အိုင်စီဂျေ နှင့် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍ

by Hla Soewai - Jan 19 2026

လက်ရှိ ဟိဂ် တွင် နိုင်ငံတကာ တရားရုံးချုပ်၏ ကြားနာ စစ်ဆေးနေမှု သည် ရိုဟင်ဂျာ များ အပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်ခဲ့မှု များ အပေါ် တာဝန်ခံမှု ရှိလာစေယုံသာမက နိုင်ငံတကာမှ တရားမျှတမှုကို စောင့်ထိန်း လိုက်နာလျက် ရှိသည်ဆိုသော ဂုဏ်သိက္ခာကိုပါ ပုံဖော်ပေးမည်ဖြစ်သည်။ ဤကဲ့သို့ အရေးကြီးသောအခြေအနေတွင် ICJ အနေဖြင့် အတိတ်က မှားယွင်းမှုများကို ထပ်မံမကျူးလွန်မိစေရန် အထူးလိုအပ်လှသည်ဟု DVB တွင် ဆောင်းပါးရှင် Fergus Harlow ရေးသား ခဲ့သည်ကို ကောက်နှုတ်တင်ပြသွားပါမည်။

 

မြန်မာ စစ်တပ်၏ ဥပဒေမဲ့ သတ်ဖြတ်ခဲ့မှု များ၊ လိင် အကြမ်းဖက် မှု များ၊ ရိုဟင်ဂျာ များ အား ၎င်းတို့ နေထိုင်ရာ ‌ဒေသများမှ အတင်း အဓမ္မ မောင်းထုတ်ခဲ့မှု များ ကြောင့် တဖက် နိုင်ငံ တွင် ထိတ်လန့် ‌ကြောက်ရွံ့ဖွယ် ကောင်းလှသည့် အခြေအနေများ နှင့် ရင်တထိတ်ထိတ် နေထိုင်နေကြရသည့် အဖြစ်ကို အထင်အရှား တွေ့နေရ၍ စစ်တပ်သည် ပြစ်မှု ကျူး လွန် ခဲ့ခြင်း ရှိသည်က ငြင်းမရအောင် သက်သေခံ နေပြီ ဖြစ်သည်။ ထို့အတွက် ၎င်းတို့ သည် စစ်ရာဇဝတ်မှု များ၊ လူသား မျိုးနွယ်စု တရပ်လုံး အပေါ် ရည်ရွယ်ချက် ရှိရှိ ရာဇဝတ်မှုများ ကျုးလွန်ခဲ့သည့် လုပ်ရပ်များ အတွက် တာဝန်ခံမှု ရှိရမည် ဆိုသည်က မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စရပ် ဖြစ်လာသည်။

 

တရားရုံးရှေ့တွင် ရောက်နေသည့် မေးခွန်းမှာ "ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား" ဆိုသည့်အချက် မဟုတ် တော့၊ ထိုသို့ဖြစ်ပျက်ခဲ့သည်မှာ ထင်ရှားနေသော်လည်း၊ ယင်းကို "လူမျိုးသုဉ်းသတ်ဖြတ်မှု" (Genocide) ဟု ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ သတ်မှတ်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်ကသာ အဓိက ဖြစ်သည်။

 

ယင်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်ကျင့်တရားအရ ပြစ်တင်ရှုတ်ချရန် သုံးသည့် စကားလုံးသက်သက် မဟုတ်။ ၎င်းသည် နိုင်ငံတကာဥပဒေတွင် အလွန်တိကျသည့် သတ်မှတ်ချက် များ ရှိသော ရာဇဝတ်မှု အမျိုးအစားဖြစ်သည်။

 

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် "လူမျိုးသုဉ်းသတ်ဖြတ်မှု" ကို ရောထွေးလိုက်ခြင်းသည် တရားမျှတမှုကို အားကောင်းစေသည်မဟုတ်ဘဲ တရားမျှတမှု၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။

 

ထို့ကြောင့် ICJ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ ၂၀၁၈ ခုနှစ် အချက်အလက်ရှာဖွေရေး မစ်ရှင်၏ ကျရှုံးသွားမှုကို ထပ်မံမကျူးလွန်မိစေရန် ရှောင်ရှားရမည်ဖြစ်သည်။ ထိုမစ်ရှင်သည် လူပြောများနေသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရက လူမျိုးသုဉ်းသတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်နေ၍ အခက် တွေ့ခဲ့ရခြင်းမျိုး မဟုတ်ဘဲ၊ စုံစမ်းစစ်ဆေးမှု၏ ဖွဲ့စည်းပုံအရ မပြည့်စုံမှုများကြောင့်သာ တုံ့ဆိုင်းနှေးကွေးခဲ့ရခြင်း ဖြစ်သည်။

 

ကျုးလွန် ခံရသူ များ၏ ထွက်ဆိုချက်များသည် စစ်တပ်ကျုးလွန်ခဲ့သော ရာဇဝတ်မှု များ အတွက် လွန်စွာ အရေးပါသော သက်သေ အထောက်အထား များ ဖြစ်သော်လည်း နိုင်ငံ တနိုင်ငံသည် လူမျိုးသုဉ်း သတ်ဖြတ်ရန် ရည်ရွယ်ခဲ့ခြင်း ရှိမရှိ ဆိုသည် အပေါ် ကျူးလွန်သူများ၏ အစီအစဉ်များ၊ စစ်ဘက်ဆိုင်ရာ အမိန့်ပေးမှု မှတ်တမ်းများနှင့် အခြားသော ခိုင်လုံသည့် ရုပ်ဝတ္ထုသက်သေများအားလုံး မျှတစွာ ပါဝင်ရန် လိုအပ်လာသည်။

 

ဤနေရာ တွင် စစ်အာဏာ သိမ်းမှု နှင့် အတူ ဖမ်းဆီး ချုပ်နှောင်ခံထားရသော လူထု ရွေးချယ်တင်မြှောက်ခံထားရသည့် အရပ်သား အစိုးရ တဖွဲ့လုံး နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပါဝင်လာသည်။ (ဒေါ်အောင်ဆန်းစုကြည်သည် ယခု အခါ စစ်အာဏာရှင်များ ၏ ဖမ်းဆီးချုပ်နှောင်ခံရသည့် ကာလ အပိုင်းအခြား စုစုပေါင်းလျင် နှစ် နှစ်ဆယ် ပြည့်လာခဲ့ပြီ ဖြစ်၍ သူမ အသက်၏ လေးပုံ တပုံသည် စစ်အာဏာရှင်များ၏ အကျဉ်းသား အဖြစ် နေထိုင်ခဲ့ရသည်ဟု ပြော၍ ရနေပေသည်။)

 

၂၀၁၈ ခုနှစ် မစ်ရှင်အတွင်း ကုလသမဂ္ဂသည် 'မြန်မာအစိုးရ' ဆိုသည့် အသုံးအနှုန်းကို သုံးနှုန်းရာတွင် တာဝန်နှင့် ဝတ္တရားများ သိသိသာသာ ကွဲပြားခြားနားလှသော အရပ်သားအစိုးရ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စစ်တပ် တို့ကို တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောထွေးပြီး သုံးနှုန်းခဲ့ကြသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ ခုနှစ် အချက်အလက် ရှာဖွေရေးမစ်ရှင်ကို ငြင်းပယ်ခဲ့မှု အား အမှားအယွင်းများကို ဖုံးကွယ်ရန် ကြိုးပမ်းမှုအဖြစ် လူအများက ပုံဖော်ခဲ့ကြသည်။ သို့သော် ပို၍ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်သည်က နိုင်ငံတကာ၏ ကြားဝင်စွက်ဖက်မှုများသည် အကြမ်းဖက်မှုများကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု သူမ အစဉ်တစိုက် သတိပေးခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုစဉ်က သူမ ၏ မိန့်ခွန်းတိုင်းနှင့် လုပ်ဆောင်ခဲ့သော အပြုအမူတိုင်းသည် ထိုရပ်တည်ချက် အပေါ် အခြေခံခဲ့သည်။

 

တကယ်တမ်းတွင် နောက်ဆက်တွဲဖြစ်ရပ်များဖြစ်သည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၊ အလုံးအရင်းဖြင့် ဖိနှိပ်ချုပ်ချယ်မှုများနှင့် ရွေးကောက်ခံအစိုးရကို ဖမ်းဆီးထောင်ချမှုများသည် စွပ်စွဲ ခဲ့ကြသလို ပြစ်မှုများကို ဖုံးကွယ်ခဲ့ခြင်းမဟုတ်ဘဲ သူမ သတိပေးခဲ့သည့်အတိုင်း ကပ်ဘေးကြီးသည် အကြမ်းဖက်မှုများ အတူ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းကိုသာ သက်သေပြလာခဲ့ပြီ ဖြစ်သည်။

 

အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများက စစ်အုပ်စု ၏ လက်ရှိ ရွေးကောက်ပွဲကို လိမ်လည်လှည့်ဖျားမှုတစ်ခုအဖြစ် ပြစ်တင်ရှုတ်ချနေကြသော်လည်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွေးကောက်ခံအစိုးရနှင့် ပတ်သက်၍မူ နှုတ်ဆိတ်နေကြဆဲဖြစ်သည်။ မတရားမှုအပေါ် ထပ်ဆင့်၍ မတရားမှုများ မဖြစ်ပေါ်စေရန်အတွက် ယခုအချိန်သည် ဖမ်းဆီးခံထားရသူများအား ပြန်လည်လွတ်မြောက်လာစေရန် တောင်းဆိုရမည့် အလွန်အရေးကြီးသော အချိန်ဖြစ်သည် ဟု ရေးသားထားသည်။

 

မိမိ အမြင်ကို တင်ပြရမည် ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် စစ်တပ်၏ ရက်စက်မှုများကို ပူးပေါင်းပါဝင်သူမဟုတ်ဘဲ၊ ထိုရက်စက်မှုများ မကြီးထွားလာအောင် သူမ၏ အကန့်အသတ် ဖြင့်သာ ရှိ နေသော အာဏာ အတွင်းမှ ထိန်းညှိရန် ကြိုးပမ်းခဲ့ခြင်း သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရသည် အာဏာရှိသော်လည်း လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာကိစ္စရပ်များ တွင် လုပ်ပိုင်ခွင့်မရှိ၊ စစ်တပ်သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းဖြစ်ပြီး အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိခဲ့ ဆိုသည် ကို ဦးတည်ပြီး ICJ အနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု "ရည်ရွယ်ချက်" ကို စစ်ဆေးသင့်သည်။

 

သို့မှသာ ရာဇဝတ်မှုများသည် စစ်တပ်၏ သီးခြားလုပ်ဆောင်ချက်သာဖြစ်ပြီး အရပ်သားအစိုးရ၏ မူဝါဒမဟုတ်ကြောင်း သက်သေပြနိုင်မည်ဖြစ်ပြီး အမှု၏ ရလဒ်ကို များစွာ ပြောင်းလဲစေနိုင်သည်။

 

ICJ အနေဖြင့် ထိုစဉ်က သူမ၏ ထွက်ဆိုချက်များကို ပြန်လည်သုံးသပ်ပြီး သူမ အနေဖြင့် အမှန်တကယ် လုပ်ပိုင်ခွင့် အပြည့်အဝ မရှိဘဲ ကန့်သတ်ခံနေရသည်များ ကို ထည့်သွင်းစဉ်းစားဖို့ လိုလာသည်။

 

အရပ်သားအစိုးရသည် စစ်တပ်အပေါ် အမိန့်ပေးပိုင်ခွင့် မရှိကြောင်း ခိုင်မာသည့် အထောက်အထားများ ရှိနေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသည်ပင်လျှင် စစ်တပ်သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိကြောင်း အကြီးမားဆုံး သက်သေဖြစ်သည်။ထို အရေးပါသော အချက်ကို ICJ က လက်ခံပါက၊ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ခံရမည့်သူမှာ အရပ်သားခေါင်းဆောင်များမဟုတ်ဘဲ စစ်တပ်ခေါင်းဆောင်များသာ ဖြစ်ကြောင်း ပိုမိုထင်ရှားလာမည် ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး သမား တဦးဟု မမြင်ကြ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သင်္ကေတ icon ဟု ပြည်ပ အစိုးရများ နှင့် မီဒီယာ များက သတ်မှတ်ထားသည်၊ အကယ်၍သာ ၎င်းတို့ ဖြစ်စေချင်သလို စစ်တပ်အား လူသိ ရှင်ကြား ကန့်ကွက်မည် ဆိုက ချက်ခြင်းလို စစ်တပ်က ပိုမို ဆိုးရွားစွာ တုန့်ပြန်လာပြီး လူထု ဒုက္ခရောက်မည့် အရေး ကို သူမ အနေဖြင့် ကောင်းစွာ သိထား၍ ဖြစ်သည်။

 

မီဒီယာ များ အတွက်က နိုဗယ်ဆုရှင်တစ်ဦးက လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကာကွယ်ပေးနေသည်" ဆိုသော ဇာတ်ကြောင်း Narrative က သာ သတင်း ခေါင်းစဉ် မဟုတ်ပါလား။

 

နိုင်ငံတကာ အစိုးရ များ နှင့် အဖွဲ့အစည်းများက လူသိအများဆုံး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးခြင်းဖြင့် စစ်တပ်ကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းကျောင်းနိုင်လိမ့်မည်ဟု မှားယွင်းစွာ တွက်ဆခဲ့ကြခြင်း ဖြစ်နိုင်သည်။

 

ဒေါ် အောင် ဆန်းစုကြည်အား နိုင်ငံရေးသမား ထက် သူတော်စင် တစ်ဦးအဖြစ် မြင်ခဲ့ကြသည့်အတွက် သူမ၏ လက်တွေ့ကျကျ တွက်ချက်ရသော နိုင်ငံရေးခြေလှမ်းများကို နားမလည်ပေးနိုင်ခဲ့ကြခြင်း ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုချက်သည် တရားမျှတမှုအတွက်သာမက၊ ICJ အမှုတွင် အမှန်တရား ပေါ်ပေါက်ရေး အတွက်လည်း အရေးကြီး ပေသည်။ သူမ လွတ်မြောက်လာမှသာ ထိုစဉ်က အဖြစ်အပျက်များ၏ နောက်ကွယ်မှ အမှန်တရားများကို ပိုမိုတိကျစွာ သိရှိနိုင်မည် ဖြစ်သည်။

 

ထိုအမှု ကြီး အတွက် တာဝန်အရှိဆုံးဟု စွပ်စွဲခံထားရသည့် မလုပ်ရဲတာ ဘာမှ မရှိ ဆိုသော စစ်အုပ်စု အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး ကတော့ ကိုယ်တိုင်ကိုယ်ကျ မလာရောက်ရဲဘဲ ၎င်း လွှတ်လိုက်သည့် လူများ အိပ်ငိုက်နေကြသည်ကို လူထုက ‌တွေ့မြင်ခဲ့ကြရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!