သံဃာတော် တို့၏ မိုင် ၂,၃၀၀ ကျော် ခရီးရှည် ချီတက်ပွဲ

by Hla Soewai - Jan 26 2026

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ မိုင် ၂,၃၀၀ ကျော် ငြိမ်းချမ်းရေး ခရီးရှည် ချီတက်ပွဲသည်ကား ရက် ၉၀ မြောက်တွင် ခရီးတဝက် ကို ကျော်လာခဲ့ပြီး မြောက်ကာရိုလိုင်နား ပြည်နယ် ပစ်ဘိုရို မြို့ ထဲ ဝင်ရောက်လာပြီ ဖြစ်သည်။

 

တက္ကဆပ် ပြည်နယ် ဖို့ဝပ်မြို့ရှိ ဟောင်ဒေါ (မြနိမာ လိုဆိုက တရားရနံ့ ဟု အဓိပ္ပါယ်ရသည့်) ဗီယက်နမ် ဝိပဿနာ တရားရိပ်သာ မှ ဆရာတော် အရှင် ပညာကာရ မှ ဦးဆောင်ကာ အောက်တိုဘာ ၂၆ တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လူဝစ်စီယာနား၊ မစ္စစ္စပီ၊ အလာဘားမား၊ ဂျော်ဂျီယာ၊ တောင်ကာရိုလိုင်နား ပြည်နယ်များကို ဖြတ်သန်းခဲ့ကြပြီး ပန်းတိုင် ဖြစ်သည့် ဝါရှင်တန် ဒီစီ သို့ ဆက်လက် ချီတက်နေကြခြင်း ဖြစ်သည်။ ပြည်နယ်ပေါင်း ၁၀ ပြည်နယ်ကို ဖြတ်သန်းမည့် ခရီးစဉ်ကြီး လည်း ဖြစ်သည်။

 

စုစုပေါင်း သံဃာတော် ၁၈ ပါး ပါဝင်ပြီး အားလုံးသည် ခြေဗလာ ဖြင့် ခရီးနှင်ခဲ့ကြခြင်း ဖြစ်သည်။ သံဃာတပါး ဒဏ်ရာ အနာတရ ဖြစ်သွားခဲ့သည်မှ အပ ချောချော မွေ့မွေ့ ရှိခဲ့သည်။

 

ရောက်ရှိရာ ပြည်နယ် မြို့တော် တိုင်းတွင် ခရီးတထောက် နားခဲ့ကြရာ အမေရိကန် နိုင်ငံသား ထောင်ပေါင်းများစွာ က လမ်းဘေးဝဲယာ တလျောက်မှ သံဃာတော်များ၏ ငြိမ်သက်အေးချမ်းသည့် ပုံစံကိုကြည့်ပြီး စိတ်ဝင်တစားဖြင့် လှူဒါန်းကြခြင်း၊ နှုတ်ဆက် ဂါဝရ ပြုခြင်း များ ပြုလုပ်လာကြသည်။ ဆရာတော်များ၏ ခရီးစဉ် ကို ဆိုရှယ် မီဒီယာ များ တွင် စိတ်ဝင်တစား နေ့စဉ် စောင့်ကြည့်နေသူ သန်းကျော် ရှိနေသည်ဟု လည်း သိရသည်။

 

ဦးဆောင်သူ ဆရာတော် အရှင် ပညာကာရသည် ထိုကဲ့သို့ ခရီးရှည် ချီတက်ပွဲ ကို ၂၀၂၂ တွင် အိန္ဒိယ နိုင်ငံ ကာလကတ္တားမှ နီပေါ အထိ ခြေဗလာ ဖြင့် ၁၁၂ ရက်ကြာ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

 

ဘုန်းတော်ကြီးများသည် အိန္ဒိယ တွင် လယ်ကွင်းများကို ဖြတ်‌ လျှောက် နိုင်ခဲ့‌ သော်လည်း အမေရိကန်ပြည်ထောင်စုရှိ ကတ္တရာခင်း လမ်းမများကို ခရီးနှင်ရသည်မှာ ပိုမိုခက်ခဲကြမ်းတမ်းကြောင်း တွေ့ရှိခဲ့ကြသည်။ လမ်းတလျှောက်ရှိ ကျောက်ခဲများ၊ သံများနှင့် ဖန်ကွဲစများကို နင်းမိရာမှ ရရှိသော ဒဏ်ရာများကို ကုသရန်အတွက် ဆရာတော်များ၏ ခြေထောက်များကို နေ့စဉ် ပတ်တီးများဖြင့် အထပ်ထပ် စည်းနှောင်ထားရပါသည်။

 

ထိုအထဲမှ သံဃာ နှစ်ပါးသည် ဗုဒ္ဓဘာသာ၏ အကျင့်မြတ်တစ်ရပ်ဖြစ်သော နေသဇ္ဇိကဓုတင်ကို တင်းကြပ်စွာ ဆောက်တည်ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ခရီးစဉ်တစ်လျှောက် လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်း နှင့် ထိုင်ခြင်း ဟူသော ‘ဣရိယာပုဒ် သုံးပါး’ ကိုသာ ခွင့်ပြုထားပြီး၊ အိပ်စက်ချိန်တွင်ပင် လဲလျောင်းခြင်း၊ အိပ်စက်အနားယူခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ ကျင့်ကြံနေကြခြင်း ဖြစ်သည်။

 

ထိုသို့ လမ်းလျှောက်ကြွချီ ရသည့် ရည်ရွယ်ချက်များမှာ ကမ္ဘာပေါ် တွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပဋိပက္ခများ ချုပ်ငြိမ်းရန် စိတ်ဓာတ်ရေးရာအရ တိုက်တွန်းခြင်း။ လမ်းတလျှောက်ရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို မေတ္တာဓာတ် ဖြန့်ဝေပေးရန် နှင့် လမ်းလျှောက်ရင်း က တရားရှုမှတ်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့ ပြသနိုင်ရန် အတွက် ဖြစ်သည်။

 

ညဖက် ရောက်က ဘုရားကျောင်းများ၊ သို့မဟုတ် လမ်းဘေးရှိ လုံခြုံတဲ့ နေရာတစ်ခုခုမှာ ထိုင်လျက် တရားမှတ်ရင်း အနားယူကြသည်။ နောက်မှ လိုက်ပါလာသည့် အကူယာဉ် များတွင် အဝတ်အထည်နှင့် လိုအပ်သည့် ဆေးဝါးပစ္စည်းများ တင်ဆောင်ထားပြီး၊ လမ်းခရီးတွင် ပင်ပန်းသည့် အခါ ခေတ္တခဏ မတ်တပ်ရပ်နားတာမျိုးသာ လုပ်ကြသည်။

 

သံဃာတော် များ သည် ထိုင်လျင်လည်း တရားထိုင်သည့် ပုံစံဖြင့် ထိုင်ကာ တစ်ညလုံး တရားရှုမှတ်ကြသည်။ ထိုသို့ တရားဘာဝနာ ပွားများခြင်း ဖြင့်ပင် ကုန်ခမ်းသွားသော အင်အားများကို ပြန်လည် ဖြည့်တင်းကြခြင်း ဖြစ်သည်။

 

မနက် ၄ နာရီလောက်တွင် တရားမှတ်ပြီး ခရီးစတင်သည်။ တစ်နေ့လျင် မိုင် ၂၀ မှ ၂၅ မိုင်အထိ လျှောက်ကြပြီး ရာသီဥတု အရမ်းအေး နေလျင်ပင် ရပ်နားခြင်း မရှိဘဲ ခရီး ဆက်ကြသည်။ လမ်းလျှောက်နေစဉ်အတွင်း စကားပြောလေ့မရှိဘဲ ခြေလှမ်းတိုင်းအပေါ် သတိကပ်ပြီး တရားမှတ်ရင်း ကြွချီနေကြခြင်း ဖြစ်သည်။ ရရှိလာသည့် ဒဏ်ရာများကိုလည်း ဝေဒနာ ကို ရှုမှတ်ခြင်း ဟု သဘောထားက အပြုံးမပျက် ခရီးဆက်ခဲ့ကြသည်။

 

သို့သော် ခရီးစတင်ပြီး သုံးပတ်အကြာတွင် ကုန်တင်ကားတစ်စီးသည် အဖွဲ့၏ နောက်ပိတ်လှည့်ကင်းယာဉ်ကို ဝင်တိုက်မိခဲ့ရာမှတစ်ဆင့် ဘုန်းတော်ကြီးနှစ်ပါးကို ထိခိုက်သွားခဲ့ရာ၊ ထိုအထဲမှ တစ်ပါးသည် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် လမ်းလျှောက်သူဦးရေမှာ ၁၈ ဦးအထိ လျော့နည်းသွားခဲ့သော်လည်း ခြေထောက်ဖြတ်လိုက်ရသော ဆရာတော်မှာမူ ‘ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီ’ ဟု သိရသည်။ 

 

၂၀၂၂ ခုနှစ်က အိန္ဒိယနိုင်ငံ လမ်းလျှောက်ပွဲတွင် ဆရာတော် ပညာကာရ ကယ်တင်ခဲ့သော ‘အာလောက’ အမည်ရှိ ခွေးလေးသည်လည်း အမေရိကန် ပြည်သူများအကြား လွန်စွာ ရေပန်းစားလာခဲ့သည်။ အောက်တိုဘာလတွင် ဘုန်းတော်ကြီးများနှင့်အတူ ခရီးစတင်ခဲ့သော်လည်း၊ ယခင်ရှိနှင့်ပြီးသား ခြေထောက်ဒဏ်ရာမှာ ပိုမိုဆိုးရွားလာခဲ့သည်။ သက္ကတဘာသာဖြင့် ‘မြင့်မြတ်သောအလင်းရောင်’ ဟု အဓိပ္ပာယ်ရသည့် ‘အာလောက’ သည် ပြီးခဲ့သည့် တနင်္လာနေ့က တောင်ကာရိုလိုင်းနားပြည်နယ်တွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး၊ ကြာသပတေးနေ့တွင် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှာလော့ မြို့၌ ဘုန်းတော်ကြီးများနှင့် ပြန်လည်ပူးပေါင်းနိုင်ခဲ့သည်။

 

အာလောကသည် ဒဏ်ရာမှ ပြန်လည်သက်သာလာသည်နှင့်အမျှ တစ်နေ့လျှင် ၁၀ မိနစ်ခန့် ခြောက်ကြိမ်ခွဲ၍ လမ်းပြန်လျှောက်ကာ ခရီးစဉ်တွင် တဖြည်းဖြည်းချင်း ပြန်လည်ပါဝင်လာခဲ့သည်။ ဆရာတော်၏ Instagram တွင် တင်ထားသော ဗီယက်နမ်ရုပ်သံဖိုင်၌ အာလောကသည် ဘုန်းတော်ကြီးများနှင့် ပြန်လည်ဆုံတွေ့ချိန်တွင် အမြီးတယမ်းယမ်းဖြင့် သူ၏ လမ်းလျှောက်ဖော်များကို ဝမ်းသာအားရ နှုတ်ဆက်နေသည်ကို တွေ့မြင်ရသည်။

 

အမေရိကန် ရဲတပ်ဖွဲ့ ကလည်း ဆရာတော်များ၏ ငြိမ်းချမ်းသည့် ပုံရိပ်ကို ကြည်ညိုလာ၍ လမ်းတလျှောက် ယာဉ် တိုက် ခြင်းမရခံရအောင် လုံခြုံရေး လိုက်ပါစောင့်ရှောက်ပေးလာခဲ့ကြသည်။

 

ခရီးဆုံး ဖြစ်သည့် ဝါရှင်တန်ဒီစီကို ရောက်သည့်အခါ အမေရိကန်အစိုးရထံတွင် "ဝိသာခါပူဇာ" နေ့ကို ရုံးပိတ်ရက်အဖြစ် တောင်းဆိုကြမည် ဖြစ်သည့်အပြင် "ကမ္ဘာ့ငြိမ်းချမ်းရေး" အတွက်ပါ ဆုတောင်းသွားမည်ဟု သိရသည်။

 

မြန်မာသံဃာတော် တပါးတလေမျှ ဤလမ်းလျှောက်အဖွဲ့တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခြင်း မရှိသေးဟု သိရသည်။

 

မြန်မာ ပြည်တွင်လည်း အားကျမခံ လမ်းလျောက်ချီတက် ပွဲ ကြီး ပြုလုပ်ရန် ရှိနေသည်၊ စီစဉ်သူ များက အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေး ဆိုသည့် အဖွဲ့များ ဖြစ်သည်၊ ၎င်းတို့က ငြိမ်းချမ်းရေး အတွက်တော့ မဟုတ်၊ လူမျိုးရေး မုန်းတီးမှု ကို လှုံ့ဆော် နိုင်မှသာ သာသနာ ကို စောင့်ရှောက်ရာ ကျသည် ဆိုကာ ယူဆနေသူများ ဖြစ်ပြီး မကြာမီ ကမ္ဘာအလယ်တွင် ရှက်ဖွယ်လိလိ ကြားကြရပေဦးတော့မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!