"မိစ္ဆာ ကုလားဖြူ" တို့၏ ကျူးကျော်စစ်
*********************
ပူအိုက်စွတ်စိုသော နံနက်ခင်းတစ်ခု ဖြစ်သည်။ ကြေးနီရောင်တောက်နေသည့် ကောင်းကင်ယံမှ နေရောင်ခြည်တို့သည် ရန်ကုန်မြစ်၏ တည်ငြိမ်နေပြီး ရွှံ့ရောင်ထ နေသည့်ရေပြင်ထက်သို့ အရှိန်အဟုန်ဖြင့် ကျရောက် ထင်ဟပ် နေသည်။
အမြောက်အလက် ၅၀ တပ်ဆင်ထားသော လစ်ဖီ စစ်သင်္ဘောကြီးက ရှေ့ဆောင်လျက်၊ ကွန်မိုဒိုး ဂရန့် နှင့် ဗိုလ်ချုပ်ကြီး ကမ်းဘဲလ်တို့ လိုက်ပါလာသည့် ဗြိတိသျှ တိုက်သင်္ဘောများနှင့် စစ်သည်တင် သင်္ဘောအုပ်စုကြီးသည် ဒီရေအတက်နှင့် အတူ မြစ်ကျယ်ကြီးအတိုင်း ဖြည်းညင်းစွာ ဆိုက်ရောက်လာကြသည်။ သင်္ဘောများပေါ်တွင် ပိရမစ်သဏ္ဌာန် ဖြူဖွေးသော ရွက်တိုင်အထပ်ထပ်နှင့် အနီရောင် ဗြိတိသျှအလံတို့သည် လေထဲတွင် တလူလူ လွင့်ပျံနေသည်။
တိုက်သင်္ဘောကြီးများ၏ ကုန်းပတ်အောက်တွင်မူ အမြောက်တပ်သားတို့သည် ပစ်ခတ်ရန် အသင့်ပြင်ထားပြီးဖြစ်သော အမြောက်များဘေး၌ ရပ်စောင့်နေကြသည်။ ထိုအမြောက်ပြောင်းဝတို့သည် ရွှေရောင်ဝင်းပသော ဘုရားစေတီများနှင့် ဝါးအိမ်တန်းများ ရှိရာ ကမ်းခြေဆီသို့ ချိန်ရွယ်ထားပြီးသားဖြစ်ကာ ပစ်ခတ်ရန် အမိန့်ကိုသာ စောင့်ဆိုင်းနေကြတော့သည်။ စစ်သည်တင်သင်္ဘောများ၏ ဘေးဘောင်တစ်လျှောက်တွင်လည်း အနီရောင် သိုးမွေးထည် စစ်ဝတ်စုံဝတ် ဆင်ထားသော စစ်သားများက နေရာယူထားကြသည်။ အကယ်၍ ရန်သူ့ဘက်မှ မြန်ဆန်လှသော တိုက်လှေများဖြင့် ရဲဝံ့စွာ ထွက်တိုက်လာခဲ့ပါက ပြန်လည်တွန်းလှန်ရန် အသင့်အနေအထား ပြင်ထားကြခြင်းပင် ဖြစ်သည်။
မြစ်ကမ်းဘေးရှိ လယ်ကွင်းများထဲမှ ၎င်း၊ စိမ်းစိုထူထပ်သော တောအုပ်များအတွင်းမှ၎င်း၊ ကမ်းနား၌ စုစုရုံးရုံး ရှိနေကြသော ဝါးအိမ်ကလေးများထဲမှ ၎င်း မြန်မာကျေးလက်သားတို့သည် ရန်သူ သူစိမ်းတို့၏ သင်္ဘောအုပ်စုကြီးကို အံ့ဩတကြီး ငေးကြည့်နေကြသည်။ ထိုသူစိမ်းတို့သည် 'ဆင်ဖြူရှင်နှင့်တကွ ဆင်အပေါင်းတို့၏ အရှင်သခင်' ဖြစ်တော်မူသော မင်းတရားကြီး၏ အထွတ်အထိပ် အာဏာစက်ကို အမှုမထား၊ ဂရုမစိုက်ဘဲ မြစ်ကြောင်းအတိုင်း ဆန်တက်လာရံ ကြ ပေသနည်းဟုလည်း တွေးတောနေကြသည်။
သို့သော်လည်း ရွှေဘုန်းတော်သခင် မင်းတရားကြီး၏ ဘုန်းတန်ခိုးအာဏာနှင့် ကျော်ကြားလှသော စစ်အောင်နိုင်မှုများကို သိရှိထားကြသူများဖြစ်၍၊ ဤ ‘မျက်နှာဖြူ လူရိုင်းများ’ သည် ၎င်းတို့၏ ရိုင်းစိုင်းစော်ကားမှုအတွက် ထိုက်ထိုက်တန်တန် ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု မြန်မာတို့က အခိုင်အမာ ယုံကြည်နေကြသည်။ ‘ရတနာပူရ အင်းဝရွှေမြို့တော်ကြီးကို စံမြန်းတော်မူထသော၊ အရှေ့နှင့် အနောက်ရှိ မင်းအပေါင်းတို့ထက် ဘုန်းလက်ရုံး ဂုဏ်သတင်း ကျော်စောတော်မူလှသော၊ အရှင်မင်းကြီး၏ အာဏာစက်ကို မည်သည့်ရန်သူကမျှ မြှားတစ်စင်းစာမျှပင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသော’ ဘကြီးတော်မင်းတရားကြီးသည် စစ်သေနာပတိ မဟာဗန္ဓုလကို အမိန့်တော်မှတ်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထိုအမိန့်တော်မှာ ‘မြေပြင်တစ်ခုလုံး ပြည့်နှက်သွားစေမည့် စစ်သည်ဗိုလ်ပါ အလုံးအရင်းကြီးကို ဦးဆောင်လျက်၊ စစ်ကြောင်းအသွယ်သွယ်ဖြင့် ချီတက်ကာ ရိုင်းစိုင်းသော သူစိမ်းများကို ဖမ်းဆီး၊ ချေမှုန်း၊ သုတ်သင်ပစ်မည်’ ပင် ဖြစ်တော့သည်။
၎င်းတို့၏ သစ်လုံး ခံတပ်ကြီး များ နောက်ရှိ သစ်လုံး ခံတပ် ကြီး များနောက်တွင်ရှိ မြန်မာ စစ်သည်တော်များသည်လည်း လှံများနှင့် ၁၈ ရာစုသုံး မီးပေါက် သေနတ်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြ ရင်း 'မျက်နှာဖြူ လူရိုင်းများ' သည် မိုက်ရူးရဲဆန်သော လုပ်ရပ်ကြောင့် အရှက်တကွဲ အကျိုးနည်း အဆုံးသတ်ကြရ ပေ တော့မည်ဟုပင် အခိုင်အမာ ယုံကြည်နေကြသည်။
ဗြိတိသျှ တို့ ဖက်ကမူ ကမ်းတက် နိုင်ရေးသာ စိတ်စောလျက် ရှိနေကြသည်၊ သို့ မှလည်း ဒေသခံများ နှင့် မိတ်ဆွေဖွဲ့ကာ ၎င်းတို့ထံမှ အလွန်အမင်း လိုအပ် လာ နေသည့် သားငါး၊ ဟင်းသီးဟင်းရွက်များ ဝယ်ယူပြီး သောက်ရေများ ဖြည့်တင်းနိုင်မည် ဖြစ်သည်။ ဒေသခံများသည်လည်း ဝမ်းသာအားရ ကြိုဆိုကြပြီး ၎င်းတို့ အပေါ် သက်ဦးဆံပိုင် အုပ်ချုပ်နေသော ဘုရင်၏ လက်အောက်မှ လွတ်မြောက်ရေး အတွက် ပုန်ကန် ခြားနားကြလိမ့်မည်ဟု မျှော်လင့်နေကြသည်။ သို့သော် ရန်ကုန်သို့ နီးကပ်လာသည့် တိုင်အောင် ကျူးကျော်သူ အင်္ဂလိပ် တို့သည် ၎င်းတို့၏ ရည်မှန်းချက် အောင်မြင်စေရန် လိုအပ်မည့် 'မိတ်ဆွေဖွဲ့ရေး မူဝါဒ' ကို ကျင့်သုံးရန် ကြိုးပမ်းခဲ့ပုံ မပေါ်ပေ။
"ကျွန်ုပ်တို့ ရန်ကုန်မြို့သို့ ချီတက်ရာလမ်းတွင် ရန်သူ တို့ ဂအနေဖြင့် ထိရောက်စွာ ဟန့်တားနိုင်စွမ်း မရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့ရှေ့၌ ဘေးကင်းစွာ ကျောက်ချရပ်နားနိုင်ခဲ့ကြသည်။ စစ်သင်္ဘောများမှ လှေငယ်များသည် မြစ်ကြောင်းတစ်လျှောက် ဝဲယာနှစ်ဖက်ရှိ မီးလောင်ကျွမ်းလွယ်သမျှ အရာအားလုံးကို အလွန်ပင် ချီးကျူးဖွယ်ကောင်းသော ဇွဲလုံ့လဖြင့် နစ်မြုပ်ခြင်း၊ မီးရှို့ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်" ဟု မဒရပ် အခြေစိုက် ဥရောပတိုက်သား ခြေလျင်တပ်ရင်း" မှ အသက် ၁၉ နှစ်အရွယ် အရာရှိငယ် ဒိုဗေတန် က ရေးသားခဲ့သည်။
ထိုကဲ့သို့ ဖျက်စီးပစ်ခဲ့ကြခြင်းသည် ရန်သူကို တမင် ဖိတ်ခေါ်နေသလို ဖြစ်လာခဲ့သည်။
ပင်လယ်မှ နှစ်ဆယ့် ရှစ်မိုင် အကွာတွင် ရှိသော ရန်ကုန်၏ မြစ်ကမ်းပါး တလျှောက် ကိုက် ၉၀၀ အကွာအဝေး တလျောက် ရွှေရောင်ဝင်းပနေသော အထွတ်အထိပ်များဖြင့် မြင့်မားလှသည့် စေတီပုထိုးများနှင့် သက်ကယ်မိုး ဝါးအိမ်များ အစီအရီ တွေ့နေရသည်။ ဆယ့်နှစ် ပေ ခန့် မြင့် သော ကျွန်းသစ်လုံးကြီး များ နှင့် အခိုင်အခံ စောင့်လုပ်ထားသော ခံတပ်ကြီးများ ကာဆီးနေ၍ မြို့အတွင်း ရှိနေသည်များကိုတော့ မမြင်ရသလောက်ပင်။ ထိုသစ်လုံးကြီး များ နောက်တွင် မြန်မာ စစ်သားများ အသင့် အနေအထားဖြင့် ပုန်းလျှိုးစောင့်ဆိုင်းနေကြမည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ခံတပ်အပြင်ဘက် မြစ်ဆိပ်ငယ်တစ်ခုပေါ်တွင် ရှေးဟောင်းသင်္ဘောအမြောက်အချို့သည် ၎င်းတို့၏ အမည်းရောင်ပြောင်းဝများကို မြစ်ဘက်သို့ ချိန်ရွယ်ထားကြသည်။ စစ်သင်္ဘော လစ်ဖီ သည် ရွက်များကို လိပ်သိမ်းကာ တိုက်ပွဲဝင်ရန် အသင့်ပြင်ပြီးနောက် ရန်သူ့အမြောက်တပ်၏ အထက်ဘက် ကိုက် ၁၀၀ ခန့်အကွာတွင် ကျောက်ချရပ်နားလိုက်သည်။ ကျန်ရှိနေသော စစ်သင်္ဘောများနှင့် စစ်သည်တင် သင်္ဘောများသည်လည်း ၎င်း ၏ နောက်တွင် တန်းစီ၍ ကျောက်ချ လိုက်ကြသည်။
သင်္ဘောရွက်တိုင် ကြိုးများ၏ ကျွီကျွီကျွဲကျွဲ မြည်သံနှင့် သင်္ဘောသားတို့၏ အော်ဟစ်သံများမှ လွဲ၍ ညိုညစ်ညစ် အရောင်လွှမ်းနေသော မြစ်ပြင်ကျယ် ထဲတွင် တိတ်ဆိတ်မှုက မိနစ် အတန်ကြာ လွှမ်းမိုး သွားခဲ့သည်။
မည်သူက စ၍ ပစ်ခတ်လာမည်နည်း။ ခမ်းနားထည်ဝါသော လစ်ဖီ သင်္ဘောကြီး၏ ကုန်းပတ်ပေါ်မှနေ၍ စစ်သေနာပတိချုပ်၏ စစ်ဘက်အတွင်းရေးမှူး မေဂျာ စနော့ဂရက်စ်က ယခုလို မှတ်တမ်းတင်ခဲ့သည်။ 'လက်နက်မဲ့ပြီး အပြစ်မဲ့သော လူ အမြောက်အမြား နေထိုင်ပြီး ခုခံကာကွယ်နိုင်စွမ်း မရှိသလောက်ဖြစ်နေသည့် မြို့တစ်မြို့ကို ကျွန်ုပ်တို့ဘက်က စတင်ကျူးကျော် တိုက်ခိုက်သူများ မဖြစ်စေရန် လူသားချင်းစာနာထောက်ထားမှုက တားဆီးနေခဲ့သည်။ ထို့အပြင် မနေ့ကတည်းက ကုန်းပေါ်သို့ ပေးပို့ထားသော အကာအကွယ်ပေးမည်ဟူသည့် ကြေညာချက်များနှင့် ကတိကဝတ်များကြောင့် တဖက်က လက်နက်ချအညံ့ခံရန် ကမ်းလှမ်းလာလိမ့်ဦးမည်ဟုလည်း ကျွန်ုပ်တို့ မျှော်လင့်နေခဲ့ကြသည်။'"
အင်္ဂလိပ်တို့ ဘက်က ကမ်းလှမ်းချက်၏ အဓိကအချက်သည် 'လက်နက်ချမလား၊ မချရင် ဖြစ်လာသည့် အကျိုးဆက်ကို ခံမလား' ဆိုသည်ပင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဆာ အာချီဘော ကမ်းဘဲလ်ကလည်း အင်္ဂလိပ်တို့၏ အပြတ်အသတ် သာလွန်သည့် စစ်အင်အားကို ကြည့်ပြီး မြန်မာတို့အနေနှင့် ချက်ချင်း လက်နက်ချလာမည်ဟု ယုံကြည်နေခဲ့သည်။ ၎င်းက မြန်မာတို ၏ မိုက်မဲမှုနှင့် အမှားအယွင်းများကြောင့် တခြားလမ်း ကို ရွေးချယ်ခဲ့ကြသည်...' ဟု မှတ်တမ်းတင်ခဲ့သည်။
ရုတ်ခြည်း ဆိုသလို ခံတပ်ထဲရှိ မြန်မာတို့၏ အမြောက်များ ဆီမှ မီးခိုးများနှင့် မီးလျှံများ ပွင့်ထွက်လာပြီး၊ လေးလံသည့် အမြောက်ဆန်အချို့သည် လစ်ဖီ စစ်သင်္ဘော၏ ရွက်တိုင်ကြိုးတန်း များ ကြားမှ အသံမြည်ဟည်းပြီး ဖြတ်သန်းသွားခဲ့သည်။ ကမ်းဘဲလ်က ထိုပစ်ခတ်မှုကို 'အားနည်းလှပြီး ညံ့ဖျင်းလှသည့် ပစ်ခတ်မှု' ဟု သမုတ်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ကျူးကျော်သူ အင်္ဂလိပ်တို့အတွက်တော့ ၎င်းတို့အလိုရှိနေသည့် အကြောင်းပြချက်ကောင်း တစ်ခု ရသွားခဲ့သည်။
အင်္ဂလိပ်တို့ သည် မြန်မာ့ရေပိုင်နက်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သော်လည်း စစ်ဥပဒေသများအရ ရန်သူ တို့ ချက်ချင်းလက်ခံသင့်သည့် သင့်လျော်သော လက်နက်ချမှုဆိုင်ရာ စည်းကမ်းချက်များကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့ကြသည်။ သို့သော် မြန်မာတို့က လက်ခံမည့်အစား ၎င်းတို့ကို စတင်ပစ်ခတ်ခဲ့ကြသည်။ ဤမျှဆိုလျှင် လုံလောက်ပြီဖြစ်ရာ ရန်ကုန်မြို့တွင် စစ်ပွဲသည် စတင်ဖြစ်ပွားခဲ့လေပြီ။
မြန်မာ တို့၏ ရှေးဟောင်းအမြောက်များမှ ထွက်ပေါ်လာသော ယမ်းခိုးများပင် မပြယ်သေးမီမှာပင် လစ်ဖီ စစ်သင်္ဘောကြီးက ၁၈ ပေါင်ဒါ အမြောက် ၂၅ လက်ဖြင့် ပြင်းထန်စွာ တုံ့ပြန်ပစ်ခတ်လိုက်လေသည်။ ၄၂ ပေါင်အလေးချိန်ရှိသော အမြောက်ဆန်များသည် မြန်မာတို့၏ အမြောက်များကို ကျွမ်းထိုး မှောက်ခုံ ဖြစ်သွားစေခဲ့ပြီး မြို့ကိုကာကွယ်ထားသည့် သစ်ကျွန်းသား ခံတပ်တံခါးကြီးများကိုလည်း ထုတ်ချင်းဖောက် ဝင်ရောက်သွာခဲ့သည်။
ခဏအကြာတွင် အမြောက် ၂၅ လက်တင်ဆောင်ထားသော ကပ္ပတိန် ဖရက်ဒရစ် မာရယတ် ကွပ်ကဲသည့် လန်း စစ်သင်္ဘောသည် မြစ်ကြောင်းအတိုင်း တက်လာစဉ် သောင်တင်ခဲ့သော်လည်း ကမ်းခြေအနီးသို့ ကပ်လာနိုင်ပြီး အနီးကပ်ပြင်းထန်စွာ ထပ်မံပစ်ခတ်လေသည်။ ထို့နောက် အခြားသော စစ်သင်္ဘောများကလည်း ဝိုင်းဝန်းပူးပေါင်းကာ ခံတပ်ကို အဆက်မပြတ် ပစ်ခတ်ချေမှုန်းလာ၍ ခံတပ်နောက်ကွယ်ရှိ အိမ်များလည်း ပြိုပျက်သွားခဲ့သည်။
ဒိုဗေတန် က ထိုမြင်ကွင်းကို ယခုလို အပူအပင် ကင်းစွာ မှတ်တမ်းတင်ထားသည်မှာ - “စစ်သင်္ဘောကြီးများမှ ပစ်ခတ်လိုက်သော အမြောက်ဆန်များ၏ အကျိုးသက်ရောက်မှုကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။ သံအမြောက်ဆန်များက အိမ်ခေါင်မိုးများကို ဖောက်ထွင်းဖျက်ဆီးသွားချိန်တွင် ထွက်ပေါ်လာသော ဖုန်မှုန့်များ၊ အုတ်ကြွပ်အမိုးအစအနများနှင့် အုတ်ခဲကျိုးများကို ကြည့်ခြင်းဖြင့် အမြောက်ဆန်များ မည်သည့်လမ်းကြောင်းအတိုင်း သွားနေသည်ကို တစ်ခါတစ်ရံ ခြေရာခံကြည့်ရှုနိုင်သည်” ဟု ဆိုသည်။
ကိုယ်လုံးကိုယ်ထည် တောင့်တင်းသန်မာပြီး နားသယ်စပ်တွင် အနီရောင် ပါးသိုင်းမွှေးထူထူများ ရှိသည့် စကော့တလန်သား ဗိုလ်ချုပ်ကြီး ကမ်းဘဲလ်သည် သူ၏ တိုက်စစ်ဆင်ရေး အစီအစဉ်ကို ယခုအခါ စတင် အကောင်အထည်ဖော် ဆောင်ရွက်လာတော့သည်။
ကျန်ရှိနေသော တပ်ဖွဲ့ဝင်များ ကုန်းပေါ်သို့ ဘေးကင်းစွာ တက်ရောက်နိုင်ရေးအတွက် တပ်ရင်းအမှတ် ၃၈၊ ၄၁ နှင့် ၁၃ တို့မှ တပ်စိတ်များကို ကမ်းခြေသို့ လှေများဖြင့် ကြိုတင် ပို့ဆောင်ခဲ့ကြသည်။ ကမ်းခြေရှိ ခံတပ်ထဲမှ အမြောက်များ နှင့် ပြန်လည်ပစ်ခတ်လာသော ကျည်ဆန်များသည် အင်္ဂလိပ် တပ်သားများ၏ ခေါင်းပေါ်မှ ဝဲပျံ ထွက်လာခဲ့သည်။ သို့သော် လစ်ဖီ စစ်သင်္ဘောပေါ်မှ အမြောက်များဖြင့် တပြိုင်နက်တည်း ဝိုင်းဝန်းပစ်ခတ်လိုက်သောကြောင့် မြန်မာတို့၏ အမြောက်သံများမှာ တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားခဲ့ရပြန်သည်။
မြန်မာ တို့ဖက်မှ ခုခံမှုများ အဆုံးသတ် သွားခဲ့သည်။ တပ်ရင်း နှစ်ရင်းစာ တပ်သားများ ကမ်းပေါ်သို့ တက်လာနိုင်ကြ၍ ဝါးရုံစိမ်းများကြားတွင် အင်္ဂလိပ်တို့၏ သိုးမွှေး ကုတ်အင်္ကျီ နီနီရဲရဲ အရောင်များ နှင့် ဖွေးဖွေးလှုပ်သွားခဲ့သည်။
မိနစ်နှစ်ဆယ် မရှိသေးခင်မှာပင် မြို့ထဲ၌ ဗြိတိသျှအလံ လွှင့်ထူထားနိုင်သည်ကို မြင်တွေ့ရသဖြင့် ကျွန်ုပ် များစွာကျေနပ်မိပါသည်။ ထိုသို့ သိမ်းပိုက်ရာတွင် ကျွန်ုပ်တို့တပ်သားများအနေဖြင့် ရိုင်ဖယ်တစ်ချက်ပင် ပစ်ခတ်ခဲ့ရခြင်း မရှိသလို၊ ကျွန်ုပ်တို့ဘက်မှ တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်း စသည့် အဆုံးအရှုံးများအတွက် ဝမ်းနည်းပူဆွေးစရာ မလိုခဲ့ပေ။” ဟု ကမ်းဘဲလ်က မှတ်တမ်းတင်ခဲ့သည်။
လူဦးရေ လေးသောင်းခန့် ရှိသော ဤဆိပ်ကမ်းမြို့ကို အသေအပျောက် တစ်ဦးတစ်ယောက်မျှမရှိဘဲ သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ကမ်းဘဲလ်အဖို့ ခိုင်မာသော အောင်မြင်မှုတစ်ခုရရှိလိုက်သကဲ့သို့ ထင် နေသည် မှာလည်း ဆန်းလှသည် တော့ မဟုတ်။ သို့သော် ဗြိတိသျှတို့ အလွန်အမင်း အားကိုးအားထားပြုရန် မျှော်လင့်ထားခဲ့သည့် ၎င်းတို့ကို ကြိုဆိုကြလိမ့်မည် ဆိုသော ဒေသခံ ပြည်သူ များ မည်သည့်နေရာသို့ ရောက်ရှိနေကြသနည်း။