အန်ဒရေကို တွေ့လိုက်ရသည့် အတွက် ဝမ်းသာသွားခဲ့မှု သည် စိတ်ပျက်အားလျော့မှုကြောင့် ဖြစ်ရသည့် ဝမ်းနည်းမှု များနှင့်အတူ သူမ၏ ရင်ထဲတွင် ရောယှက် ဝင်ရောက် လာခဲ့သည်။ ထိုသို့ဆန့်ကျင်ဘက် ခံစားချက်နှစ်ခု ပေါင်းစည်းသွားရာမှ တောက်လောင်နေသည့် ဝေဒနာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အမေ အဖို့ ပူနွေးသည့် လှိုင်းလုံးကြီးတစ်ခု လွှမ်းခြုံသွားသလို မျိုး ခံစားလိုက်ရသည်။
အင်ဒရေ ၏ ရင်ခွင်ထဲသို့ မျက်နှာကို အပ်ထားလိုက်မိသည်။ သူမကို တင်းကျပ်စွာ ပြန်ဖက်ထားသော အင်ဒရေ၏ လက်များသည်လည်း တုန်ယင်နေသည်။ ဘာစကား မှ မပြောဘဲ တရှုံ့ရှုံ့ ရှိုက်ငိုနေသော အမေ၏ ဆံပင်များကို အင်ဒရေက တယုတယ ပွတ်သပ်ပေးနေရင်းက "မငိုပါနဲ့ အမေရယ်။ ကျွန်တော့်ရင်ကို နာအောင်မလုပ်ပါနဲ့။ ကျွန်တော် ရဲရဲကြီး ကတိပေးရဲတယ်။ သူ့ကို မကြာခင် ပြန်လွှတ်ပေးမှာပါ။ သူ့အပေါ်မှာ ဘာသက်သေအထောက်အထားမှ ရှာ မ တွေ့ဘူး။ ကျန်တဲ့ကောင် တွေ အားလုံးကလည်း ချက်ထားတဲ့ ငါးတွေလိုပဲ ငြိမ်နေကြမှာဘာမှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။"
အင်ဒရေသည် အမေ၏ ပုခုံးကို သူ၏ လက်များ နှင့် ဖက်ထားရင်း က အိမ်ထဲသို့ ပြန်ခေါ်လာခဲ့သည်။ အမေသည် သူ့ကို မှီတွယ်လိုက်လာရင်းက မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ နှလုံးသားသည်လည်း သူ၏ ကြင်နာလှသော စကားလုံးများကို အငမ်းမရ မျှော်လင့် နေမိသည်။
"ပါဗယ်လ်က အမေ့ကို အချစ်တွေနဲ့ နှုတ်ဆက်လိုက်ပါတယ်တဲ့။ သူကတော့ တတ်နိုင်သမျှ ကျန်းကျန်းမာမာနဲ့ ရွှင်ရွှင်လန်းလန်းပါပဲ။ ထောင်ထဲမှာတော့ လူတွေနဲ့ ကြပ်ညပ်နေတယ်။ ဒီကလူတွေရော၊ မြို့ထဲကလူတွေရော စုစုပေါင်း တစ်ရာကျော်လောက်တောင် ဖမ်းထည့်ထားကြတာ။ အခန်းတစ်ခန်းထဲမှာတင် သုံးလေးယောက်လောက် စုပြုံနေရတယ်။ ထောင်အရာရှိတွေကတော့ တော်တော်လေး သဘောကောင်းကြပါတယ်။
သူတို့လည်း စစ်ပုလိပ်တွေက လူတွေ အများကြီး ဖမ်းပြီး လာထဲ့ထားကြလို့ အတော်ကို ပန်းနေကြပြီ၊ အလွန်အကျွံ အားစိုက်ခွန်စိုက် မလုပ် နိုင်ကြတော့ဘူး၊ သူတို့က 'လူကြီးမင်းတို့ရေ... တတ်နိုင်သမျှ ငြိမ်ငြိမ်လေးပဲ နေပေးကြပါ။ ကျွန်တော်တို့ကိုလည်း အကျပ်ရိုက်အောင် မလုပ်ကြပါနဲ့' လို့ပဲ ပြောကြတာ။ ဒါကြောင့် အားလုံး အဆင်ပြေပြေပါပဲ။ ကျွန် တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ ရတယ်၊ စာအုပ်တွေ အပြန်အလှန် ငှားဖတ်ကြတယ်၊ ပြီးတော့ စားစရာတွေကိုလည်း မျှဝေစားကြတယ်။ တကယ်တော့ ဒါဟာ ထောင်ကောင်းတစ်ခုပဲ။ ဟောင်းနွမ်းပြီး ညစ်ပတ်ပေမဲ့ စိတ်ထဲမှာတော့ သက်သောင့်သက်သာရှိပြီး ပေါ့ပါးနေတာပဲ။ ရာဇဝတ်သားတွေကလည်း လူကောင်းတွေပါပဲ၊ သူတို့က ကျွန် တော် တို့ကို အများကြီး ကူညီကြတယ်။ ဘူကင်ရယ်၊ နောက်ထပ် လေးယောက်ရယ်၊ ပြီးတော့ ကျွန် တော် ရယ် လွတ်လာခဲ့ပြီ။ ထောင်ထဲမှာ လူတွေ သိပ်များလာလို့လေ။ ပါဗယ်လ်ကိုလည်း မကြာခင် ပြန်လွှတ်ပေးမှာပါ။ ဒါ တကယ်ပြောတာပါ၊ ကျွန် တော် ပြောတာကို ယုံပါ။"
ဗိုင်ဆော့ချီကော့ သည် ထောင်ထဲတွင် အကြာဆုံး နေခဲ့ရသူ ဖြစ်သည်။ တချိန်လုံး နီးပါး အာဏာပိုင်များကို ဆဲဆို ကြိမ်းမောင်းနေသူ ဖြစ်၍လည်း သူ့အား အလွန်အမင်း စိတ်ဆိုးဒေါသ ထွက်နေကြသည်။ စစ်ပုလိပ်များက ၎င်းကို မကြည့်ချင်အောင် ဖြစ်နေသည်။ တစ်နေ့နေ့တွင် ရုံး ရောက် ဂါတ်ရောက်တာ ဒါမှမဟုတ် အကြီးအကျယ် အရိုက်ခံရတာမျိုး ဖြစ်လာပေမည်။ ပါဗယ်ကတော့ သူ့ကို ဖျောင်းဖျကြည့်သေးသည်။ 'တော်စမ်းပါ နီကိုလိုင်းရာ၊ မင်း ဆဲနေရုံနဲ့တော့ သူတို့ ပြုပြင်ပြောင်းလဲလာမှာ မဟုတ်ဘူး'။
နီကိုလိုင်း ကတော့ 'သူတို့လို ကပ်ပါး ကောင်တွေကို ကမ္ဘာ့မြေ ပေါ်ကနေ အမြစ်ပြတ်အောင် ရှင်းပစ်လိုက်စမ်း!' လို့ အော်ဟစ်နေတုန်းပင်။ "ပါဗယ်ကတော့ ကျွန်တော်လို မဟုတ်ဘူး၊ အထဲမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်တတ်တယ် ။ လူတိုင်းအပေါ် တန်းတူရည်တူ ဆက်ဆံပြီး ကျောက်ဆောင်တစ်ခုလို ခိုင်မာပြတ်သားတယ်။ သူ့ကို မကြာခင် ပြန်လွှတ်ပေးကြလိမ့်မယ်။"
"မကြာတော့ဘူး ဟုတ်လား"၊ အမေသည် အခုမှ စိတ်သက်သာရာ ရသွားဟန် နှင့် ပြုံးလာပြီး "အေး.... သူ ကို ကြာကြာထားမှာ မဟုတ်ဘူး ဆိုတာ အမေ သိနေတယ်"
"အမေ သိတယ် ဆိုလည်း ပြီးတာပဲ၊ ကျွန်တော်ကို လ္ဘက်ရည် ဖျော်တိုက်ပါဦး၊ အမေကော ဘယ်လို တွေ နေနေခဲ့တယ် ဆိုတာလည်း ပြောပါဦး"
သူ့ကို ကြည့်ရသည်မှာ မျက်နှာ တခုလုံး ပြုံးရွှင်နေပြီး သူမနှင့်လည်း အလွန်နီးစပ်သူ တဦးဟု စိတ်ထဲ ခံစားရလာသည်။ သူ၏ ဝိုင်းစက်သော ပြာလဲ့နေသော မျက်ဝန်း ထဲတွင်တော့ ချစ်ခင်ကြင်နာမှုနှင့်အတူ အနည်းငယ် ဝမ်းနည်းရိပ်သန်းနေသော အရောင်တစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်။
"အန်ဒရူးရှာ... သားကို အမေ သိပ်ချစ်တာပဲကွယ်" ဟု ပြောရင်း သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်သည်။ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးများက ပုံမကျပန်းမကျ ပေါက် နေသည့် သူ၏ ပိန်လှီသည့် မျက်နှာလေးကို ကြည့်နေမိသည်။
"လူတွေက ကျွန်တော့်ဆီကနေ အနည်းအကျဉ်းလေး ရတာနဲ့တင် ကျေနပ်နေကြတာပါ အမေရယ်။ အမေ ကျွန်တော့်ကို ချစ်တာ ကျွန်တော် သိပါတယ်။ အမေဟာ လူတိုင်းကို ချစ်နိုင်တဲ့သူပါ၊ အမေ့မှာ ကြီးမြတ်တဲ့ နှလုံးသားတစ်ခု ရှိတယ်" ဟု ရုရှားလေး က ကုလားထိုင်ပေါ်တွင် လှုပ် နေရင်း၊ မျက်လုံးများက အခန်းထဲ ဟိုဟိုဒီဒီ ဝေ့ကြည့်ရင်း ပြောလိုက်လေသည်။
"မဟုတ်ဘူး၊ အမေက သားကို တခြားသူတွေထက် ပိုထူးခြားပြီး ချစ်တာပါ" ဟု အတင်း ပြောလိုက်ရသည်။ "တကယ်လို့ သားမှာသာ အမေတစ်ယောက်ရှိမယ်ဆိုရင်၊ ဒီလိုသားမျိုးကို ပိုင်ဆိုင်ရတဲ့အတွက် အဲဒီအမေကို လူတွေက အားကျနေကြမှာ"၊ ထိုအခါ ရုရှား လေးကသူခေါင်းကို လက်နှစ်ဖက်ဖြင့် ခပ်သွက်သွက် ပွတ်ရင်း ဟိုဘက်ဒီဘက် ယမ်းလိုက်သည်။
"ကျွန်တော် မှာ အမေရှိသေးတယ်၊ ဟိုး...တနေရာမှာ" ဟု အသံခပ်တိုးတိုး ဖြင့် ပြောသည်။
"အမေ ဒီနေ့ ဘာလုပ်ခဲ့တယ် ဆိုတာ သိလား" ဟု အားရပါးရ ပြောလိုက်သည်။ ကျေနပ်ပီတိဖြစ်လွန်း၍ အသံများပင် တုန်ရင်နေပြီး မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းနေ၏။ ထို့နောက် စက်ရုံထဲသို့ တော်လှန်ရေးစာစောင်များကို သူမ မည်သို့ ခိုးသွင်းခဲ့ပုံကို အမြန်ပင် ပြန်ပြောပြလေတော့သည်။
ရုရှားလေးသည် အံ့အား သင့်သွား၍ အမေကို ခေတ္တမျှ မျက်လုံးများ ပြူးပြီး ကြည့်နေသည်။ ထို့နောက်တွင် တော့ သဘောကျ လွန်း၍ တဟားဟားနှင့် ကျယ်လောင်စွာ အားရပါးရ ရယ်မောချလိုက်ပြီး၊ ခြေဆောင့်ကာ၊ ခေါင်းကိုလည်း လက်ချောင်းများဖြင့် ခပ်သွက်သွက် တောက်လိုက်ရင်း ဝမ်းသာအားရ အော်ဟစ်လေတော့သည် -
"အိုဟိုး... ဒါက အပြောင်အပျက် မဟုတ်တော့ဘူး၊ တကယ့်ကို အလုပ်ဖြစ်သွားတာပဲ။ ဒါကို သိရင် ပါဗယ်လ် တစ်ယောက် ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ။ အမေကတော့ တကယ်ကို သတ္တိခဲပဲဗျာ။ အမေလုပ်လိုက်တာ သိပ်ကောင်းတာပဲ။ ပါဗယ်လ်အတွက်ရော၊ သူနဲ့အတူ အဖမ်းခံရတဲ့သူတွေ အားလုံးအတွက်ပါ ဘယ်လောက်တောင် အကျိုးရှိသွားတယ်ဆိုတာ အမေ စိတ်တောင် ကူးကြည့်လို့ ရမှာမဟုတ်ဘူး"
ထိုသို့ ပြောရင်းက သူ့ထံသို့ အပျော်များ ကူးစက်လာပြီး လက် ဖျောက်တီးကာ လေ လေး တချွန်လုပ်နေသည်။၊ အမေသည်လည်း သူ ပျော်သွား သည့်ကို ကြည့်ပြီး စိတ်အားတက်ကြွလာက စကားများ အဆင်မပြတ် ပြောလာသည်။
“အို... ငါ့သား၊ ငါ့ရဲ့ အန်ဒရူးရှာရယ်...” သူမသည် ရင်ထဲတွင် အောင့်အီးထားသမျှ ပေါက်ကွဲထွက် လာခဲ့ခြင်းလည်း ဖြစ်သည်။ “အမေဟာ တစ်သက်လုံး စဉ်းစားခဲ့တာ... ‘ကောင်းကင်ဘုံက အရှင်ထာဝရဘုရား၊ ကျွန်မ ဘာအတွက်များ အသက်ရှင်နေခဲ့ရတာပါလိမ့်’ လို့ပေါ့။ အရိုက်အနှက်တွေနဲ့ အလုပ်တွေကြားမှာပဲ တစ်သက်လုံး အချိန် ကုန်ခဲ့ရတယ်။ လင်ကို ကြောက်ရတာကလွဲလို့ ဘာကိုမှ မမြင်ခဲ့ရဘူး၊ ဘာကိုမှလည်း မသိခဲ့ရဘူး။ ပါရှာ ဘယ်လိုကြီးလာခဲ့တယ်ဆိုတာတောင် အမေ သတိမထားမိခဲ့သလို၊ အမေ့လင်သား ရှိနေတုန်းက ပါရှာ့ကို တကယ်ချစ်ခဲ့ရဲ့လားဆိုတာတောင် အမေ သေသေချာချာ မဝေခွဲနိုင်ခဲ့ဘူး...
အမေ့စိတ်ထဲ မှာ ဘာကိုပဲ စိုးရိမ်ပြီး တွေးနေလဲ ဆိုတော့... အဲဒါကတော့ အမေရဲ့ လူလိုနားမလည်တဲ့ သားရဲတိရစ္ဆာန်ကြီးကို အစာကျွေးဖို့ပဲ။ ငါ့ဘဝရဲ့ သခင်ကြီး စိတ်တိုင်းကျဖြစ်မယ့်၊ သူ့လျှာအကြိုက်တွေ့မယ့် အစားအစာတွေကို အချိန်မီ ပြင်ဆင်ပေးပြီး သူ့ကို ချော့မြှောက်ပူဇော်နေခဲ့ရတာ။ အဲဒါမှ သူ့ရဲ့ အမျက်ဒေါသက လွတ်မှာ၊ အရိုက်အနှက် ခံရမယ့်ဘေးက လွတ်မှာလေ။ တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ် အမေ့ကို သနားညှာတာပါစေလို့ပဲ ဆုတောင်းခဲ့ရတယ်။ ဒါပေမဲ့ သူ အမေ့ ကို သနားညှာတာခဲ့တယ်ဆိုတာမျိုး တစ်ခါမှ မမှတ်မိခဲ့ဘူး။ သူ အမေ့ ကို ရိုက်နှက်ပုံက ဇနီးမယားတစ်ယောက်ကို ရိုက်သလိုမျိုး မဟုတ်ဘူး... တကယ့်ကို မုန်းတီးရွံရှာလွန်းတဲ့ ရန်သူတစ်ယောက်ကို ရိုက်သလိုမျိုး ရိုက်နှက်ခဲ့တာ...
အမေဟာ အဲဒီလိုဘဝမျိုးနဲ့ အနှစ်နှစ်ဆယ်လုံးလုံး နေထိုင်ခဲ့ရတာ။ အိမ်ထောင်မကျခင်တုန်းက ဘယ်လိုနေခဲ့ရသလဲဆိုတာတောင် အမေ ကောင်းကောင်းမမှတ်မိတော့ပါဘူး။ တချို့ကို တော့ မှတ်မိသလိုလိုရှိပေမဲ့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမှတ်မိ တော့ဘူး။ အမေဟာ မျက်စိမမြင်ရတဲ့ လူတစ်ယောက်လို ဖြစ်နေခဲ့တာ။ ဒီကို ရီဂေါ အီဗန်နိုဗစ်ချ် ရောက်လာတုန်းကပေါ့—သူနဲ့ အမေက တရွာတည်းသားတွေလေ—သူက ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်း နဲ့ အိမ်တွေကို မှတ်မိတယ်၊ လူတွေကိုလည်း မှတ်မိနေသေးတယ်။ ဒါပေမဲ့ သူတို့ ဘယ်လို နေခဲ့ကြသလဲ၊ ဘာတွေပြောဆိုခဲ့ကြသလဲ၊ ဘယ်သူ့မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာတွေကိုတော့ အမေ အကုန်မေ့ကုန်ပြီ၊ ဘာကိုမှ မမြင်တော့ဘူး။ မီးလောင်တာ နှစ်ကြိမ်ဖြစ်ခဲ့တာကိုတော့ အမေ မှတ်မိနေတယ်။ အမေ့ဆီကနေ အရာရာကို ရိုက်နှက် ထုတ်ယူသွားကြသလိုပဲ။ အမေ့ရဲ့ စိတ်တွေလည်း ပိတ်လှောင်ခံထားရပြီး ဘာမှ မကြားရအောင် အလုံပိတ် ခံထားရသလိုပါပဲကွယ်..."
အမေသည် ခပ်ပြင်းပြင်း အသက်ကို ရှုသွင်းလိုက်သည့် အတွက် အသံက ငိုရှိုက်လိုက်သလို ဖြစ်သွားသည်။ ခေါင်းကို ငုံ့ထားရင်းက တိုးညှင်းစွာဖြင့် "ယောက်ျား ဆုံးသွားတော့ သားလေးကိုပဲ အားကိုးတကြီး ဖက်တွယ်ခဲ့ရတာ။ ဒါပေမဲ့ သူက ဒီအလုပ်တွေ ထဲ ခြေစုံပစ် ဝင်သွားတဲ့အခါကျတော့ အမေ့မှာ သူ့အတွက် သနားဂရုဏာတွေ တဖွားဖွား ဖြစ်ခဲ့ရတယ်၊ တကယ်လို့များ သူသာ တစ်ခုခုဖြစ်သွားရင် တစ်ယောက်တည်း ဘယ်လိုများ ဆက်ရှင်သန်ရပါ့မလဲ။ အမေ့မှာ အဲ့တာကို တွေးပြီးဘယ်လောက်တောင် ကြောက်လန့်တုန်လှုပ်ခဲ့ရသလဲဆိုတာ။ သူ့ရဲ့ ကံကြမ္မာကို တွေးမိတိုင်းရင်ထဲမှာ နာနာကျင်ကျင်ကို ခံစားခဲ့ရတာ"