ကျွန်း တကျွန်း နှင့် တိုက်ကြီး တတိုက်လုံး လဲမည့် အကြံ

by Hla Soewai - Jan 26 2026

အမေရိကန်၏ ဂရင်းလန် ကို ပိုင်ဆိုင်ရန် အာသာ ငမ်းငမ်း ဖြစ်နေခြင်းသည် နေတိုး အဖွဲ့ကြီး ကို ဖေါက်ခွဲ ဖျက်ဆီးရန် စနက်တံကို မီးရှို့ ပေးသလို ဖြစ်လာနေသည်ဟု ဇန်နဝါရီ ၁၇ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "America’s hunger for Greenland is tearing NATO apart" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။

 

ဒေါ်နယ် ထရမ့်က အဆိုပါ ကျွန်း အား ပိုင်ဆိုင်ရန် ကြိုးပမ်းလာမှု ကို ဥရောပ မဟာမိတ်များက ခါးခါးသီးသီး ဆန့်ကျင်နေ၍ ဒေါသ အမျက် ချောင်း ချောင်း ထွက် လာခဲ့သည်။ ထို့အတွက် ဒိန်းမတ်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဂရင်းလန် ကျွန်းပေါ်သို့ စစ်တပ်များ စေလွှတ်ခဲ့သော ဥရောပ ရှစ်နိုင်ငံအား ကုန်သွယ် ခွန် ကို လက်ရှိ တိုးမြှင့်ထားသည်ထက် နောက်ထပ် ဆယ်ရာခိုင်နှုန်း ထပ်ဆောင်းသွားမည်ဟု ကြေညာလာခဲ့သည်။ ထိုမျှ နှင့် ရပ်မသွားဘဲ ဇွန်လ တွင် နောက်ထပ် ၂၅ ရာနှုန်း တိုးဦးမည်ဟု ပြောလာသည်။ "ဂရင်းလန် ကျွန်းကို ဝယ်ခွင့် ပေးမည် ဆိုသည့် သဘောတူညီချက် မရမခြင်း တိုးပြီးရင်း တိုးသွားမည်ဟု လည်း ခြိမ်းခြောက်လာသည်။

 

ထရမ့်က ၎င်း၏ ပရမ်းပတာနိုင်လှသော ဆိုရှယ်မီဒီယာပို့စ် တစ်ခုတွင် မဟာမိတ်များအနေဖြင့် 'ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ ဘေးကင်းရေး၊ လုံခြုံရေးနှင့် ရှင်သန်ရပ်တည်ရေးတို့အတွက် အလွန်အန္တရာယ်များသောအခြေအနေ' ကို ဖန်တီးနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

 

 အမေရိကန် နှင့် ဒိန်းမတ် အရာရှိများ ‌ဆွေးနွေးခဲ့မှု ကလည်း မည်သည့် ရလဒ်မှ ထွက်ပေါ် မလာခဲ့၊ ဂရင်းလန် ကျွန်းသားများ နှင့် ဒိန်း တို့ လမ်းပေါ်ထွက်လာကြပြီး "ဂရင်းလန် သည် ရောင်းဖို့ မဟုတ်" ဟု ကန့်ကွက် ပြောဆိုလာကြသည်။

 

အခွန် တိုးမြှင့်မည် ဟု ထရမ့်၏ ခြိမ်းခြောက်အနိုင်ကျင့်လာမှုကို ငြိမ်ခံနေမည် မဟုတ်ဟု ဥရောပ ခေါင်းဆောင်များက ဒေါသတကြီး တုန့်ပြန်လာကြသည်။ "ဂရင်းလန် နှင့် ပတ်သက်၍ ‌‌ ကော၊ ယူကရိန်း နှင့် ပတ်သက်၍ ပါ မည်သို့သော ခြိမ်းခြောက် အကျပ်ကိုင် မှု မျိုးမှ ကျွနုပ်တို့ အပေါ် သက်ရောက်မည် မဟုတ်ဟု ပြင်သစ် သမ္မတ က ပြောဆိုလာသည့် အပြင် ဆွီဒင်နှင့် ဗြိတိန် ဝန်ကြီးချုပ်ကပါ အာခံ လာခဲ့သည်။

 

နေတိုး အဖွဲ့အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှု မျိုး နှင့် ရင်ဆိုင်လာခဲ့ရခြင်းသည်ကလည်း အမေရိကန်သည် အဖွဲ့ကြီး စတင် ဖွဲ့စည်း ခဲ့စဉ် ကတည်းက နေတိုး အဖွဲ့ကြီး အတွက် စစ်ရေး နိုင်ငံရေး တွင် ကျောရိုးကြီး သဖွယ် ရပ်တည်‌ ပေးခဲ့ခြင်း ကြောင့် ဖြစ်သည်။

 

အမေရိကန်၏ လေကြောင်း အင်အား နှင့် ထောက်လှန်းရေး သတင်း အချက်အလက်များ မရှိက ရုရှား၏ ကျုးကျော်မှု ကို ကာကွယ်ရန် ခက်ခဲပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရဖို့ ရှိနေသည်။

 

အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ နေတိုးအဖွဲ့ဝင် တခြားနိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အရာအားလုံး ရပ်တန့်သွားပါလိမ့်မယ်’ ဟု ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် မက်တာ ဖရက်ဒရစ်ဆင် က ဇန်နဝါရီလ ၅ ရက်နေ့ တွင် ပြောကြားခဲ့သည်။ ‘အဲဒီလို ရပ်တန့်သွားမယ့်အရာတွေထဲမှာ နေတိုးအဖွဲ့ ကိုယ်တိုင်သာမက ဒုတိယကမ္ဘာစစ်နောက်ပိုင်း တည်ဆောက်ခဲ့တဲ့ လုံခြုံရေးစနစ်တစ်ခုလုံးလည်း ပါဝင်လိမ့်မယ်’ လို့ သူမက ဆိုသည်။

 

ထရမ့် အပေါ် ဥရောပ၏ ယုံကြည်ထားမှု သည် ယခုအခါ တဲတဲ လေးသာ ကျန်ပေတော့သည်။

 

ဥရောပ အစိုးရများ အဖို့လည်း စဉ်းစားရဖို့ ဖြစ်လာသည်၊ ဂရင်းလန်သည် သေးငယ်ပြီး အရေး မပါလှသည့် အတွက် အမေရိကန် နှင့် ဆက်ဆံရေး ပြိုလဲသွားသည် အထိ အဖြစ်မခံသင့်၊ ထိုသို့ ဖြစ်လာက ရုရှား တို့ သွေးတိုးစမ်းလာမည့် အရေးကိုလည်း စိုးရိမ်နေကြသည်။

 

နောက်တကြောင်းက လက်တုန့် ပြန်‌ ရေးပင် ဖြစ်သည်။ ဥရောပသည် အမေရိကန် အား စီးပွားရေး အရ ပိတ်ဆို့ခြင်း၊ အခွန်တိုးမြင့် ခြင်း တို့ဖြင် တုန့်ပြန်၍ ရနေသော်လည်း အမေရိကန် စစ်အင်အား ပေါ် မှီခို နေကြရ၍ ချုပ်တည်း နေရခြင်းလည်း ဖြစ်သည်။ ယခု အခါတွင်တော့ ထိုသို့ ချိန်ဆ ခြင်းမျိုး မရှိတော့။ အမေရိကန် နည်းပညာ ကုမ္ပဏီများကို ပစ်မှတ်ထားဖို့ ကြံရွယ်လာသည်၊ သို့သော် မိမိတို့ဖက်က ကာကွယ်ရေး အသုံးစရိတ် ကို မြှင့်တင်ထားနိုင်မှ ဖြစ်မည်ကိုလည်း သိထားကြသည်။

 

အဓိက ပြဿနာ ဖြစ်လာသည်က ဥရောပ ကုန်းမြေ ကြီး ပေါ်ရှိ အမေရိကန် တပ်များ နှင့် အခြေစိုက်စခန်းများ အရေးပင် ဖြစ်သည်။ ဥရောပ နိုင်ငံ အတော်များများကတော့ လုံခြုံရေး အတွက် ဆက်ရှ်ိနေစေချင်ကြသည်။အချို့က ၎င်းတို့ကို မောင်းထုတ် ပစ်မည်ဟု ခြိမ်းခြောက်နိုင်မှသာ အမေရိကန် နှင့် ညှိနှိုင်းရာမှာ အသာစီးရဖို့ ဖြစ်လာနိုင်သည်ဟု ရှုမြင်ကြသည်။

 

ထိုသို့ မောင်းထုတ်ခံရမည် ဆိုက အမေရိကန် တို့ အဖို့ ဥရောပရှိ စစ်စခန်းများမှ တဆင့် အရှေ့အလယ်ပိုင်း နှင့် အာဖရိကသို့ စစ်အင်အား ဖြန့်ကျက် နိုင်ဖို့ လွန်စွာ ခက်ခဲလာမည် ဖြစ်သည်။ ဥပမာ ဗင်နီဇွဲလား နှင့် ဆက်နွယ်‌ နေသော ရေနံတင် သင်္ဘော အား ဇန်နဝါရီ ၇ ရက်နေ့ က သိမ်းယူခဲ့မှု တွင် ဗြိတိသျှ လေတပ်စခန်းကို သုံးခဲ့ရသည့်အပြင် ဒိန်းမတ်၏ အကူအညီကိုလည်း ယူခဲ့ရသည်။

 

ထို့ပြင် အမေရိကန် တို့ အာတိတ် သမုဒ္ဒရာ အား ‌စောင့်ကြည့် ထောက်လှန်း နိုင်ခြင်းမှာလည်း ဂရင်းလန်၊ အိုက်စလန်၊ ဗြိတိန်၊ နော်ဝေး တို့ ၏ ပံ့ပိုး မှု များ ရနေသောကြောင့် ဖြစ်သည်။

 

အမေရိကန် တို့ နှင့် ရုတ်ခြည်း ခွာပြဲသွားမည် ဆိုက ဥရောပလေတပ် အတော်များများသည်လည်း အမေရိကန်၏ ဆက်သွယ်ရေးစနစ်၊ ပစ်မှတ် ရှာဖွေ ရေး အချက်အလက်များ၊ ဒုံးကျည်များကို အသုံးပြုခွင့်မရ ဖြစ်လာခဲ့မည်ဆိုက အမေရိကန်မှ ဝယ်ယူထားသည့် အဆင့်မြင့်ဆုံး တိုက်လေယာဉ် များဖြစ်သော F-35 များကို အပြည့်အဝ အသုံးချ နိုင်တော့မည် မဟုတ်ပေ။ ဤသည်ကပင် အမေရိကန် အား ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်‌နေရသည့် အကြောင်းများထဲတွင် ပါဝင်နေသည်။

 

ဥရောပ ခေါင်းဆောင်များလည်း လူထု ၏ ‌ဒေါသ များ အကြားတွင် ကြားညပ်လာနေသည်။ ဂျာမန် ပြည်သူ ၆၂ ရာနှုန်းက အမေရိကန်က ပြဿနာ ရှာလာလျင် ဒိန်းမတ်ကို ကူညီ ရမည်ဟု ပြောဆိုခဲ့ကြသည်။

 

မဟာမိတ်အဖွဲ့ကြီးသည် ဟန်မပျက် ဆက်လက် လည်ပတ်နေဦးမည့် အခြေအနေမျိုး ရှိနိုင်သော်လည်း၊ လွန်ခဲ့တဲ့ ၇၅ နှစ် နေတိုး အဖွဲ့ကို စတင်တည်ထောင်ချိန်ကတည်းက အခြေခံအုတ်မြစ်အဖြစ် တည်ရှိခဲ့သည့် အပြန်အလှန် ယုံကြည်မှုမျိုး သည် ကွယ်ပျောက်သွားခဲ့ ရပြီ ဖြစ်သည်။ 

 

ကျွန်တော် အမြင် ပြောရလျင် ဂရင်းလန် အား ရောင်းဖို့ သဘောတူမည် ဆိုလျင်ပင် ဒေါ်လာ တြီလီယံ ချီ ၍ ဝယ်ရမည့် အ‌ ရေးကို အမေရိကန် အခွန်ထမ်း လူထု က သဘောတူကြမည်လော၊ ကျွန်တော်သည် ဒေါ်နယ် ထရမ့်၏ ပေါက်ပန်းဈေး ပြောဆို ‌နေသည်ကို မအံ့ဩ၊ သို့သော် ထိုသို့ ပြောနေသည်များကို ရာထူး မက်ပြီး ဘေးမှ ဖါထေး မြှောက်ပင့် ပေးနေသူများကိုသာ အံ့ဩမိသည်။