လက်ရှိ အီရန် ရှိ မူလာကြီး များသည် မည်သို့ပင် ဆိုစေ ထရမ့် လက်ခုပ်ထဲက ရေ ဘဝ ရောက်နေသည်က တော့ အမှန်ပင် ဖြစ်သည်။
၎င်းတို့၏ မဟာမိတ် များ ဖြစ်သော ရုရှား နှင့် အီရန် ၏ ရေနံ အပေါ် တစိတ်တပိုင်း မှီခိုနေရသော တရုတ် တို့ကလည်း အမေရိကန် တို့ မျှော်လင့်သလို မဟုတ်ဘဲ ပေလျကံ ပြုထားကြပြီ ဖြစ်သည်။
ဤသည်ကလည်း အီရန် သည် နျူကလီးယားခြိမ်းခြောက်မှုများသာမက အရှေ့အလယ်ပိုင်းတစ်ခွင် အကြမ်းဖက်မှုများ ဖြန့်ဝေနေသည် နိုင်ငံအဖြစ်ကနေ၊ အမြင်ကျယ်ပြီး တည်ငြိမ်သည့် ကုန်သွယ်ရေးအင်အားကြီးနိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဆိုက ကမ္ဘာကြီးအတွက် အကျိုးရှိစေမည် ဟု ယုံကြည်လာကြ၍လော။
မြန်မာ အားလည်း ရွေးကောက်ပွဲ အပြီး နောက်ပိုင်း ၎င်းတို့ ထင်သလို ဖြစ်မလာက ထိုကဲ့သို့ပင် ယူဆ လာနိုင်သည်။ ထိုအခါတွင် မြန်မာ စစ်အုပ်စုသည် ၎င်းတို့တွင် နကိုယ်ကတည်းက ရှိနေသော အားနည်းချက်များ ကြောင့် အာဏာကို မရမက ဆုပ်ကိုင်ပြီး လူထု ကို ဆက်၍ အကြမ်းဖက် နေမည်သာ ဖြစ်သည်။ ရွေးကောက်ပွဲ ဖြင့် ထွက် ပေါက် မရ ဖြစ်လာပါက လူထု ကို အကြမ်းဖက် ရက်စက်မှု များက လွဲ၍ အခြားဘာမျှ ထုတ်ပြစရာ မရှိ၊ မက်လုံး ပေးစရာ မရှိ တော့။
လက်ရှိတွင်လည်း နိုင်ငံတကာ တရားရုံးချုပ်တွင် အရှက်ကွဲ နေပြီ ဖြစ်သည်၊ ၎င်းတို့ ဖက်က ကိုယ်စားလှယ် များ အပြောကလည်း လူသားချင်း စာနာမှု တရား လုံးဝ ကင်းမဲ့နေသည်ကို အားလုံးက တအံ့တသြ တွေ့လာကြရပြီး နုရင်ဘတ် ခုံရုံးတွင် နာဇီ စစ်ဗိုလ်ချုပ်များ လျှောက်လှဲချက် ပေးသည်ကိုပင် အမှတ်ရလာခဲ့ကြသည်။
လူထု အဖို့ကလည်း ၎င်းတို့ လုပ်ခြင်သလို လုပ် ၊ နေသာသပ လေညှာက လုပ်၍ မရတော့၊ ဆက်တိုက် ဆိုသလို ကျဆင်းလာနေသည့် စီးပွားရေး၊ အရှိန်အဟုန်နှင့် မြင့်တက်နေ သော စားသောက်ကုန်ဈေးနှုန်း များ၊ အလုပ်လက်မဲ့ပြဿနာ၊ တနေ့တခြား ဆိုးရွားလာနေသည့် ဆင်းရဲမွဲတေမှု ဒဏ် များကိုအောင့်အည်း သည်းခံ ဖြတ်သန်းနေကြရချိန်လည်း ဖြစ်သည်။
သို့သော် အပြောင်းအလဲကတော့ ဖြစ်လာဖို့ မရှိ၊မင်းအောင်လှိုင် သာ နိုင်ငံကို ကယ်တင် နိုင်ခဲ့သည် ဆိုကာ ၎င်း သမ္မတ ဖြစ်ရေး ကို ကြံ့ဖွတ် ခေါင်း ဆောင်ပိုင်း အပါအဝင် ဝါဒဖြန့် ချီ ဘေးတီး ပေးလာကြ၍ သမ္မတ ဖြစ်လာဖို့ ကြိမ်းသေ သလောက် ဖြစ်လာသည်။ ဇော်မင်းထွန်းကပင် လူတယောက်သည် သမ္မတ မလုပ်ချင်ပါဟု ငြင်းပယ်နေသည့်တိုင် ဥပဒေ နှင့် အညီ အဆိုပြု လာပါက ငြင်းပယ်၍ မရဟု ပြောလာပြီ ဖြစ်သည်။
တကယ်တမ်းတွင် နိုင်ငဲကို ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ ၎င်း သမ္မတ ဖြစ်ရေး အတွက်သာ ယတြာ ပါ မကျန် အသုံးချ၍ ရွေးကောက်ပွဲ နည်းလမ်း ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းနေခြင်း မျှသာ ဖြစ်ပေသည်။ ၎င်း၏ ရွေးကောက်ပွဲ သည် မည်မျှအထိ တရားမျှတမှူ မဲ့နေသည့် အဖြစ် ရောက် နေသည်ကိုလည်း ရှက်ရကောင်းမှန်း သိသူ မဟုတ်ပေ။
တရုတ်တို့အနေနှင့် စစ်အုပ်စုအား စစ်ရေး၊ စီးပွားရေးအကျပ်အတည်းမှ ကာကွယ်ပေးခဲ့ပြီး နလံထူနိုင်အောင် ကူညီပေးခဲ့၏။ ထို့နောက် စစ်အုပ်စုအား နိုင်ငံရေးအရ စင်တင်ပေးပြီး ၎င်းတို့၏ ရွေးကောက်ပွဲနှင့် အရေခွံလဲရန် ကာကွယ်ပေးနေပြန်၏။ ထို့ပြင် စစ်အုပ်စုသည် ငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ပတ်သက်နေမှုများကို ထပ်မံကာကွယ်ပေးနေသည်ကို တွေ့ရပြန်၏။
အမေရိကန် တို့ မူဝါဒ ရေးရာ တိတိကျကျ မရှိဘဲ လှေကြုံစီး လိုက်လာခဲ့မှု ကြောင့် နောက်ဆုံးတွင် ၎င်းတို့ အကြောက်ဆုံး ဖြစ်သည် တရုတ်တို့ ထဲထဲဝင်ဝင် ပတ်သက်လာမှု နှင့် ရင်ဆိုင်လာခဲ့ရခြင်း ဖြစ်သည်။
မြန်မာ နှင့် ပတ်သက်ပြီး ဘိုင်ဒင် အစိုးရမှ လွဲမှားစွာ လက်ခံထားသည့် အချက် နှစ်ချက် ရှိနေသည်ဟု ဆိုသည်။
ပထမ အချက် က အမေရိကန် တို့ ပို၍ ပတ်သက်လာမည် ဆိုက ဘီဂျင်းမှ တားထားသော မျဉ်းနီ တခုခု ကို ကျော်သလို ဖြစ်သွားပြီး ၎င်းတို့ နှင့် ကြားခံ စစ်ပွဲ ဆင်နွှဲရသလို ဖြစ်သွားနိုင်သည်၊ ထိုသို့ မဟုတ်ကလည်း အနည်းဆုံး တရုတ်ဖက်က ယခုထက် ပိုပြီး စွက်ဖက်လာနိုင်သည့် အဖြစ် ရောက်သွားနိုင်သည်။
ဒုတိယ အချက်သည် ထိုသို့ ပို၍ ပတ်သက်လာရမည့် အစား အာဆီယံ အခြေပြု သံတမန်ရေး နည်းအရ ဖြေရှင်း ရေး ကို ထောက်ခံပေးခြင်းဖြင့် တရုတ်၏ မြန်မာကို ခြေကုပ်ယူ၍ အရှေ့တောင်အာရှ တွင် ဩဇာ လွှမ်းလာမည့် အရေး ဟန့်တားနိုင်မည် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု ယူဆလာကြောင်း မြန်မာ အရေး အပေါ် အမေရိကန် အစိုးရ၏ နိုင်ငံခြားရေး ပေါ်လစီ ကို အထူးပြု လေ့လာခဲ့သူ ဩစတေးလျ နေရှင်နယ် တက္ကသိုလ် မှ ပီအိပ်ခ်ျဒီ ကျမ်းပြု ဟန်တား မာစ်တန် မှ ရေးသားခဲ့ဖူးသည်။
အမေရိကန် ကွန်ဂရက်မှ BURMA ACT ကို ပြဋ္ဌာန်းပေးခဲ့သည့် လ မှာပင် ဘီဂျင်းသည် စစ်ကောင်စီ နှင့် တိုက်ရိုက် ဆက်ဆံနေမှု များကို အရှိန်မြှင့် တင်လာခဲ့သည်။
တရုတ်တို့၏ မျဉ်းနီသည် အဓိကအားဖြင့် တော်လှန်ရေး အဖွဲ့များကို တိုက်ရိုက်လက်နက် တပ်ဆင်ပေးခြင်း၊ အထူးသဖြင့် နိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် ဖက်တွင် အနောက်အုပ်စု မှ ခြေလှမ်းလာခြင်း တို့ဖြစ်သည်၊
ပြည်ပ ပဋိပက္ခများ တွင် အမေရိကန် မပတ်သက်စေရ ဟူသော ထရန့် ၏ ကတိကဝတ် ပြုထားမှု များသည်လည်း ဗင်နီဇွဲလား နှင့် အီရန် အရေးအခင်းများကို ကြည့်က ပျက်ပြယ်သွားပြီဟု ယူဆ၍ ရပေသည်။ မျဉ်းနီ၏ ဒုတိယ အချက်ကို အမေရိကန်တို့ စတင် ဖေါက်ဖျက်လာပြီ ဖြစ်သည်။
ပထမ အချက် ကို မဖေါက်ဖျက်ဘဲ နည်းပညာများ အကူအညီပေးခြင်း၊ ဆက်သွယ်ရေး ကရိယာ များ ပေးပို့ခြင်း၊ ကြား နိုင်ငံ တခုခု တွင် တော်လှန်ရေး အဖွဲ့များ၊ လူမှု အဖွဲ့အစည်းများ အား ဖိတ်ခေါ်ပြီး နိုင်ငံ အနာဂတ် အတွက် အမြင်ချင်း ဖလှယ် နိုင်အောင် ဆွေးနွေးပွဲ ပြုလုပ်ပေးခြင်း အစရှိသည်တို့ လုပ်ပေးနိုင်သည်။
ယခုအခါ မြန်မာ မူဝါဒ အပေါ် ပြန်လည် သုံးသပ်ဖို့ အချိန်ကောင်း ဖြစ်သည်။
မြန်မာလူထု ပြင်းပြင်းထန်ထန်ဆန့်ကျင်နေသည့် စစ်အုပ်စုကို တရုတ်တို့ မည်မျှကာကွယ်ပေးနိုင်မည်နည်း။ ဗီယက်နမ်၊ အာဖဂန်၊ ဆီးရီးယားတို့တွင် နိုင်ငံလူထုဆန္ဒသဘောထားအား ဆန့်ကျင်ပြီး အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ရုရှားတို့က သူတို့၏ ဩဇာခံအစိုးရအား အကာအကွယ်ပေးရန် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုမရခဲ့ကြပေ။
ယခုလည်း တရုတ်အစိုးရ၏ မြန်မာလူထု၏ ဆန္ဒအား မျက်ကွယ်ပြုပြီး စစ်အုပ်စုအား မရမကအကာအကွယ်ပေးရန် ကြိုးစားမှုက အောင်မြင်နိုင်ရန် မရှိပေ။ စစ်အုပ်စုကိုသာ သက်တမ်း အတန်ငယ် ဆွဲဆန့် ပေးနိုင်သော်လည်း ၎င်းတို့ရှိ နေသရွေ့ မြန်မာပြည်သာ ဆက်၍ မတည်မငြိမ် ဆက်ဖြစ်နေမည့် အဖြစ်နှင့်သာ ကြုံတွေ့ရလိမ့်မည်။
တရုတ်တို့ မြန်မာလူထုဆန္ဒနှင့် ဆန့်ကျင်ပြီး စစ်အုပ်စုကို ဘယ်လောက်ထိ ကာကွယ်နိုင်မည်ဆိုသည်ကတော့ စိတ်ဝင်စားဖွယ်ဖြစ်၏။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!