ်ရှိ ဆန္ဒပြသူများကို ပစ်ခတ်နေခြင်းကို တားဆီး နိုင်လိမ့်မည် မဟုတ်။ ထို့ပြင် ယင်းလုပ်ရပ်သည် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့ဖူးသလို နိုင်ငံ ပြိုလဲပျက်စီးသွားမည်ကို စိုးရိမ်နေကြသော အီရန်ပြည်သူအချို့၏ ထောက်ခံမှုကို ဆုံးရှုံးသွားစေနိုင်သည့် အန္တရာယ်လည်း ရှိနေသေးသည်။
အဆုံးစွန် လုပ်မည်ဆိုက ခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ အပါအဝင် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များကို ပစ်မှတ်ထားလာနိုင်သည်။ ထရမ့်သည် ဗင်နီဇွဲလား တွင် အောင်ပွဲ ခံခဲ့သည်ကို ကြည့်ပြီး ကွန်မန်ဒို ပုံစံ စီးနင်း တိုက်ခိုက်လိုပေလိမ့်မည်၊ သို့သော် အီရန်သည် ဗင်နီဇွဲလားထက် ပို၍ ရှူပ်ထွေးနေသည်။ ဇွန်လ အတွင်း အစ္စရေး လုပ်သလို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် နိုင်သည်။ ထိုနှစ်ခု ထဲ တခုခု အောင်မြင်သွားမည်ဆိုက သေချာပေါက် အစိုးရ အပြောင်းအလဲ ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း အာဏာလုပွဲ များကြောင့် ကသောင်းကနင်း ဖြစ်လာပါက ဆန္ဒပြသူများ အကျိုး ယုတ်ဖို့သာ ရှိပြီး အနိုင်ရသွားမည့် သူ များက IRGC နှင့် ၎င်းတို့၏ မဟာမိတ်များ ဖြစ်လာပေမည်။
လောလောဆယ်တွင် အမေရိကန်အနေဖြင့် လုပ်ဆောင်နိုင်သည့်အရာများအပေါ် လက်တွေ့ကျကျ စဉ်းစားမည် ဆိုက ကန့်သတ်ချက်များ ရှိနေသည်။ အီရန်နိုင်ငံအတွင်း ရေရှည်စစ်ဆင်ရေးတစ်ခု အသွင် ဆက်လက်ထိန်းထားဖို့ဆိုသည်ကလည်း ခက်ခဲနိုင်ဖွယ်ရှိသည်။ ပင်တဂွန် သည် ပါရှန်ပင်လယ်ကွေ့အတွင်း၌ လေယာဉ်တင်သင်္ဘော တစ်စင်းမျှ ရှိမနေ။ အနီးဆုံးရှိနေသည့် 'ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်း' မှာလည်း မိုင်ပေါင်း ထောင်ချီဝေးကွာသော တောင်တရုတ်ပင်လယ်ထဲတွင် ရောက်ရှိနေသည်။ ဒေသတွင်းရှိ အခြေစိုက်စခန်းများတွင် တိုက်လေယာဉ်များ ရှိနေသော်လည်း အိမ်ရှင်နိုင်ငံများက ၎င်းတို့ကို အသုံးပြုခွင့် ပေးချင်မှ ပေးပေလိမ့်မည်။ ပင်လယ်ကွေ့နိုင်ငံများသည် အီရန်၏ လက်တုံ့ပြန်မှုကိုသော်လည်းကောင်း၊ အစိုးရပြိုလဲသွားပါက အီရန်တွင် ဖြစ်ပေါ်လာမည့် ပရမ်းပတာအခြေအနေကို သော်လည်းကောင်း စိုးရိမ်မကင်း ဖြစ်နေကြသည်။ တိုက်ခိုက်မှုမှန်သမျှကို တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ်ဖ် က တနင်္ဂနွေနေ့တွင် သတိပေးခဲ့သည်။ ထို့ပြင် အီရန်အစိုးရသည် အစ္စရေးနိုင်ငံသို့လည်း ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည်မှာ အသေအချာပင် ဖြစ်သည်။
ထိုသို့သော ရှုပ်ထွေးစရာ ဖြစ်လာနိုင်သော အခြေအနေများကြောင့် ထရမ့် အနေဖြင့် တာဝန်ရှိသူများအခေါ် 'လက်နက်အသုံးမပြုသော တုံ့ပြန်မှု' non-kinetic response ဘက်သို့ ဦးတည်သွားနိုင်သည်။ ဥပမာအားဖြင့် - အမေရိကန်သည် အီရန်နိုင်ငံအတွင်းသို့ စတားလင့်ခ် အင်တာနက်လက်ခံစက်များကို ပိုမိုပေးပို့နိုင်ပြီး၊ အီရန်ပြည်သူများအား အစိုးရ၏ အင်တာနက်ဖြတ်တောက်မှုကို ကျော်လွှားနိုင်ရန် ကူညီပေးနိုင်သည်။ သို့သော် အီရန်အစိုးရကလည်း ထိုသို့သော လိုင်းများကို နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းလာမည်သာ ဖြစ်သည်။ ထို့ပြင် အီရန်အစိုးရက ပြည်တွင်းအင်တာနက်လိုင်းများကို ပိတ်ဆို့ခြင်းမှ တားဆီးပေးနိုင်မည့် ဆိုင်ဘာ တိုက်စစ်ကိုလည်း အမေရိကန်က ဆင်နွှဲလာနိုင်သည်။
နိုင်ငံအား အင်တာနက် ပြန်လည်ချိတ်ဆက်ပေးနိုင်မည် ဆိုက အလွန်ပင် တန်ဖိုးရှိလှသည်။ အီရန်ပြည်သူများအကြား စုစည်းလှုပ်ရှားလာနိုင်ပြီး အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှု သက်သေ အထောက်အထားများကို ကမ္ဘာသို့ ချပြနိုင်မည် ဖြစ်သည်။ သို့သော်လည်း အစိုးရ၏ ရက်စက်မှုများ ကျူးလွန်နေခြင်းကိုမူ တားဆီးပေးနိုင်မည် မဟုတ်ပေ။ ထို့အတူပင် စီးပွားရေးပိတ်ဆို့မှုများကို ပိုမိုတင်းကျပ်စွာ အကောင်အထည် ဖော်ခြင်းကဲ့သို့သော အခြားရွေးချယ်စရာ နည်းလမ်းများသည်လည်း အကြမ်းဖက်မှုများကို တားဆီးနိုင်မည်မဟုတ်ပေ။
သမိုင်းကြောင်းအရလည်း အစဉ်အလာ မရှိ ဖြစ်နေသည်။ ၂၀၁၁ ခုနှစ်တွင် အမေရိကန်နှင့် မဟာမိတ်များက လစ်ဗျားနိုင်ငံအတွင်း ဝင်ရောက်စွက်ဖက်ချိန်၌ ကဒါဖီ အစိုးရကို ဆန့်ကျင်သည့် အတိုက်အခံများက လက်နက်ကိုင်စွဲပြီး ဖြစ်နေသည်။ ထိုစဉ်က မဟာမိတ်တပ်ပေါင်းစုသည် သူပုန်များ၏ ထိုးစစ်အတွက် လေကြောင်းပံ့ပိုးမှုပေးရန်သာ ဆုံးဖြတ်ခဲ့ကြသည်။ (သို့သော် ယင်း၏နောက်ဆက်တွဲရလဒ်ဖြစ်သော ၁၅ နှစ်ကြာ ပြည်တွင်းစစ်နှင့် ပရမ်းပတာအခြေအနေကိုမူ မည်သူမျှ တာဝန်ယူ လိုကြမည်မဟုတ်ပေ)။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ဆီးရီးယားရှိ ဘာရှာ အယ်လ် အာဆတ် အစိုးရကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာလည်း ဓာတုလက်နက်အသုံးမပြုရေး တားမြစ်ချက်ကို အာဏာတည်စေရန်အတွက်သာ ဖြစ်သည်။ အာဆတ်မှ သမားရိုးကျလက်နက်များကို သုံး၍ ၎င်း၏ ပြည်သူများကို သတ်ဖြတ်နေခြင်းကို တားဆီးရန် မကြိုးပမ်းခဲ့ကြပေ။
ယခုအခါ အီရန်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများမှ ဆန္ဒပြသူများကို 'ကယ်တင်မည်' ဟု ကတိပြုလိုက်ခြင်းဖြင့် ထရမ့်သည် မိမိကိုယ်ကိုယ် ပိုမိုမြင့်မားသော (သို့မဟုတ်) ပိုမိုခက်ခဲသော ရည်မှန်းချက်တစ်ခုကို သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။
(၂၀၂၆ ဇန်နဝါရီ ၁၁ အီကော်နောမစ် မဂ္ဂဇင်းပါ "The options America faces in Iran" ဆောင်းပါး အား ပြန်လည် တင်ပြသည်။)