ဟိုမန်းသည် စစ်ပွဲကြီး ပြီးဆုံးသွားချိန်ကတည်းက ပုန်းနေနိုင်ခဲ့သော်လည်း ဂျာမဏီတွင် ဆက် နေမည် ဆိုက သူ့ အဖို့ ဖမ်းဆီးကြိုးပေး ခံရဖို့ အရေးသည် တချိန်ချိန်တွင် ကြုံရလိမ့်မည်ကို ကာလကြာမြင့်စွာ ကတည်းက သိထားပြီး ဖြစ်သည်။
ယခုအခါ ဟိုမန်းသည် ရထားတစီးပေါ် ခုန်တက်ပြီး အီတလီ ရှိ စတားဇင်းဂ် မြို့ကလေးသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ရထားပေါ်မှ ဆင်းပြီး မိုင်ဝက်ခန့် အကွာရှိ Goldenes Kreuz တည်းခိုခန်း သို့ လျှောက်လာခဲ့သည်။ မနက် ဝေလီဝေလင်း ဖြစ်သော်ငြားလည်း လျို့ဝှက် အမည် နီနိုဟု ခေါ်သော် သူ၏ အီတာလျံ အဆက်အသွယ်က အသင့်စောင့်ဆိုင်း နေပြီ ဖြစ်သည်။
ဟိုးမန်းက "ရို့စ်မေရီ" ဟူသော စကားဝှက်ကို ပြောလိုက်သည်။ နီနိုက သူ့အား မှတ်ပုံတင် ကပ်ပြား အသစ်ကို ထုတ်ပေးသည်။ အဆိုပါ ကပ်ပြား သည် ၁၉၄၅ တွင် သက်တမ်းကုန်မည် ဟု ရေးထားသော်လည်း အနီးအနားရှိ ဗရစ်ဆင် မြို့တွင် ထုတ်ပေးထားသည် ဆိုသော အချက် နှင့် ပင် ဟိုးမန်း အတွက် လုံလောက်သွားပြီ ဖြစ်သည်၊ ထိုကပ်ပြားကို ပြနိုင်ခြင်းဖြင့် သူသည် စစ်အတွင်း အီတလီတွင် နေထိုင်နေသော ဂျာမန် နိုင်ငံသားတဦး ဖြစ်သည် ဆိုသော သက်သေ အထောက်အထား ရသွားခြင်း ကြောင့်ပင် ဖြစ်သည်။
တကယ်တမ်းတွင် ဟိုမန်းသည် SS အရာရှိတဦး အဖြစ် ဂျာမန် သေမင်းတမန် သုံပန်းစခန်း များ တွင် ဆရာဝန် တဦး အဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။ ဆေးပညာ ပိုင်းအရ စမ်းသပ်မှု များကို ကလေးများ အား အဓိက ထား၍ လုပ်ခဲ့သူ ဖြစ်သည်။ ထိုသို့ လုပ်နေစဉ် အတွင်းလည်း စိတ်လက် ပေါ့ပါးစွာ နှင့် လေ လေး တချွန်ချွန် လုပ်နေခဲ့သည်။
၎င်းအားလည်း ဟင်းဒရစ်ခ်ျ ဟင်းမလား ကဲ့သို့ပင် စစ်ကြီး ပြီးပြီးချင်း မဟာမိတ်တပ်များက ဖမ်းဆီးမိခဲ့သည်။ သို့သော် ဟိုမန်းသည် သူ့အား အာရုံစိုက်လာနိုင်သည့် အရေး မှန်သမျှ ရှောင်ရှားခဲ့ပြီး သူလိုငါလိုပင် ခပ်လျိုလျို နေခဲ့သည်။ သူ၏ အမည်မှန်ကိုလည်း ထုတ်ပြောခဲ့ပြီး သာမန် အောက်ခြေ စစ်သား တဦးမျှသာ ဖြစ်သည်ဟု စစ်ဆေးသူများကို လက်ခံလာအောင် ပြောနိုင်ခဲ့သည်။
SS အဖွဲ့ဝင် မှန်သမျှ ညာဖက် ဂျိုင်းကြား အောက်တွင် သွေးအမျိုးအစားကို တက်တူး ထိုးထားကြရသည်။ ထိုအချိန်က ဟိုမန်းသည် ဆေးဝန်ထမ်း ဆရာဝန်လည်း ဖြစ်၍ သူ့အား ထိုးဖို့ မလိုဟု အကြောင်းပြ၍ ငြင်းဆိုထားနိုင်ခဲ့သည်။ ထို့အတွက် အမေရိကန် တို့ သူ့အား နှံ့နှံ့စပ်စပ် စစ်ဆေးခဲ့သော်လည်း တက်တူး ကို ရှာမတွေ့ခဲ့ကြ၍ သူပြောသည်ကို လက်ခံပြီး ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
နီနိုသည် ဟိုမန်းအား "အာဝင်" ဟု ခေါ်သော ဂျာမန် တယောက် နှင့် မိတ်ဆက်ပေးခဲ့သည်။ တကယ်တမ်း တွင် အာဝင်၏ အမည်ရင်းသည် ဟန့်စ် ဇက်ဒယ်လ်မိုင်ယာ ဖြစ်ပြီး ဟိုမန်း ဖခင် ပိုင် လယ်ယာသုံး စက်ပစ္စည်း ကုမ္ပဏီ၏ မန်နေဂျာလည်း ဖြစ်သည်။ အာဝင်သည် ဟိုမန်း ထွက်ပြေး နိုင်ရေး အတွက် လိုအပ်သည့် ငွေ အမြောက်အမြားကို ယူလာပေးခဲ့သည်။
နောက်ပိုင်း တွင် ဟိုမန်းသည် အီတလီ မြောက်ပိုင်း ကို ဖြတ်၍ ဂျီနိုအာ ဆိပ်ကမ်းမြို့သို့ ရောက်လာခဲ့သည်။ အဆက်အသွယ် ကူညီပေးမယ့်သူများနှင့် ခိုနားရာနေရာများ စနစ်တကျ ရှိနေပြီဖြစ်တာကြောင့် ဟိုမန်း သည် မည်သူမှ ရိပ်မိခြင်းမရှိဘဲ ခရီးသွားလာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဂျီနိုအာ တွင် "ကပ်" ဆိုသည့် လူ က ဆွစ်ဇာလန် ကောင်စစ်ဝန် ရုံးသို့ သွားရန် ညွှန်ကြားခဲ့သည်။ ဆွစ် သံရုံးရှိ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့မှ ၎င်းအား လိုအပ်သည့် စာရွက်စာတမ်းများ ထုတ်ပေးခဲ့သည်။ ထုတ်ပေးသည့် နေ့စွဲသည် မေ ၁၆၊ ၁၉၄၉ ဖြစ်သည်။ 10.100s ဆိုသည့် ခရီးသွား စာရွက်စာတမ်းသည် ဟိုမန်း၏ ပတ်စ်ပို့ ဖြစ်လာသည်။
ယခုအခါ "ဖရစ်ဇ် ဟိုမန်း" ဆိုသည့် ပုဂ္ဂိုလ်သည် ကမ္ဘာတဝှမ်း မည်သည့် နေရာမဆို တရားဝင် သွားလာ နိုင်ပြီ ဖြစ်သည်။
********************************
ဟိုမန်း တယောက် သူ၏ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လိုက်ခဲ့သည့် လမ်းကြောင်းကို "ကြွက်လျှောက်တန်း" ဟု ခေါ်ကြသည်။ ထိုလမ်းကြောင်းများသည် နေရာ အများအပြားတွင် ရှိနေပြီး အချို့သည် ဂျီနိုအာ တွင် ၎င်း၊ အချို့က စပိန်ထဲတွင် ၎င်း ရှိနေကြသည်။ အဓိက ထားဖြင့် အရေးပါသော နာဇီများကို ဥရောပ ပြင်ပသို့ ခိုးထုတ်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
မည်သို့မျှ ထင်မထားသော အဖွဲ့အစည်းများကလည်း အကူအညီ ပေးခဲ့ကြသည်။ ထိုအထဲတွင် ကြက်ခြေနီ အဖွဲ့၊ ဆွစ်ဇာလန် အစိုးရနှင့် ဗာတီကန် တို့ပင် ပါဝင်နေသည်။
ပုပ်ရဟန်းမင်း ပီယပ်စ် (၁၂) သည် ၁၉၃၃ မှစ၍ အဒေါ့ဖ် ဟစ်တလာ နှင့် နာဇီပါတီ တို့နှင့် အလွမ်းသင့်လာခဲ့သည်။ သူသည် ဂျာမနီနိုင်ငံအတွင်းရှိ ကက်သလစ်ဘာသာဝင် များ၏ ဘာသာရေး လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို အာမခံချက်ပေးမည့် Reichskonkordat (ရိုက်စ်ကွန်ကော်ဒတ်) သဘောတူညီချက်ကို ညှိနှိုင်းဆွေးနွေးပြီး ရရှိသွားခဲ့သည်။
၁၉၃၉ တွင် အဆိုပါ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့ ခြင်း ကြောင့် နာဇီပါတီကို တရားဝင် အသိအမှတ် ပြုပေးလိုက်သလို ဖြစ်သွားခဲ့သည်ဟု လူအများအပြားက ယုံကြည်ခဲ့ကြသည်။
၁၉၄၃ အောက်တိုဘာလ အတွင်း နာဇီများက ရောမ ရှိ ဂျူးများကို ဖမ်းဆီးခဲ့မှု ကိုလည်း ပုပ်ရဟန်းမင်းကြီးသည် ရေငုံနှုတ်ပိတ်နေခဲ့သည်။ ဟစ်တလာကလည်း စစ်ပွဲ တလျောက်လုံး ဗာတီကန် ကို သိမ်းယူခြင်း မလုပ်ခဲ့ဘဲ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့် ပေးခဲ့ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။
ဥရောပရှိ လူအတော်များများ ကဲ့သို့ပင် ပီးယပ်စ် (၁၂) သည်လည်း ဆိုဗီယက်တို့ ကမကထ လုပ်လာသည့် ဘုရားမဲ့ ကွန်မြူနစ် ဝါဒ ခေါင်းထောင်ထလာမှု ကို လွန်စွာ စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။ ယင်းနှင့် အတူ ဥရောပ တခွင် ခရစ်ယာန် ဘုရားကျောင်းများ၏ အရှိန်အဝါလည်း ကျဆင်းလာနေခြင်း ကြောင့်ခရစ်ယာန် ယုံကြည်မှု နောက်တကြိမ် ထွန်းကား စည်ပင်လာနိုင်ရေး ကို မျှော်မှန်းနေသူလည်း ဖြစ်သည်။
ထို့အတွက်ကြောင့် ပြစ်ဒဏ် စီရင်ခြင်း ခံထားရသည့် အောတို အိုလန်းဒေါ့ဖ် အား သက်ညှာခွင့် ပေးရန် ပန်ကြားလာခြင်း ဖြစ်သည်။ ကမ္ဘာတဝှမ်း ကွန်မြူနစ်ဝါဒ ပြန့်ပွားလာမည့် အရေး အတွက် တိုက်ပွဲ ဝင်မည့် နာဇီများကိုလည်း ကူညီ ပေးချင်နေသည်။
ရောမ ရှိ အမေရိကန် သံရုံး မှ ၁၉၄၇ မေလ အတွင်း ဝါရှင်တန်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန သို့ လျို့ဝှက်ပေးပို့သော အစီရင်ခံစာတွင် "ဗာတီကန်သည် သည် တရားမဝင် ထွက်ခွာနေသူများကို အကြီးအကျယ် အကူအညီ ပေးနေသည့် တခုတည်းသော အဖွဲ့အစည်း ဖြစ်သည်" ဟု ဖေါ်ပြထားသည်။ ထို့ပြင် ဗာတီကန်သည် ဥရောပနိုင်ငံများသာမက လက်တင်အမေရိကနိုင်ငံများအတွင်းသို့ပါ ထိုးဖောက်ဝင်ရောက်လိုသည့် ဆန္ဒ ရှိနေခြင်း ကြောင့်ဟု ဆင်ခြေပေးခဲ့သည်။ ထိုသူများသည် ကွန်မြူနစ် ဆန့်ကျင်ရေးဝါဒီနှင့် ကက်သလစ်အသင်းတော်ကို ထောက်ခံသူများ ဖြစ်နေသရွေ့ မည်သည့်နိုင်ငံရေးအယူအဆ ရှိသူများကိုမဆို စိမ့်ဝင်စေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
ကွန်မြူနစ် အန္တရာယ်ကို ရပ်တန့်အောင် လုပ်ရမည် ဆိုသည်ကိုလည်း အသစ် ဖွဲ့စည်းလာသည့် စီအိုင်အေ နှင့် အမေရိကန် စစ်တပ် တန်ပြန် ထောက်လှန်းရေး အဖွဲ့များက အာရုံစိုက်နေချိန်လည်း ဖြစ်သည်။ ယင်းနှင့် အတူ ဆိုဗီယက်တို့အား အဓိက ရန်သူ အဖြစ် သဘောထားလာပြီး နာဇီများကို တရားစွဲ ခံရခြင်း မှ ကင်းလွတ်ခွင့်ပြုမည်၊ အပြန်အလှန် အနေဖြင့် ၎င်းတို့အတွက် ဆိုဗီယက် ထံမှ သတင်း အချက်အလက်များ ရအောင် ထောက်လှန်း စုဆောင်းပေးရမည်ဆိုကာ ကူညီ ပေးလာကြသည်။
နောင်တစ်ချိန်တွင် ပြင်သစ်နိုင်ငံ၌ ကျူးလွန်ခဲ့သည့် နာဇီ စစ်ရာဇဝတ်မှုများ၏ ပြယုဂ်တစ်ခုသဖွယ် ဖြစ်လာမည့် ကလောက်စ် ဘာဘီ သည်လည်း အမေရိကန်တို့၏ အကူအညီကို ရရှိခဲ့သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ဘာဘီ၏ ရက်စက်ကြမ်းကြုပ်မှု များက ဆိုးဆိုးဝါးဝါး ဖြစ်ပြီး ထိုအထဲတွင် လူမဆန်ဆုံး လုပ်ရပ် တခုသည် ၁၉၄၄ ဧပြီ ၆ ရက် နေ့တွင် ထွက်ပေါ်လာခဲ့သည်။ ထိုနေ့တွင် စနစ်တကျ အကွက်ချကာ လိုက်လံဖမ်းဆီးရန် ရှိနေသည့် စစ်ဆင်ရေး တခု အတွက် ဂျာမန် စစ်ထရပ်ကား သုံးစင်းသည် လိုင်ယွန် မှ နေ၍ မိုင် ငါးဆယ် ခန့် ဝေးသော အီဇီယူး ဆိုသော ရွာကလေးသို့ မောင်းလာခဲ့ကြသည်။ ထို့နောက်တွင် ပြင်သစ် နိုင်ငံသား ခံယူထားသော ပိုလန် အမျိုးသမီး ဆာဘီနာ ဇီလာတင် ပိုင်သော လယ်တော အိမ်တွင် ရပ်လိုက်သည်။
ဇီလာတင်သည် ဂျူး ကလေးများကို အနီးရှိ နယ်ခြားကို ဖြတ်၍ ဆွစ်ဇာလန် ဖက်ခြမ်းသို့ ခိုးသွင်းနေသည် နှင့် လက်ရှိ တွင် ဂျူး လူငယ်များ ခိုလှုံခွင့် ပေးထားသည် ဆိုသော သတင်းများ ကို ဘာဘီက ရထား၍လည်း ဖြစ်သည်။
ဤသည်ကလည်း အမှန်ပင်၊ အီဇီယူး ဂေဟာ သည် ဂျူးမိဘမဲ့ကလေးများနှင့် ဒုက္ခသည်များအတွက် လျှို့ဝှက်ဖွင့်လှစ်ထားသော ခိုလှုံရာနေရာတစ်ခု ဖြစ်သည်။