၎င်း၏ အမည်သည် မဲလက်မှတ်ပေါ် တွင် မပါသလို၊ ၎င်း၏ ဓာတ်ပုံများကိုလည်း မဲဆွယ်စည်းရုံးရေး ပိုစတာများ တွင် တွေ့ရမည် မဟုတ် ၊ သို့သော် လက်ရှိ ရွေးကောက်ပွဲအပေါ် လွှမ်းမိုး ခြယ်လှယ်နေသူတစ်ဦးကတော့ အသက် ၆၉ နှစ်ရှိ မင်းအောင်လှိုင်ပင် ဖြစ်သည်။
ရိုက်တာ သတင်းဌာနသည် မင်းအောင်လှိုင်ကို ကောင်းစွာသိကျွမ်းသူ ၆ ဦးနှင့် စစ်အုပ်စု၏ နိုင်ငံရေးကို လေ့လာသုံးသပ်သူ ၂ ဦးတို့အား တွေ့ဆုံမေးမြန်းကာ ပဟေဠိဆန်သော ထို စစ် ဗိုလ်ချုပ်၏ အတွေးအခေါ်များကို ထိုးထွင်းသိမြင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အာဏာသိမ်းပြီးကတည်းက ၎င်းသည် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးအရ အကန့်အသတ်ဖြင့်သာ ထိတွေ့ဆက်ဆံမှု ရှိခဲ့ပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် မီဒီယာများမှ လွဲ၍ အခြား ပြင်ပမီဒီယာများနှင့် စကားပြောဆိုခဲလှသည်။
တွေ့ဆုံမေးမြန်းခဲ့သူ ၃ ဦးနှင့် လေ့လာသုံးသပ်သူ ၂ ဦးတို့၏ အဆိုအရ စစ်ကောင်စီ ဥက္ကဋ္ဌဖြစ်သလို ယာယီသမ္မတလည်းဖြစ်သည့် မင်းအောင်လှိုင်သည် တင်းမာခက်ထန်သော စစ်ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း၊ နိုင်ငံအတွင်းရှိ သြဇာအာဏာရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ထိပ်တန်းပုဂ္ဂိုလ်များကို ၎င်း ဘက်ပါအောင် သို့မဟုတ် ထိန်းချုပ်နိုင်အောင် စနစ်တကျ ကိုင်တွယ်စီမံရာတွင် ကျွမ်းကျင်သည့် သူတစ်ဦးလည်း ဖြစ်သည်။
ထိုအရည်အချင်းများကြောင့်ပင် စစ်မြေပြင်တွင် အရှုံးများနှင့် ရင်ဆိုင်နေရသော်လည်း သူ၏အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ အဆိုပါ စစ်ရှုံးမှုများကြောင့် စစ်တပ်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံအပေါ် ချုပ်ကိုင်နိုင်စွမ်း ကျဆင်းခဲ့ရပြီး၊ မင်းအောင်လှိုင်အနေဖြင့် စစ်တပ်ကို ထောက်ခံသူများ၏ ဝေဖန်မှုများနှင့်ပင် ရင်ဆိုင်နေရကြောင်း ၎င်းတို့က ဆိုသည်။
အကြွင်းမဲ့အာဏာဖြင့် အုပ်ချုပ်ခြင်းမှ နောက်ဆုတ်ပြီး ရွေးကောက်ပွဲများမှတစ်ဆင့် အာဏာခွဲဝေကျင့်သုံးခြင်းသည် ၎င်းအား ဝန်းရံ နေသူများအား စီမံခန့်ခွဲသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ပြီး၊ တာဝန်ယူရမှုများကို ခွဲဝေပစ်လိုက်ခြင်းနှင့် အုပ်ချုပ်ရေးယန္တရား၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းခြင်းလည်း ဖြစ်သည်" ဟု ထိုင်းနိုင်ငံအခြေစိုက် ISP-Myanmar (မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့) မှ ပရိုဂရမ်အရာရှိ ကိုနိုင်မင်းခန့်က ပြောကြားခဲ့သည်။
၎င်းသည် စစ်ရေးအရ ရက်စက်ကြမ်းကြုတ်မှုကြောင့်တင် ခေါင်းဆောင်ဖြစ်လာခြင်း မဟုတ်၊ ပတ်ဝန်းကျင် တွင် ရှိနေသော ဖိအားမျိုးစုံကို လျှော့ချပေးနိုင်သည့် ၎င်း၏ ပါးနပ်သိမ်မွေ့ သော စွမ်းဆောင်ရည်တွေကြောင့်လည်း ဖြစ်သည် ဟု မင်းအောင်လှိုင်နှင့် တွေ့ဆုံဖူးသည့် နိုင်ငံခြားသား အရာရှိဟောင်းတစ်ဦးက ပြောပြခဲ့သည်။
"အကယ်၍ သူ့နေရာမှာ တခြားတစ်ယောက်ယောက်သာ ရှိနေခဲ့မယ်ဆိုရင်၊ အဲဒီလူဟာ အခုထက်တောင် ပိုပြီးကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ဆိုသည်။
မင်းအောင်လှိုင်သည် တစ်ခါတစ်ရံတွင် အရာရှိကြီးအချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ၎င်း၏နေရာကို ဆက်ခံနိုင်ဖွယ်ရှိသူ တစ်ဦးကို ပင် စစ်ခုံရုံးတင် စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသော်လည်း၊ အခြားတစ်ဖက်တွင်မူ အချို့သော ဗိုလ်ချုပ်ကြီးများကို စစ်တပ်နှင့် ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်းကြီးများ၏ ထိပ်ပိုင်းတွင် ဝင်ငွေကောင်းသော ရာထူးနေရာများ ပေးအပ်ထားသည်။
အာဏာခွဲဝေမှုကို စစ်ခေါင်းဆောင် အချင်းချင်း သဘောတူညီချက်များဖြင့် စီမံခန့်ခွဲထားခြင်း ဖြစ်သည်။ ထို့အတွက် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ရေရှည်တည်တံ့ဖို့ဆိုသည်က မိမိတို့ အားလုံး စုပေါင်းရှင်သန်နိုင်မှုအပေါ် တိုက်ရိုက်မူတည်နေသည်ဟု ခံယူလာကြသည်။
တစ်ချိန်တည်းမှာပင် မင်းအောင်လှိုင်သည် အရေးပါသော ရာထူးနေရာများကို ၎င်းအပေါ် သစ္စာရှိသူများအတွက် ဦးစားပေး ဖယ်ချန်ထားလေ့ရှိပြီး၊ ထိုသူများထဲတွင် နိုင်ငံခြားခေါင်းဆောင်များနှင့် ဆက်ဆံရာ၌ အတွေ့အကြုံရှိသူအချို့လည်း ပါဝင်ကြောင်း အဆိုပါပုဂ္ဂိုလ်နှစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ သစ္စာရှိသူများထဲတွင် အငြိမ်းစားစစ်အရာရှိနှင့် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဟောင်းဖြစ်သူ၊ လက်ရှိတွင် စစ်အုပ်စု ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသည့်သန်းဆွေလည်း ပါဝင်ကြောင်း သိရသည်။ သံတမန်ရေးရာအရ အထီးကျန်ဖြစ်နေမှုမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေသည့် မင်းအောင်လှိုင်ကို သန်းဆွေကပင် လမ်းညွှန်ပြသမှုများ ပြုလုပ်ပေးနေကြောင်းလည်း ၎င်းတို့အနက်မှ တစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။
သန်းဆွေသည် အာဏာသိမ်းပြီး မကြာမီမှာပင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေး ဖြတ်တောက်ထားခဲ့သည့် အာဆီယံ နှင့် သံတမန်ရေးရာ ဆက်ဆံရေးများ ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းမှုများတွင်လည်း ထိုစဉ်ကတည်းက ပါဝင်ခဲ့သူ ဖြစ်သည်။
မင်းအောင်လှိုင်သည် အာဏာ မသိမ်းမီကပင် နိုင်ငံရေး တွင် စိတ်ဝင်စားနေပြီး လူမှု ရေး နှင့် ဘာသာရေး ခေါင်းဆောင်များနှင့်ပါ လိုက်လံတွေ့ဆုံလေ့ရှိသည်၊ ယင်းသည် ပရော်ဖက်ရှင်နယ် စစ်သား တယောက်၏ အလုပ်မဟုတ်ဟု ဝေဖန်ခဲ့ကြသည်။
စစ်တက္ကသိုလ် ကျောင်းဆင်း အများစုသည်လည်း နိုင်ငံကို အုပ်ထိန်းရမည့် သူများ အဖြစ်၎င်း၊ လူဦးရေအများစုဖြစ်သည့် ဗမာလူမျိုးများနှင့် အမျိုးဘာသာကို ကာကွယ်စောင့်ရှောက်သူအဖြစ်လည်းကောင်း ရှုမြင်လျက် ထွက်ခွာလာကြသည်။
နိုင်ငံတော်ကို အန္တိမ အကာအကွယ်ပေးသူများဖြစ်သည်ဟူသော ထိုခံယူချက်ကပင် မင်းအောင်လှိုင်အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အကြွင်းမဲ့အာဏာကို သိမ်းယူရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။
ယင်းနှင့် အတူ ဖမ်းဆီးလိုက်သော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးကောင်းမွန်ကြောင်း အခိုင်အမာ ပြောဆိုနေသော်လည်း၊ သူမ မည်သည့်နေရာတွင် ရှိနေသည် သို့မဟုတ် သူမ၏ အခြေအနေနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိပေ။
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် သည် ပြီးခဲ့သည့်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သံတမန်ရေးအရ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း နိုင်ငံခြားသား အရာရှိဟောင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
၎င်းပုဂ္ဂိုလ်က “မင်းအောင်လှိုင်က အဲဒီကိစ္စကို ချက်ချင်းပဲ တံခါးပိတ် သလို ပိတ်ပစ်လိုက်တယ်။ ဒါဟာ သူတို့အတွက် လုံးဝကျော်ဖြတ်လို့မရတဲ့ စည်း Red line ဆိုတာ ကျွန်တော် သိတယ်” ဟု ပြောကြားခဲ့သည်။
၎င်း၏နေရာကို ဆက်ခံမည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်တစ်ဦး ခန့်အပ်ရန် စဉ်းစားနေပြီး၊ ၎င်းကိုယ်တိုင်မူ နိုင်ငံရေးကဏ္ဍ သက်သက်တွင်သာ တာဝန်ယူသွားဖွယ်ရှိကြောင်း ၎င်း၏ သဘောထားကို သိရှိသည့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် ၎င်းအနေဖြင့် မည်သည့်ရာထူးနေရာကို ရယူမည်ဆိုသည်ကိုမူ အဆိုပါအရာရှိက အသေးစိတ် ဖော်ပြခြင်းမရှိပေ။
စစ်တပ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေးအာဏာ အများအပြားကို ကျင့်သုံးပိုင်ခွင့်ရှိသော်လည်း၊ လက်နက်ကိုင်တပ်ဖွဲ့များ အပေါ်တွင်မူ စီမံခန့်ခွဲပိုင်ခွင့် အာဏာမရှိပေ။
အာဏာသိမ်းပြီးနောက် စစ်တပ် နုတ်ထွက်ပြီး လက်ရှိတွင် ပြည်တွင်းစစ် အခြေအနေကို သုတေသနပြုနေသည့် ဗိုလ်မှုး နောင်ရိုးက နောက်ထပ်တက်လာမည့် စစ်ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် တော်လှန်ရေးအင်အားစုများအပေါ် ထားရှိသည့် သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားဖွယ် မရှိကြောင်း ပြောကြားခဲ့သည်။
"စစ်တပ်က လက်ရှိ ကိုင်တွယ်ဖြေရှင်းနေတဲ့ ပုံစံကို သဘောမကျတဲ့သူတွေ၊ မင်းအောင်လှိုင်ကို သဘောမကျတဲ့သူတွေတော့ ရှိနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။
"ဒါပေမဲ့ အဲဒါက သူတို့တွေဟာ တော်လှန်ရေးကို ထောက်ခံတယ်လို့ ဆိုလိုတာမဟုတ်ဘူး" ဟု ၎င်းက ပြောကြားခဲ့သည်ဟု ရိုက်တာ က သုံးသပ်ထားသည်။
အဆင်ခြင်မဲ့ အာဏာသိမ်းရာမှ ငွေကုန် လူပမ်းရုံ ဖြစ်မည့် ရွေးကောက်ပွဲ ဟု ဝါရှင်တန် တက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ တွဲဖက် ပါမောက္ခ မေရီ ကာလာဟန် မှ Frontier Myanmar အား ပြောခဲ့ဖူးပေသည်။
ရွေးကောက်ပွဲ ဇာတ်ထုတ် ကြီးမှ မည်သိုသော ရလဒ် ထွက်ပေါ်လာစေကာမူ အထက်တန်း စစ်ဗိုလ်ချုပ်ကြီးများ အတွက် "ထွက်ပေါက်ရမည့် မဟာဗျုဟာ" ဖြစ်လာလိမ့်မည် မဟုတ်သည့်အပြင် ငြိမ်းချမ်းရေးလည်း ပေါ်ထွက်လာမည် မဟုတ်ဟု ဆိုသည်။
မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲအား မဲမသမာ မှု များ ရှိသည် ဟု အကြောင်းပြ အာဏာသိမ်းထားမှုအား မှန်ကန်ကြောင်း ရွေးကောက်ပွဲ ဖြင့် လီဆယ် သက်သေပြနိုင်လိမ့်မည်ဟု စိတ်ထဲစွဲနေသူ ဖြစ်သည်။ တဖက်တွင်လည်း စစ်တပ်သည် တိုင်းပြည်ကို ထိမ်းသိမ်းကာကွယ်ပေးနေသည့် အဖွဲ့အစည်း အဖြစ် ထပ်၍ ကြွေးကျော် နိုင်ဦးမည် ဖြစ်သည်။
တကယ်တမ်း အာဏာသိမ်းခဲ့သည့် အကြောင်းရင်းသည် သက်တမ်းကုန်၍ ပင်စင်ယူရတော့မည် အရေး ကြောင့် အာဏာလက်လွှတ် ရဖို့ ဖြစ်လာခြင်းနှင့်၊ နောက်တကြောင်းက နိုင်ငံတော် အတိုင်ပင်ခံ အပေါ် အမျက်သိုပြီး အငြိုးထားလာမှု များကြောင့်ပင် ဖြစ်သည်။
စစ်တပ်သည် ရွေးကောက်ပွဲဖြင့် တိုင်းပြည် တည်ငြိမ်လာမည်ဟု အမျှော်လင့်ကြီး မျှော်လင့်နေသော်လည်း ၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဖြစ်လာခဲ့သည့် နမူနာများအရ ၎င်းတို့ မည်သို့မျှ ထိန်းချုပ်၍ မရနိုင်သည့် အဖြစ်အပျက် များဆီသို့လည်း ဦးတည်သွားနိုင်ပြန်သည်ဟု ဆိုသည်။
ယခုအခါ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ သက်သက်ခိုင်သည် ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် စစ်အုပ်စု၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်ဟု ပါတီတာဝန်ရှိသူတဦးက ပြောကြောင်း သတင်းများက ဆိုသည်။
ဘော်လုံးပွဲ နှင့် ဥပမာ ပေးတပ်သော သက်သက်ခိုင်သည် ဒေါ်အောင်ဆန်းစုကြည်အား တကွင်းလုံး သူတ ယောက်တည်း ကန်နေသည်ဟူ၍ ပြောခဲ့ဖူးပြီး ယခုအခါ ရွေးကောက်ပွဲ တွင် ဒိုင်လူကြီး ဖြစ်သော စစ်တပ်သည် တဖက် အသင်းမှ ကိုယ်တိုင်ဝင်ကန်နေသည်ဟု ပြောခဲ့ခြင်းကြောင့် ဖြစ်ပုံရသည်ဟု ခန့်မှန်းနေကြသည်။ သူမ အား နကိုယ်ကတည်းက ဖမ်းချင်နေပုံရပြီး ရွေးကောက်ပွဲ မှ ထုတ်ပယ်ပြီး စကားမှားလာမည်ကို စောင့်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်သည် မင်းအောင်လှိုင် သဘောတူညီချက် မပါဘဲ မည်သို့မျှ မဖြစ်နိုင်ပေ။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!