ဂမ်ဘီယာနိုင်ငံမှ စွဲဆိုထားသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာသော လူမျိုးသုဉ်း သတ်ဖြတ်မှု အား မြန်မာဖက်မှ သောကြာနေ့မှာ စတင်ခုခံချေပခဲ့ပြီး မူဆလင်ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သည် ဆိုသော စွပ်စွဲချက်အားလုံးကို ငြင်းဆိုသွားခဲ့သည်။
စစ်အုပ်စု မှ စေလွှတ်ထားသည့် ကိုယ်စားလှယ်ကိုကိုလှိုင်က မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူညီချက် (Genocide Convention) ကို အသိအမှတ်ပြုကြောင်း အလေးပေးပြောကြားခဲ့သော်လည်း၊ နိုင်ငံတကာဥပဒေအရ မည်သည့်တာဝန်ဝတ္တရားကိုမျှ ဖောက်ဖျက်ကျူးလွန်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
၎င်းက “လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း တွေ့ရှိရခြင်းသည် ကျွန်ုပ်၏နိုင်ငံနှင့် ပြည်သူများအပေါ် ဖျက်မရသော အမည်းစက်တစ်ခု ဖြစ်သွားစေပါလိမ့်မည်။ ဤတရားစွဲဆိုမှုများသည် ကျွန်ုပ်၏နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အနာဂတ်အတွက် အခြေခံကျသောအရေးပါမှုများ ရှိနေပါသည်” ဟု ပြောကြားခဲ့သည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပြုလုပ်ခဲ့သော စစ်ဆင်ရေးများသည် အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေးများသာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မူဆလင်လူဦးရေ၏ တည်ရှိမှု သို့မဟုတ် ရပိုင်ခွင့်များကို မြန်မာနိုင်ငံက ငြင်းပယ်သည်ဆိုသော စွပ်စွဲချက်ကိုလည်း ပယ်ချခဲ့သည်။
၎င်းက “ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းတွင် နေထိုင်ကြသော လူများနှင့် ယဉ်ကျေးမှု၊ လူမျိုးစုနှင့် ဘာသာရေးအရ တူညီသောအုပ်စုဝင်များဖြစ်သည်ဟု မြန်မာနိုင်ငံက ယူဆပါသည်” ဟု ပြောကြားခဲ့သည်။
ထိုအချက်ကပင် ရိုဟင်ဂျာ များ အား မြန်မာ နိုင်ငံတွင်း ရှိ လူနည်းစု ဟု အသိအမှတ် ပြုရန် ငြင်းဆိုနေခြင်း ဖြစ်၍ ၎င်းတို့၏ ချေပ ချက်များကို အားပျော့သွားစေခဲ့သည်။
ဂျာမဏီ ရှိ ဘွန်း တက္ကသိုလ် မှ နိုင်ငံတကာ ဥပဒေပါမောက္ခ စတီဖန် တာလ်မွန် ကလည်း မြန်မာနိုင်ငံအတွက် ကိုယ်စားပြု ပြောကြားခဲ့သည်။ ပါမောက္ခ တာလ်မွန် ၏ လျှောက်လဲချက်သည် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ကြောင်း သတ်မှတ်နိုင်ရန်အတွက် လိုအပ်သော ခိုင်လုံသောသက်သေနှင့် အထောက်အထားစံနှုန်း အပေါ်တွင် အခြေခံထားသည်။
အမှုကိုစွဲဆိုခဲ့သော ဂမ်ဘီယာနိုင်ငံအနေဖြင့် “သံသယဖြစ်ဖွယ်မရှိသော” (Beyond a reasonable doubt) အမြင့်ဆုံးအဆင့် သက်သေပြချက်စံနှုန်းကို ပြည့်မီရမည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဂမ်ဘီယာ၏ အကြောင်းပြချက်များသည် ဘော့စနီးယား-ဆားဘီးယား အမှုများတွင် ချမှတ်ထားသော စံနမူနာများကို လိုက်နာခြင်းမရှိဟုဆိုကာ အဆိုပါအကြောင်းပြချက်များ၏ ခိုင်လုံမှုကို မေးခွန်းထုတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ လိုက်ပါ ဆောင်ရွက်ခဲ့သော ကနေဒါ နိုင်ငံသား ရှေ့နေကြီး ဝီလျှံ ရှေးဘတ်စ်ကတော့ ပါဝင်ခြင်း မရှိတော့ပေ။
သို့သော် ကုလသမဂ္ဂ၏ စုံစမ်း စစ်ဆေး တွေ့ရှိချက်များ အပေါ် သာ အခြေခံ၍ စွပ်စွဲနေခြင်း ဖြစ်သည်ဟု ဆိုကာ ဘူးခံ ငြင်းဆိုနေခြင်း ဖြစ်သော်လည်း အိုင်စီဂျေ မှ ကမ္ဘာ့ အထင်ကရ နိုင်ငံကြီးများ ဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ နယ်သာလန် များအား ဂမ်ဘီယာဖက်မှ ပါဝင် လျှောက်လှဲခွင့် intervention ကို ခွင့်ပြုထားခဲ့သည်၊ ထိုနိုင်ငံများသည် ၎င်းတို့၏ အဆင့်မြင့် နည်းပညာများ (ဥပမာ - ဂြိုဟ်တုမှတ်တမ်းများ၊ ထောက်လှမ်းရေးသတင်းအချက်အလက်များ) ကို သက်သေအဖြစ် တရားရုံးကို ရေးသား တင်ပြကြမည်သာ ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံးသည် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ဆုံးဖြတ်ရန်အတွက် ယခင်ကတည်းက အလွန်မြင့်မားသော စံနှုန်းများကို သတ်မှတ်ထားလေ့ရှိသည်။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ကြောင်း ICJ က ဆုံးဖြတ်ခဲ့ဖူးသည့် တစ်ခုတည်းသော အမှုမှာ ဘော့စနီးယားစစ်ပွဲအတွင်း ဖြစ်ပွားခဲ့သော ဆရီဘရီနီကာ မြို့တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်သည်။
သို့သော်လည်း ထိုစဉ်က တရားရုံးသည် ဆားဘီးယားနိုင်ငံအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းသာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို တိုက်ရိုက်ကျူးလွန်ခဲ့ခြင်းမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ဂမ်ဘီယာ၏ တရားစွဲဆိုချက်တွင် မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့များသည် အဓိကအားဖြင့် မူဆလင် ရိုဟင်ဂျာလူဦးရေ အပေါ် လူမျိုးတုန်းသတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ကျယ်ပြန့်ပြီး စနစ်တကျရှိသော “နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများ” ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာ တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်ရှိ ဧက ၆,၀၀၀ ကျော် (၂၄ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသော ကောက်ဘဇား ခရိုင် အတွင်း ကူတူပါလောင်နှင့် ဘာလုခါလီ ဒုက္ခသည်စခန်းများ တွင် နေထိုင် နေကြရသည်။ ထို့အတွက် တစ်စတုရန်း ကီလိုမီတာလျှင် လူဦးရေ ၄၀,၀၀၀ မှ ၆၀,၀၀၀ ကြားအထိ ရှိနိုင်သည်ဟု ခန့်မှန်းကြ၍ ကမ္ဘာပေါ်တွင် လူဦးရေ အသိပ်သည်းဆုံး နေရာ ဖြစ်လာသည်။
ဤအမှုသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုများ စတင်ရန် တရားရုံးသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များအားလုံးကို ရပ်တန့်ရန်နှင့် တားဆီးရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ဂမ်ဘီယာ၏ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုသည် အမှုဖြစ်စဉ်တွင် တိုက်ရိုက်ထိခိုက်ခံရခြင်းမရှိသော နိုင်ငံတစ်နိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို လိုက်နာစေရန် တရားစွဲဆိုခဲ့သည့် ပထမဆုံးသော ဖြစ်ရပ်ဖြစ်သည်။
ထိုအစဉ်အလာကို အခြေခံပြီး တောင်အာဖရိကက အစ္စရေးမှ ပါလက်စတိုင်းများအပေါ် ကျူးလွန်သည့် လုပ်ရပ်များမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်သည်ဟု စွပ်စွဲကာ လျှောက်ထားလာခဲ့ခြင်းလည်း ဖြစ်သည်။
စစ်တပ်သည် နယ်မြေ ရှင်းလင်းရေး ဆိုကာ ကချင်၊ ကရင်၊ ရှမ်းပြည်နယ် များ တွင် လုပ်ခဲ့ဖူးသော်လည်း တဖက်နိုင်ငံသို့ ခေတ္တ တိမ်း ရှောင်သွားခြင်း မျိုးသာ ရှိသည်၊ ယခုအခါ တွင် သန်း ချီသော ရိုဟင်ဂျာ များသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန့်းများ တွင် ဆင်းရဲ ကျပ်တည်းစွာ ဆယ်နှစ်ကျော် နေထိုင်လာခဲ့ရသော်လည်း တဦးတယောက်မျှ ပြန်လာရဲခြင်း မရှိ၊ ၎င်းတို့ကို လက်ခံဖို့ လည်း ဘာတခု မှ လုပ်ပေးခြင်းမျိူး မရှိ ၊ ၎င်းတို့အားလည်း တဖက် နိုင်ငံမှ ဖြစ်ပြီး နိုင်ငံတွင်း တရားဝင် နေထိုင်နေကြသည် ဆိုကာ ကိုကိုလှိုင်က ထည့်သွင်း ငြင်းပယ် ခဲ့သည် များက လူမျိုးသုဉ်း သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သည် ဆိုသော စွပ်စွဲ မှု များ အတွက် သွယ်ဝိုက်သက်သေ များ ဖြစ်လာရသည်။
အဆိုပါ အမှု အတွက် စီရင်ချက်သည် ခြောက်လ မှ တနှစ် အထိ ကြာနိုင်သည်ဟု ခန့်မှန်းကြသည်။ ထိုသို့ ဂျီနိုဆိုက် ကျူးလွန်ပါသည်ဟု စီရင်ချက် ထွက်လာပါက ကျူးလွန်ခဲ့သူ ဗိုလ်ချုပ်များ နှင့် ဖွဲ့လာမည့် အမည်ခံ အရပ်သား အစိုးရ အဖွဲ့ကို အသိအမှတ် ပြုချင်သည် ဆိုစေဦး လက်တွန့် နေကြမည်သာ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီကြီးများက တွန့်ဆုတ်သွားကြမည် ဖြစ်ပြီး၊ ရှိရင်းစွဲ ကုမ္ပဏီအချို့လည်း နုတ်ထွက်သွားနိုင်ခြေ ရှိလာနိုင်သည်။
စီရင်ချက် ကို အကြောင်းပြုပြီး လုံခြုံရေး ကောင်စီ မှ မြန်မာ အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း သို့မဟုတ် အခြားသော တင်းကျပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် ဖိအားများ ပိုမို ပြင်းထန်လာမည် ဖြစ်သည်။
ICJ သည် နိုင်ငံအဆင့်ကို ဆုံးဖြတ်ခြင်းဖြစ်သော်လည်း၊ ၎င်း၏ တွေ့ရှိချက်များသည် ICC တွင် စစ်ဆေးနေသည့် စစ်ဗိုလ်ချုပ်များ၏ တာဝန်ရှိမှု များ အတွက် အလွန်ခိုင်မာသော အထောက်အထားများ ဖြစ်သွား ပေလိမ့်မည်။
ICJ သည် ကျူးလွန်ခံရသူများအတွက် မြန်မာနိုင်ငံက နစ်နာကြေး ပေးလျော်ရန် အမိန့်ချမှတ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။ အနည်းဆုံး တော့ ရိုဟင်ဂျာများ ပြန်လည်လက်ခံရန် နှင့် ၎င်းတို့၏ အခွင့်အရေးများကို ဥပဒေကြောင်းအရ အာမခံချက်ပေးရန် တရားရုံးက အတင်းအကျပ် ညွှန်ကြားလာနိုင်သည်။
တရားရုံး၏ ဆုံးဖြတ်ချက်သည် ချက်ချင်း လက်ငင်း အာဏာသက်ရောက်မှု မရှိနိုင်သော်လည်း၊ ရေရှည်တွင် နိုင်ငံတကာ၏ ဝိုင်းပယ်မှုနှင့် စီးပွားရေး ဖိအားများကို မရှောင်လွှဲနိုင်အောင် ဖြစ်လာ ပေတော့မည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!