အာဆီယံ သည် စစ်အုပ်စု၏ ရွေးကောက်ပွဲ ကို အသိအမှတ် ပြု ထောက်ခံ သွားမည် မဟုတ်ဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ပါလီမန် တွင် ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။
လေ့လာသူ များလည်း စေလွှတ်မည် မဟုတ်ဟုလည်း ပြတ်ပြတ်သားသား အဖြေပေးလိုက်ပြီ ဖြစ်သည်၊ စစ်အုပ်စုသည် ရွေးကောက်ပွဲ ကို သုံးကြိမ် ခွဲပြီး ပြုလုပ်နေရာ အကြိမ်တိုင်း လေ့လာသူ စေလွှတ် ရန် နားပူနားဆာ လုပ်နေပုံရ၍ ယခုလို တတိယ အကြိမ် လုပ်ခါနီး အဖြေ ပေးလိုက်ခြင်း ဖြစ်သည်။
"လူတိုင်းအကျုံးဝင်ပြီး လွတ်လပ်စွာ ပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲမျိုးသာ ဖြစ်ရမယ်ဆိုတာကို အာဆီယံက ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကို အဆင့်လိုက်ခွဲ လုပ်လာပြီး တချို့သော ကိုယ်စားလှယ်လောင်းများကို ပယ်ထုတ်ထားတဲ့ ကန့်သတ်ချက်တွေ နဲ့ ပြုလုပ်လာတာ ဖြစ်လို ကျွန်တော်တို့ ဒီအကြောင်းရင်းတွေ ပေါ် အခြေခံပြီး ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တွေ စေလွှတ်မှာ မဟုတ်တဲ့ အပြင် ထွက်ပေါ်လာတဲ့ ရလဒ် ကိုလည်း မှန်ကန်ကြောင်း အတည်ပြု သွားမှာ မဟုတ်ပါဘူး" ဟု ဟာဆန် က ပြောသွားခဲ့သည်။
ဤသည်ကပင် အာဆီယံ က ရှင်းလင်း ပြတ်သားစွာ အသိအမှတ် မပြုဟု ပြောလာခြင်း ဖြစ်၍ စစ်အုပ်စု အဖို့ ကြိမ်းသေပေါက် တွက်ဆထားပြီး နိုင်ငံများ ဖြစ်သည့် တရုတ်၊ ရုရှား၊ ဘဲလာရုစ် တို့ အပြင် နောက်ထပ် အားကိုးထားသည့် အာဆီယံ ကိုပါ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။
ကမ္ဘောဒီယား နှင့် ဗီယက်နမ် နှစ်နိုင်ငံသာ ၎င်းတို့ အစီအစဉ် ဖြင့် လေ့လာသူ စေလွှတ်ခဲ့သည်။ ထိုင်းသည်ပင် မကောင်းတတ်၍ ဆက်ဆံနေရသော်လည်း ယခုလို ပွဲမျိုးကိုတော့ လေ့လာသူ စေလွှတ်ရသည် အထိ မျက်နှာ မပြောင်ရဲ ဖြစ်နေသည်၊ စေလွှတ်ပြီး ပါကလည်း မှန်ကန် ကြောင်း ပြောရတော့မည် မဟုတ်ပါလား၊ အိန္ဒိယ က တရားဝင် စေလွှတ်ခြင်း မရှိ။ ၎င်းတို့ပုဂ္ဂိုလ်ရေးအရ Private capacity သွားရောက်ခဲ့တာသာ ဖြစ်ပြီး အစိုးရကိုယ်စားပြု မဟုတ်ကြောင်း ဆင်ဝှေ့ ရန် ရှောင် လုပ်လာသော်လည်း သွားရောက်ခဲ့သည့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးက ရွေးကောက်ပွဲ လုပ်နိုင်သည်အထိ တည်ငြိမ်လာပြီ ကို တွေ့ရကြောင်း လောက်သာ အိန္ဒိယ တိုင်းမ် သတင်းစာ တွင် ဆောင်းပါး ရေးသားလာခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က စစ်အုပ်စု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့က အိန္ဒိယအနေနှင့် မြန်မာ့ရွေးကောက်ပွဲကို သက်ဆိုင်သူအားလုံး ပါဝင်နိုင်ပြီး ၊ မျှတတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်စေချင်တယ်လို့ ထပ်ပြောလာခဲ့သည်။
မြန်မာနိုင်ငံအနေနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင် ဆောင်ရွက်နေတဲ့ ကြိုးပမ်းမှုများသည် 'လုံလောက်မှု မရှိသေးဘူး' လို့ ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် Minoru Kihara က သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနေသည့် ပုံစံကြောင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ဆိုတာ ပိုပြီး ခက်ခဲသွားနိုင်သည်ဟု ဆိုသည်။
နေပြည်တော်ရှိ ရွှေရောင်တလက်လက် လွှတ်တော် အဆောက်အဦး ကြီးထဲ ခေါင်းပေါင်းစ တလူလူ၊ စစ်ယူနီဖောင်းကြီး တကားကား နှင့် အတည်ပေါက် ပြောဆို ဆွေးနွေးနေကြမည် ဖြစ် သော်လည်း လူထု၏ အမြင်တွင်တော့ မည်သူကမှ အသိအမှတ် ပြုခံရသူများ မဟုတ်ပါလား ဟု ထင်မြင်ခံရမည့် အရှက်တကွဲ အကျိုးနည်း အဖြစ် သာ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
ထိုနည်းတူ သမ္မတ လုပ်လာမည့် မင်းအောင်လှိုင်လည်း အာဆီယံ အစည်း အဝေး လည်း တက်ခွင့် ရမည် မဟုတ်ဘဲ ထုံးစံ အတိုင်းမော်စကို၊ ဘီဂျင်း သို့သာ သွားလိုက်ပြန်လိုက် လုပ်ရတော့ မည် ဖြစ်သည်။
၎င်းတို့ဖက်သာ တစက်လေးမျှ ပင် လိုက်လျောရန် စိတ်မကူးဘဲ ၎င်းတို့ လုပ်ချင်သလို လုပ်သည်ကို တင်းမခံနိုင်ဘဲ အလိုလို နေရင်း လိုက်လျော လာကြလိမ့်မည်ဟု ထင်တလုံး နှင့် ယူဆ နေ ကြသူများ ဖြစ်သည်။
အာဆီယံ ဥက္ကဌ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးသည် အာဆီယံ အထူး သံတမန် လည်း ဖြစ်လာသည့် အတွက် ပြေရာပြေကြောင်း ဖြစ်ရန် ဗွေဆော်ဦး သွားရောက် ပြောဆို ဖျောင်းဖြခဲ့သော်လည်း မည်သည့်ရလဒ်မျှ ထွက်ပေါ်လာပုံ မရ၍ ယခုလို တင်းမာပြတ်သားသည့် အဖြေ ပေးလိုက်ခြင်းလည်း ဖြစ်ပေမည်။
မဲလာပေးသူ ရာခိုင်နှုန်းသည်လည်း သိသိသာသာ လျော့နည်းနေသည့် အပြင် ကြံ့ဖွတ်များသာ ၉၀ ရာနှုန်း နီးပါး အနိုင်ရခဲ့သည့် ရလဒ် ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ မျိုး ကို မည်သူက မှန်ကန် ပါသည်၊ တရားမျှတ ပါသည်ဟု အသိအမှတ် ပြု ပေမည်နည်း။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!