စစ်အုပ်စု အပေါ် အာဆီယံ ကျဆုံးခံ၍ မဖြစ်

by Hla Soewai - Jan 19 2026

စစ်အုပ်စု သည် ၎င်းတို့ အဆင့်လိုက် လုပ်နေသော ရွေးကောက်ပွဲသည် နိုင်ငံ တည်ငြိမ်ရေး နှင့် ဖွဲ့စည်းပုံ နှင့် အညီ အစိုးရ တရပ် ပေါ်ထွန်းရေး ဆိုကာ ကမ္ဘာကို ချပြလာသည်၊ တကယ်တမ်းတွင် နိုင်ငံ အနှံ လုပ်ချင်းလည်း မဟုတ်၊ တရားမျှတပြီး လူတိုင်း လွတ်လွတ်လပ်လပ် ပါဝင်ယှဉ် ပြိုင်ခွင့်လည်း မရှိသော ရွေးကောက်ပွဲ မျိုးသာ ဖြစ်သည်ဟု ဩစတေးလျှ The Interpreter စာစောင်တွင် အထက်ပါ‌ ခေါင်းစဉ် ဖြင့် ရေးသားထားသည်ကို ကောက်နှုတ် တင်ပြသွားပါမည်။

 

လက်ရှိတွင် မရေမရာ ဖြစ်နေသည့် အာဆီယံ၏ တုန့်ပြန်မှု သည် ၎င်းတို့ လုပ်သည့် ရွေးကောက်ပွဲထက် ပို၍ အရေးပါနေသည်။ ‌ထို ရွေးကောက်ပွဲ ဆိုသည်က အာဏာရှင် စနစ် ကို ပြန်လည် အသက်သွင်းနိုင်ခြင်း ရှိမရှိ နှင့် ဒေသတွင်း နိုင်ငံရေး စနစ်ကို ပြန်လည် ပုံဖေါ်နိုင်ခြင်း ရှိမရှိ စမ်းသပ်လာသည့် ပွဲလည်း ဖြစ်သည်။

 

ထွက်ပေါ်လာသော ရလဒ်များသည်လည်း ၎င်းတို့၏ တဆင့်ခံ ပါတီ ဖြစ်သော USDP သည် မည်သို့မျှ ဖြစ်နိုင်ခြေ မရှိလှသော ၈၀ ရာနှုန်း ကျော် ဖြင့် အနိုင်ရရှိခဲ့သည်ဟု ပြောလာပြီ ဖြစ်သည်။

 

ဤသည်ကပင် ရွေးကောက်ပွဲ လုပ်ရသည့် ရည်ရွယ်ချက်ကို ပြဆိုနေခြင်းပင် ဖြစ်သည်။ ပြည်သူ့ဆန္ဒကို နိုင်ငံရေးအာဏာအဖြစ် အသွင်ပြောင်းရန် ရည်ရွယ်ထားခြင်း မဟုတ်။ စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှု ပုံသဏ္ဍန် ကို တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိဘဲ၊ လုပ်ထုံးလုပ်နည်းအရ တရားဝင်မှုရှိစေရန် ဟန်ပြ ဖန်တီးယူသည့် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်သည်။

 

 ဤရွေးကောက်ပွဲကို ကျယ်ကျယ် လောင် လောင်တရားဝင် အသိအမှတ်ပြုလိုက်ခြင်းမျိုး မဟုတ်သော်လည်း အခြေအနေများ ပုံမှန်ပြန်ဖြစ်သွားပြီ ဟူသော အယူအဆ နောက် အာဆီယံက လိုက်ပါသွားမည် ဆိုက အာဆီယံ၏ မူဝါဒနှင့် ဂုဏ်သိက္ခာအတွက် အန္တရာယ်ရှိလာ နိုင်ပေသည်။

 

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ရွေးကောက်ပွဲရလဒ်ကို စောစီးစွာ တရားဝင်အသိအမှတ်ပြုခြင်းမျိုးကို ရှောင်ကြဉ်ပြီး၊ ရွေးကောက်ပွဲအပြီး ဖြစ်ထွန်းတိုးတက်မှုများကို အဖွဲ့အနေဖြင့် ပြန်လည်သုံးသပ်သွားမည်ဟု ပြောခဲ့သည်။ သို့သော်လည်း မြန်မာ့အရေးတွင်မူ ထိုသို့ အလွန်အမင်း သတိထားနေခြင်းသည် လက်ရှိ ဖြစ်ပျက် နေသည်များကို အပြောင်းအလဲ တစ်ခုခုဖြစ်အောင် မလုပ်နိုင်၍ အသာတကြည် ငုံ့ခံပြီး အလျော့ပေး လက်ခံလိုက်သလို ဖြစ်သွားနိုင်ပေသည်။

 

ဤရွေးကောက်ပွဲကို ရှေ့သို့လှမ်းသော ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ခြင်းသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို အနှစ်မဲ့သွားစေမည် ဖြစ်သည်။ ထို့ပြင် စစ်အုပ်စုသည် မိမိတို့ ဘုံသ‌ဘော တူညီချက်ကို လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ ဆိုသည် ကို သုံးသပ်နိုင်ခြင်း မရှိတော့ဘဲ ချိုးဖောက်သူဖက်က စိတ်တိုင်းကျ ပြန်လည်သတ်မှတ် ပေးလာသည်ကို လက်ခံလိုက်ခြင်းပင် ဖြစ်သည်။

 

ထိုအရေးသည် မြန်မာနိုင်ငံတစ်ခုတည်းတင်မကဘဲ ထိုထက်မက သက်ရောက်မှုများ ရှိနေသည်။ အာဆီယံသည် ၎င်း၏ တရားဝင်မှုကို ဒီမိုကရေစီ တန်ဖိုးထားမှုများထက် ဒေသတွင်း တည်ငြိမ်ရေးအပေါ်တွင်သာ အခြေခံ၍ ကာလရှည်ကြာ ရပ်တည်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုသည် ပြင်ပဖိအားကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လက်ရှိအာဏာကို ဆုပ်ကိုင်ထားသူများ ကိုယ်တိုင်က ဖန်တီးခဲ့ခြင်းဖြစ်သည်။ အကယ်၍ စစ်အုပ်စုတစ်စုသည် ရွေးကောက်ခံအစိုးရကို ဖြုတ်ချ၊ အတိုက်အခံများကို ထောင်သွင်းအကျဉ်းချပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မီးမွှေးနိုင်ရုံမျှမက၊ ၎င်းတို့ စိတ်ကြိုက်စီမံထားသော ရွေးကောက်ပွဲများမှ တစ်ဆင့် ဒေသတွင်း၌ နေရာ ပြန်လည်ရရှိနိုင်မည်ဆိုပါက ထိုစံနမူနာဆိုးသည် အရှေ့တောင်အာရှတစ်လွှားတွင် ပဲ့တင်ထပ်သွားမည်ဖြစ်သည်။

 

ဤအချက်သည် ဒေသတွင်း အစီအစဉ်တကျ ရှိမှု အတွက် အလွန်အရေးကြီးသည်။ ထိုသို့ ခွင့်ပြုလိုက်မည် ဆိုက 'တိုင်းပြည် အာဏာရယူပြီး ရွေးကောက်ပွဲ ပုံသဏ္ဌာန် ဖော်ဆောင်နိုင်မှုသည် ဒီမိုကရေစီ၏ အနှစ်သာရထက် ပို၍အရေးကြီးသည်' ဟူသော သတင်းစကား ပါးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

 

အချို့က အလွန်အမင်း ချို့ယွင်းချက်ရှိနေသော ရွေးကောက်ပွဲများပင်လျှင် တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲရေးအတွက် လမ်းစပွင့်နိုင်သည်ဟုလည်းကောင်း၊ သို့မဟုတ် အာဆီယံအနေဖြင့် သတိကြီးစွာ ထိန်းသိမ်း ထိတွေ့ ဆက်ဆံခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိဟုလည်းကောင်း အငြင်းပွားကြသည်။ 

 

ထိုသို့သော အကြောင်းပြချက်များသည် အတိုက်အခံများ၏ ပါဝင်မှုကို ကန့်သတ်ထားသော်လည်း ပါဝင်ခွင့် တော့ ရှိနေသေးသည် ဆိုသော တစိတ်တပိုင်း အာဏာရှင်စနစ် မျိုး နှင့်သာ သက်ဆိုင်ပေလိမ့်မည်။ မြန်မာ၏ အခြေအနေမှာ ထိုသို့မဟုတ်။ နိုင်ငံရေးအရ ယှဉ်ပြိုင်မှုကို အမြစ်ပြတ်ဖယ်ရှားထားပြီး၊ သဘောထားကွဲလွဲမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ၊ ပြိုင်ဘက်များကို ဖယ်ထုတ်ရန်အတွက် ဥပဒေကို လက်နက်သဖွယ် အသုံးချထားသည့် လုပ်ငန်းစဉ် မျိုး တွင် ပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည်သည့် မည်သည့်လမ်းစမှ ကိန်းအောင်းနေခြင်းမရှိဘဲ၊ အာဏာရှင်စနစ် ပိုမိုခိုင်မာလာစေရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။

 

အာဆီယံသည် ၂၀၂၁ ကတည်းက စုပေါင်းချမှတ်ထားသည့် ၎င်း၏ ရပ်တည်ချက်ကြောင့်သာ မြန်မာ့အရေးအပေါ် သြဇာသက်ရောက်မှု အတိုင်းအတာ တခုအထိ ရှိနေခြင်း ဖြစ်သည်။ ယခု အချိန်တွင် ထိုရပ်တည်ချက်ကို လျှော့ချလိုက်ခြင်းသည် အဖွဲ့၏ သြဇာအာဏာကို အားကောင်းစေမည့်အစား အားနည်းသွားစေမည်သာ ဖြစ်သည်။

 

ယုံကြည်စိတ်ချရသော ချဉ်းကပ်မှုတစ်ရပ် ဖြစ်စေရန်အတွက် အချက် (၃) ချက်အပေါ် ရှင်းလင်းပြတ်သားသော သဘောထားရှိရန် လိုအပ်ပါသည်။

 

ပထမအချက်အနေဖြင့်၊ အားလုံးပါဝင်နိုင်မှုမရှိခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် နိုင်ငံရေးလွတ်လပ်ခွင့်မရှိဘဲ ကျင်းပသည့် ရွေးကောက်ပွဲများသည် တရားဝင်မှုကို မပေးစွမ်းနိုင်ကြောင်း အာဆီယံအနေဖြင့် ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားသင့်သည်။ ဝေဝါးသောသဘောထားမျိုး ရှိနေပါက စစ်အုပ်စုက ၎င်းတို့ကို လက်ခံခြင်း ဟု အဓိပ္ပာယ်ဖွင့်ဆိုသွားမည်ဖြစ်သလို၊ မြန်မာ့အတိုက်အခံအင်အားစုများကမူ ၎င်းတို့ကို ပစ်ပယ်ခြင်း ဟု ရှုမြင်သွားကြမည်ဖြစ်သည်။

 

ဒုတိယအချက်အနေဖြင့်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများကို နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းနှင့် သီးခြားခွဲထုတ်ထားရမည်။ အကူအညီများကို အရေးပေါ်လိုအပ်နေသည်မှာ မှန်သော်လည်း ထိုသို့ကူညီခြင်းကို 'ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အစိုးရ' နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် ပုံဖော်ခြင်းမျိုး မဖြစ်စေသင့်။ စစ်အုပ်စုက ထိန်းချုပ်ထားသော လမ်းကြောင်းများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပေးမည့်အစား နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့သည့် လမ်းကြောင်းများကို တတ်နိုင်သမျှ တိုးချဲ့ဆောင်ရွက်သင့်သည်။

 

တတိယအချက်အနေဖြင့်၊ အာဆီယံသည် ၎င်း၏ သံတမန်ရေးရာ အမြင်ကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ရမည်။ မြန်မာနိုင်ငံ၏ အနာဂတ်ကို နေပြည်တော်တစ်ခုတည်းတွင် ဆုံးဖြတ်သည် မဟုတ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းကွန်ရက်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့သည် မည်မျှပင် အငြင်းပွားစရာရှိနေပါစေ၊ ၎င်းတို့အားလုံးမှာ အဓိကကျသော နိုင်ငံရေးဦးဆောင်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို ချန်လှပ်ထားခြင်းသည် တည်ငြိမ်မှုကို နေပြည်‌ တော် မှသာ ပြန်လည်တည်ဆောက်နိုင်သည်ဟူသော အမှားအယွင်းကို ပိုမိုခိုင်မာစေရုံသာ ရှိ ပေ လိမ့်မည်။

 

လက်ရှိတွင် ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် ဖိလစ်ပိုင်နိုင်ငံအပေါ် အာရုံစိုက်လာကြပြီ ဖြစ်သည်။ ဖိလစ်ပိုင်သည် သမိုင်းကြောင်းအရ ဒေသတွင်း၌ ဒီမိုကရေစီစံနှုန်းများနှင့် အခြေခံဥပဒေ အခြေပြုဝါဒကို ရှေ့တန်းမှ ရပ်တည်ပြောဆိုလေ့ရှိသည့် နိုင်ငံဖြစ်သည်။ မေးခွန်းထုတ်စရာဖြစ်နေသည်မှာ မနီလာ အနေဖြင့် မြန်မာ့ရွေးကောက်ပွဲကို ပြီးဆုံးသွားသည့် ကိစ္စရပ်တစ်ခုအဖြစ် သဘောထားမည်လား၊ သို့မဟုတ် ဒေသတွင်းခေါင်းဆောင်မှုဖြင့် ဆက်လက်ဖြေရှင်းရန် လိုအပ်နေသေးသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကိုင်တွယ်မည်လား ဆိုသည့်အချက်ပင် ဖြစ်သည်။

 

စစ်အုပ်စု ၏ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် ခြေလှမ်း သို့မဟုတ် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး လမ်းစတစ်ခု မဟုတ်။ ၎င်းသည် ရွေးကောက်ပွဲဆိုင်ရာ ပုံသဏ္ဌာန်ကို အသုံးချ၍ အာဏာရှင်အုပ်ချုပ်ရေးကို တည်ငြိမ်အောင် ပြုလုပ်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်သည်။ ထိုကြိုးပမ်းမှု အောင်မြင်၊ မအောင်မြင်ဆိုသည်မှာ မဲပေးသူအရေအတွက် အပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ၊ ဖိလစ်ပိုင်၏ ဦးဆောင်မှုအောက်ရှိ အာဆီယံအဖွဲ့ အနေဖြင့် 'ရွေးကောက်ပွဲ ကျင်းပခြင်း' နှင့် 'တရားဝင်မှု ရှိခြင်း' အကြားက ကွာခြားချက်ကို ကာကွယ်စောင့်ရှောက်ရန် အသင့်ရှိ၊ မရှိ ဆိုသည့်အချက်အပေါ်တွင်သာ မူတည်နေပါသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!