ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(6)

by Hla Soewai - Jan 19 2026

အခန်း (၁)

 

အဆုံးအဖြတ် ပေးခဲ့သော ဆယ်စု နှစ်

 

တိန့်ရှောင်ဖိန် နှင့် ၎င်းနှင့် အကျိုးတူ ပူးပေါင်းလာသူများက ၁၉၇၈ တွင် ကြားကာလ ခေါင်းဆောင် ဖြစ်လာသည့် ဟွကိုဖုန်းကို ဖြုတ်ချခဲ့ကြသည်။ ယင်းနှင့် အတူ ပါတီ နှင့် နိုင်ငံအတွက် ရှေ့ ခရီး ဆက်ရမည့် လမ်းကြောင်း အတွက် လွန်စွာ အရေးပါသည့် မဟာဗျူဟာ မြောက် ဆုံးဖြတ်ချက် ကို ချမှတ်ရတော့မည့် အချိန် ‌ရောက်လာခဲ့သည်။

 

စီးပွားရေး ပြုပြင် ပြောင်းလဲမှု လမ်းကြောင်းနှင့် ပတ်သက်ပြီး ၎င်း၏ အဖွဲ့ အတွင်း ဝါဒရေးရာပိုင်း သဘောကွဲလွဲ မှု များသည် အဓိကအားဖြင့် စီးပွားရေး မူဝါဒ များ နှင့် နိုင်ငံရေး အရ လွတ်လပ်ခွင့်များနှင့် သက်ဆိုင်နေသည်။ ထို့အတွက် ၁၉၈၀ ပြည့်လွန် နှစ်များ အတွင်း ပါတီ ထိတ်ပိုင်း ခေါင်းဆောင်များ အကြား တင်းမာမှု များ နှင့် အာဏာလွန်ဆွဲပွဲများ အမြဲလိုလို ဖြစ်ပွားလာခဲ့သည်။ နောက်ဆုံး ၁၉၈၉ တီယန်မင် အရေးအခင်းကြီး ဖြစ်ပွားလာမှု နှင့် အတူ အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

 

အပေါ်ယံကြည့်လျှင် ဤကာလအတွင်း ထိပ်သီးနိုင်ငံရေးအသိုင်းအဝိုင်း၏ တည်ငြိမ်မှုမရှိဘဲ ပြောင်းလဲလွယ်သော အခြေအနေများကြားမှ ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေးအရ လွတ်လပ်ခွင့်ပေးမှုများကို တစ်ပြိုင်နက်တည်း ဖော်ဆောင်နိုင်ခြင်း အပါအဝင် ရလဒ်ပေါင်းစုံ ထွက်ပေါ်လာနိုင်သည့် သဘောကို ဆောင်နေသည်။ အတိတ်ကို ပြန်ကြည့်လိုက်သည့်အခါ ထိုသို့သော ကောင်းကျိုး ရလဒ်များ ဖြစ်ပေါ်မ လာအောင် တားဆီးနေသည့် အင်အားစုများသည် ကျော်လွှားနိုင်ခြင်း မရှိလောက်အောင်ပင် အလွန်တရာ အင်အားတောင့်တင်း လွန်းနေခဲ့သည်ကို တွေ့ရသည်။

 

သို့သော်ငြားလည်း ၁၉၈၀ ပြည့်လွန် ဆယ်စုနှစ်များသည် နိုင်ငံရေး အရ ကွဲပြားသော လမ်းကြောင်း ပေါ် တက်လှမ်းနိုင်ဖို့ ရရှိ လာသည့် အခွင့်အရေးသည် ကျဉ်းမြောင်းခဲ့သည်။ ထိုကာလအတွင်း အာဏာရပါတီသည် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အများအပြားကို ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှုအချို့မှာ အုပ်ချုပ်ရေးစနစ်၏ အကြွင်းမဲ့အာဏာရှင်ဆန်မှုကို လျှော့ချရန် ရည်ရွယ်ပြီး၊ အချို့မှာမူ နိုင်ငံရေးဖြစ်စဉ်ကို ပိုမိုပွင့်လင်းမြင်သာစေရန်နှင့် တာဝန်ခံမှုရှိသော လမ်းကြောင်းပေါ်သို့ ဦးတည်ရန် ပုံဖော်ခဲ့ကြခြင်းဖြစ်သည်။

 

ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရသည်က တီယန်မင်ရင်ပြင် အရေးအခင်းသည် ပိုမို ကောင်းမွန်သည့် အနာဂတ်ကို တည်ဆောက်၍ ရနိုင်ဖွယ်ရှိသည့် ကျဉ်းမြောင်းစွာ ပေါ်ထွက်လာခဲ့သော လမ်းကြောင်းကို ပိတ်ပစ်သလို ဖြစ်သွားခဲ့သည်။

 

CCP ခေါင်းဆောင်ပိုင်း အတွင်း ရှိ လစ်ဘရယ် သမားများ ဖယ်ရှားသန့်စင် ပစ်ခဲ့ပြီး တပါတီ အုပ်ချုပ်ရေး အောက်တွင် အရင်းရှင် လမ်းကြောင်း ဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဖေါ်ဆောင်မည်ဟု ထိတ်ပိုင်း ခေါင်းဆောင်များ အကြား တညီတညွတ်တည်း" သဘောတူ လာအောင် ကြိုးပမ်းနိုင်ခဲ့သည့် တိန့်ရှောင်ဖိန်၏ အောင်မြင်မှုများသည်လည်း ထိုနောက်ပိုင်း တွင် လုံးဝ လမ်းကြောင်း ပြောင်းသွားခဲ့ရသည်။

 

ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမည် ဆိုက ထိုကာလ ကို သုံးပိုင်း ပိုင်းခြား နိုင်ပေသည်။ အပိုင်း တပိုင်း စီကို ထိတ်တန်း ပါတီ ခေါင်းဆောင် ပိုင်း အတွင်း အာဏာ နှင့် မူဝါဒ ရေးရာ လွန်ဆွဲပွဲများ၏ ထူးခြားသော ဝိသေသ လက္ခဏာ များ ဖြင့် သတ်မှတ်နိုင်ပေသည်။

 

ပထမပိုင်းသည် ၁၉၇၉-၁၉၈၆ အတွင်း ဖြစ်သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ အရှိန်အဟုန် နှင့် ပြုလုပ်မှု နှင့် အတူ တံခါးဖွင့် ဝါဒ ကျင့်သုံးလာသော ကာလ ဖြစ်သည်။ နိုင်ငံရေး အရလည်း သိသိသာသာ ဖွင့်ပေးခဲ့သည့် အချိန်လည်း ဖြစ်သည်။၊ ၁၉၈၃ ခုနှစ်နှောင်းပိုင်းတွင် ခေတ္တခဏဖြစ်ပွားခဲ့သော ကွန်ဆာဗေးတစ် သမား များ၏ တုံ့ပြန်ကန့်ကွက်မှုများ ရှိခဲ့သော်လည်း၊ ထိုကာလသည် နိုင်ငံရေးအရ အသင့်အတင့် ပွင့်လင်းလွတ်လပ်မှုရှိခဲ့သော ကာလတစ်ခုလည်း ဖြစ်ခဲ့သည်။

 

လစ်ဘရယ် ပြုပြင် ပြောင်းလဲရေး သမားများ ဖြစ်သော CCP အကြီးအကဲ ဟူ ဟောင်ပန်း နှင့် ဝန်ကြီးချုပ် ကျောက်ကျိယန် တို့၏ အကူအညီ ဖြင့် တိန့်ရှောင်ဖိန်သည် စုပေါင်းလယ်ယာ စနစ်ကို ဖျက်သိမ်းခဲ့ပြီး တရုတ်ပြည်အား ကမ္ဘာစီးပွားရေး နယ်ပယ်ထဲသို့ ပြန်လည် ပေါင်းစည်း ပေးလာနိုင်ခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက ကဏ္ဍ ကြီးထွား ရှင်သန်လာအောင် ပြုပြင်ပြောင်းလဲရေးများ အကောင်အထည် ဖေါ်ပေးလာခဲ့သည်။

 

နိုင်ငံရေးအရ အသင့်အတင့် ပြောင်းလဲမှု များ ပြုလုပ်ခဲ့ပြီး စုပေါင်းခေါင်းဆောင်မှု၊ မဖြစ်မနေ အနားယူရမှု နှင့် ပါတီကို သွေးသစ် လောင်း နိုင်မည့် အစီအမံများ ကို သွတ်သွင်း ပေးခဲ့သည်။

 

၁၉၇၆ တွင် လေးဦးဂိုဏ်းထံမှ အာဏာသိမ်းခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေးကို အပြီးအပိုင် ချုပ်ငြိမ်းသွားအောင် လုပ်ခဲ့သည် ကြားကာလ ခေါင်းဆောင် ဟွကိုဖုန်းအား ဖြုတ်ချရေးတွင်သာ စိတ်တူကိုယ်တူ ပူးပေါင်းခဲ့ကြသည့် ပထမ ပိုင်း ဟု သတ်မှတ်ထားသည့် ကာလ အတွင်း တရုတ်ပြည်၏ အနာဂတ် အရေး နှင့် ပတ်သက်ပြီး အယူမဆချင်း မတိုက်ဆိုင်ကြ‌ တော့ဘဲသဘောထား ကွဲလွဲခဲ့ကြသည်။

 

ချန်ယွန်း ဦးဆောင်သော အဖွဲ့က သဘောထား တင်းမာပြီး ကွန်ဆာဗေးတစ် နိုင်ငံရေး စံတန်ဖိုး များကို ထိန်းသိမ်းထားလိုသည်။ ထိုအဖွဲ့နှင့် စီးပွားရေး ပေါ်လစီ များ နှင့် ပတ်သက်ပြီး သ‌ဘောထား ကွဲလွဲခဲ့ကြသည်။ တိန့်ရှောင်ဖိန်သည် အဓိက ကြားဝင်ထိန်းညှိသည့် ကဏ္ဍမှ ဆောင်ရွက်ပေးခဲ့သည်။ သို့သော် ပြုပြင် ပြောင်းလဲရေး များ အရှိန်ရလာသည့် အခါတွင်တော့ နိုင်ငံရေး လွတ်လပ်ခွင့်များ ရရန် လူမှု အသိုက်အဝန်း၏ ဖိအားပေးခြင်း များ များသည်ထက် များလာခဲ့သည်။

 

တိန့်ရှောင်ဖိန် နှင့် ပါတီ၏ လစ်ဘရယ် အဖွဲ့များ အကြား သ‌ဘောထား ကွဲလဲမှု သည် ကျယ်ပြန့်လာခဲ့ပြီး နောက်ဆုံး ၁၉၈၇ ဇန်နဝါရီ လ တွင် တိန့်ရှောင်ဖိန်သည် ဟူယောင်ပန်းအား ရာထူး မှ ထုတ်ပယ်ပစ်ခဲ့သည်။

 

ဒုတိယ ပိုင်း ဖြစ်သည့် ၁၉၈၇-၈၈ အတွင်း ပြီးပြည့်စုံသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များ သွတ်သွင်းရန် ကြိုးပမ်းမှု များ ပျက်ပြားသွားခဲ့သော်လည်း အခြား ပြုပြင် ပြောင်းလဲရေး များသည် အရှိန်အဟုန် လျော့ကျသွားခဲ့သည်။ ဟူယောင်ပန်း ပြုတ်ကျ ခဲ့မှု ကြောင့် ပါတီတွင်း လစ်ဘရယ်များ အားပျော့သွားခဲ့ရသည်။ ထို့ပြင် အသစ်တဖန် ရဲတင်းလာသော သဘောထား တင်းမာသူများမှ တိန့်ရှောင်ဖိန်၏ စီးပွားရေး အား ထပ်၍ ပြုပြင်ပြောင်းလဲရန် ‌ဆောင်ရွက်လာမှု များကိုပါ ဆန့်ကျင်လာခဲ့သည်။

 

တိန့်ရှောင်ဖိန်သည် ဟူယောင်ပန်း၏ နေရာတွင် ကျောက်ကျိယန် နှင့် အစားထိုးခဲ့သော်လည်း စီးပွားရေး မူဝါဒ များကိုမူ နိုင်ငံတော် ကောင်စီကို ထိန်းချုပ်လာခဲ့သည့် ကွန်ဆာဗေးတစ်များကို အပြီးအပိုင် လွှဲပေးခဲ့ရသည်။ တတိယ နှင့် နောက်ဆုံး အဆင့်ဖြစ်သည့် ၁၉ဂ၉ တီယန်မင် အရေး အခင်း မဖြစ်ပွားမီကပင် တိန့်ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ရေးသည် ရပ်တန့်သွားခဲ့ပြီး ဖြစ်သည်။

 

တီယန်မင် အရေးအခင်းကြီး ကျဉ်းထဲကျပ်ထဲ ရောက်လာချိန်တွင် တိန့်ရှောင်ဖိန်သည် သဘောထား တင်းမာသူများဖက်က ရပ်တည်ပြီး ငြိမ်းချမ်းစွာ ဆန္ဓပြနေသော ဒီမိုကရေစီ လိုလားသူများအား နှိမ်နှင်းရန် စစ်တပ်ကို အမိန့်ပေးခဲ့ခြင်းကြောင့် ၎င်း၏ သမိုင်းသည် အမည်းစက် စွန်းထင်သွားခဲ့ရသည်။

 

ထို့ထက် ပို၍ ဆိုးဝါးခဲ့သည်က ပါတီတွင်းရှိ လစ်ဘရယ် သမားများကို တယောက်မကျန် သန့်စင် ပစ်ခဲ့ခြင်းပင် ဖြစ်သည်။ အနောက်တိုင်း နှင့် ကွာရှင်း ပြတ်စဲခဲ့ရပြီး တိန့်ရှောင်ဖိန် ၏ တန်ဖိုးထားခဲ့သော ပြုပြင် ပြောင်းလဲရေး များ နှင့် တံခါးဖွင့်ခဲ့မှုများသည်လည်း စောစီးစွာ အဆုံးသတ်သွားခဲ့ရသည်။

 

ရလဒ် အဖြစ် သစ်လွင်သော အနာဂတ် အတွက် ‌မျှော်လင့်ချက်များ၊ အကောင်းမြင် မှု များ နှင့် စတင်ခဲ့သော ၁၉၈၀ နှစ်လွန် ဆယ်စု နှစ်သည် ခေတ်သစ် တရုတ်ပြည် သမိုင်းတွင် အမှောင်မိုက်ဆုံး နှင့် သွေးထွက် သံယိုမှု အများဆုံး အဖြစ်နှင့် အဆုံးသတ် သွားခဲ့ရသည်။

 

ပါတီတွင်း ဝါဒ ရေးရာ အကွဲအပြဲများ

*****************

 

မော် ကွယ်လွန် ပြီး တလ မပြည့်ခင် ၁၉၇၆ အောက်တိုဘာ ၆ ရက်နေ့တွင် စစ်တပ် ကျောထောက်နောက်ခံဖြင့် ‌'လေးဦးဂိုဏ်း" ဟု နာမည်ဆိုးဖြင့် ကျော်ဇောနေသည့် အဖွဲ့ကို ဖမ်းဆီးလိုက်ကြသည်။ တဖက်စွန်းရောက် အဖွဲ့လည်း ဖြစ်ပြီး မော် ၏ ဇနီး လည်း ပါဝင်ခဲ့သည်။

 

မော်၏ အနီးကပ်ဆုံးလည်း ဖြစ်၊ လူအများစု၏ ရွံရှာ စက်ဆုပ်ခြင်း ခံရသည့် နောက်လိုက် နောက်ပါ များ အဖမ်းခံရပြီ ဆိုသော သတင်းကြောင့် တရုတ်ပြည် အနှံ့ ချက်ခြင်း ဆိုသလိုအောင်ပွဲခံ မြူးတူးသွားခဲ့ကြသည်။ မော်၏ နေရာ ဆက်ခံပွဲ တွင် အနိုင်ရသွားခဲ့သည့် ဟွကိုဖုန်း (ပုံတွင် တွေ့ရစဉ်) အား ခေါင်းဆောင်သစ် အဖြစ် တင်မြှောက်ခဲ့ကြသည်။ ၎င်းသည် တရုတ်ကွန်မြူနစ် ပါတီ ဥက္ကဌ၊ ဗဟို စစ်ကော်မရှင် ဥက္ကဌ နှင့် နိုင်ငံတော်ကောင်စီ ၏ ဝန်ကြီးချုပ် ရာထူးများပါ ရယူခဲ့သည်။

 

အသက် ၅၅ နှစ်ရှိ ဟွကိုဖုန်း ပါတီ ခေါင်းဆောင် ဖြစ်လာချိန်တွင် ၎င်းအား မည်သူမျှ မထိရဲ မတို့ရဲ အနေအထား မျိုး ဖြစ်လာသည်။ မဲပေးပိုင်ခွင့် ရှိသည့် ပေါ်လစ်ဗျူရို ဆယ်နှစ်ဦး စလုံးလည်း ၎င်းအား ခြိမ်းခြောက်လာနိုင်သည့် အလားအလာ မရှိ ဖြစ်နေသည်။ ၁၉၇၆ အကုန်ပိုင်း တွင် ဟွကိုဖုန်းအား ဖြုတ်ချနိုင်သည့် အုပ်စုမျိုးလည်း အနားသို့ပင် မသီနိုင်‌ကြသေးပေ။

 

ဤသည်မှာလည်း ၁၉၆၆-၇၆ ဆင်နွဲခဲ့သော ယဉ်ကျေးမှု တော်လှန်ရေးကြီး အတွင်း အများအပြားသည် ပါတီမှ သန့်စင်ခံရ၊ ဘေးထုတ်ခံထားရ၊ ထောင်သွင်း အကျဉ်းချ ခံထားရ၊ အသတ်ခံရနှင့် ဖြစ်နေကြသောကြောင့်ပင်။

 

ထိုအထဲတွင် အထိအခိုက် အပွန်းမရှိ မရှိ လွတ်လာခဲ့သူသည် အသက်အားဖြင့် ၇၂ နှစ်ရှိ တိန့်ရှောင်ဖိန်ပင် ဖြစ်သည်။ ၎င်းအား ပြီးခဲ့သည့် ၆ လ ကမှ မော် သည် ပါတီ နှင့် နိုင်ငံတော် ရာထူးများအားလုံး မှ ထုတ်ပယ်ထားခဲ့ပြီး ဖြစ်သည်။ ၁၉၅၆ တွင် ပါတီ ၏ နံပတ် (၅) နေရာ ရောက်လာသည့် စီးပွားရေး စီမံကိန်း ရေးဆွဲသူ ချန်ယွန်းသည် ယဉ်ကျေးမှု တော်လှန်ရေး မတိုင်မီ မော် ၏ အမျက်တော် ရှ ခံ ထိထား၍ မော် သေဆုံးချိန်အထိ သာမန် ဗဟို ကော်မတီ ဝင် တဦး အဖြစ် နှင့်သာ ရပ်တည် နေရချိန်လည်း ဖြစ်သည်။

 

ထိုစဉ်က ဟွကိုဖုန်း အား "အမျှော်အမြင် ရှိသော ခေါင်းဆောင်ကြီး" အဖြစ် ခေါ်ဝေါ်ခဲ့ကြသော်လည်း ၎င်း၏ အုပ်ချုပ်မှု သည် တခဏ သာ ကြာမြင့်ခဲ့သည်။ တော်လှန်ရေး လက်ကျန် ဝါရင့်ခေါင်းဆောင်ကြီးများက ယဉ်ကျေးမှုတော်လှန်ရေး အတွင်း ဖိနှိပ်ခံခဲ့ရသူများကို ရာထူးအာဏာများ ပြန်လည်ပေးအပ်ရန် ဟွကိုဖုန်းကို ဖိအားပေး အကျပ်ကိုင်လာသည့် အချိန်ကတည်းက ၎င်း၏ နိုင်ငံရေးအနာဂတ် နိမိတ်မကောင်းတော့သည်မှာ ထင်ရှားနေခဲ့ပြီဖြစ်သည်။

 

၁၉၇၆ ဧပြီလ တွင် ဖြစ်ပွားခဲ့သော တိန်ယန့်မင် အရေးအခင်း အပြီး တွင် တိန့်ရှောင်ဖိန်သည် ယခင် စွန့်လွှတ်ခဲ့ရသော ရာထူး အားလုံး ပြန်ရလာခဲ့ပြီး ထိုအထဲတွင် ပေါ်လစ်ဗျူရို အမြဲတမ်း ‌ကော်မတီ အဖွဲ့ဝင်၊ ဒုဝန်ကြီးချုပ်၊ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီး ဌာနချုပ်၏ အကြီးအကဲ ရာထူးများလည်း ပါဝင်လာခဲ့သည်။

 

၁၉၇၈ ဒီဇင်ဘာလ တွင် ကျင်းပသော ပါတီ မျက်နှာစုံညီ အစည်းအဝေး တွင် ဟွကိုဖုန်းသည် တော်လှန်ရေး လူဟောင်းကြီးများ နှင့် ပြုပြင် ပြောင်းလဲရေး သမားများ ပူးပေါင်းလာသည့် ညွှန်ပေါင်း အဖွဲ့ကြီး အပေါ် အရေးနိမ့်သွားခဲ့ရသည်။ သို့သော် ၁၉၈၁ ဇွန်လအထိ ပါတီဥက္ကဌ ရာထူး မှ တရားဝင် နှုတ်ထွက်ပေးခဲ့ခြင်း မရှိပေ။ ၎င်း လက်ဦးမှုယူ၍ အာဏာအထွတ်အထိပ်သို့ ရောက်လာနိုင်ခဲ့သော်လည်း ယင်းသည် ယဉ်ကျေးမှု တော်လှန်ရေး အတွင်း ဖိနှိပ်ခံခဲ့ရသူ များ ပြန်လာနိုင်အောင် လမ်းခင်း ပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

၎င်းတို့အားလုံးသည် ဟွကိုဖုန်းအား ဖြုတ်ချရန် နှင့် ပါတီ၏ အာဏာဆုပ်ကိုင်ထားမှု ကို အန္တရာယ် ကျရောက်စေ ယုံမျှမက တိုင်းပြည်ကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည့် မော်၏ တဖက်စွန်း ရောက် ဝါဒ ကို အဆုံးသတ် နိုင်ရန် အရေး တွင်သာ သဘောထား တူညီနေကြသူများ ဖြစ်သည်။