ချေ ၏ ပြောက်ကျားစစ် လက်စွဲ(24)

by Hla Soewai - Jan 26 2026

(၄) ရန်သူ့ စစ်ကြောင်းအား တိုက်ခိုက် ချေမှုန်းရေး

 

ပြောက်ကျားတို့၏ ဘဝ တွင် တိုက်ခိုက်‌ ရေးသည် အရေးပါဆုံးသော အကြောင်းအရာ ပင် ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့် အချိန်ကာလမှာ တိုတောင်းလှသော်လည်း၊ ထိုထူးခြားဆန်းပြားသည့် အခိုက်အတန့်သည်ပင် အလွန်တရာ အရေးကြီးလှပေသည်။ အကြောင်းမှာ တိုက်ခိုက်သူများအတွက် သေးငယ်သော ထိတွေ့ တိုက်ခိုက်မှုတိုင်း သည်ပင် အဆုံးအဖြတ်ပေးနိုင်သည့် အခြေခံကျသော တိုက်ပွဲများ ဖြစ်နေသောကြောင့်တည်း။

 

သေချာပေါက် အောင်ပွဲရမည့် နည်းလမ်းမျိုး ဖြင့်သာ တိုက်ခိုက်သင့်သည်ကို ထောက်ပြခဲ့ပြီးလည်း ဖြစ်သည်။ "ပြောက်ကျားစစ်တွင် တိုက်စစ်ဆင်မှု၏ စစ်ဗျူဟာမြောက် အခန်းကဏ္ဍနှင့် ပတ်သက်သည့် ယေဘုယျ သုံးသပ်ချက်များအပြင်၊ တိုက်ပွဲတစ်ခုချင်းစီ၏ မတူညီသော ထူးခြားချက်များကိုလည်း အထူးဂရုပြု မှတ်သားထားကြရမည်။

 

ပထမဆုံး မိမိတို့အား မျက်နှာသာ ပေးမည့် မြေပြင် အနေအထားတွင် ဆင်နွှဲရမည့် တိုက်ပွဲ အကြောင်း ပြောလိုပေသည်။ ထိုသို့သော တိုက်ပွဲ မျိုးသည် ပြောက်ကျား တို့၏ မူရင်း အကျဆုံး နှင့် အခြေခံ အကျဆုံး နည်းဗျူဟာ လည်း ဖြစ်သည်။ လက်တွေ့အတွေ့အကြုံများမှ တဆင့် အခြားသော ပြဿနာရပ်များကို မလေ့လာခင် ထိုရှုထောင့်မှနေ ၍ အခြေခံမူအချို့ကို အရင်ဆုံး စစ်ဆေးလေ့လာဖို့ လိုအပ်သည်။

 

မြေပြန့်‌ ဒေသ တွင် တိုက်ပွဲဖော်ဆောင်ခြင်းဆိုသည်ကပင် ပြောက်ကျားတပ်ဖွဲ့များ အင်အားတောင့်တင်းလာတာ၍ အခြေအနေအရပ်ရပ် ပြောင်းလဲလာသည့် အတွက် ရှေ့တိုးလာသည့် ရလဒ်တခုပင် ဖြစ်သည်။ ထို့အပြင် ပြောက်ကျားရဲဘော်များ၏ အတွေ့အကြုံ ရင့်ကျက်လာမှုနှင့် ထို အတွေ့အကြုံကို မိမိတို့အတွက် ဖြစ်နိုင်သမျှ အသာစီးရအောင် အသုံးချနိုင်စွမ်း ရှိလာခြင်းကိုလည်း ဖော်ပြနေသည်။

 

ပြောက်ကျားစစ်ပွဲ၏ ပထမအဆင့်တွင် ရန်သူ့စစ်ကြောင်းများသည် မိမိတို့ စိုးမိုးထားသည့် နယ်မြေ ဒေသများ ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာ‌ ပေလိမ့်မည်။ ထိုအခါ ရန်သူ့စစ်ကြောင်းများ၏ အင်အားအပေါ် မူတည်ပြီး ပြောက်ကျားနည်းဗျူဟာနှင့် တိုက်ခိုက်မှု ပုံစံ နှစ်မျိုးကို ပြုလုပ်နိုင်သည်။

 

အစဉ်လိုက် ပြောရမည် ဆိုက ပထမအချက်မှာ ရန်သူ၏ ထိုးစစ်ဆင်နိုင်စွမ်းကို လပေါင်းအတန်ကြာအောင် အချိန်ယူပြီး စနစ်တကျ ချေမှုန်းဖျက်ဆီးပစ်ရန် ဖြစ်သည်။

 

ထိုသို့ တိုက်ခိုက်ရာတွင် ရှေ့ပြေးတပ်ဦးများ ကို အာရုံစိုက်ထားရမည်။ မြေပြင်အနေအထား ခက်ခဲကြမ်းတမ်းမှုကြောင့် ချီတက်လာသော ရန်သူ့စစ်ကြောင်းများသည် ၎င်းတို့၏ ဘေးတောင်ပံများကို ကာကွယ်ရန် ခဲယဉ်း နေသည်။ ထို့ကြောင့် ရန်သူ့စစ်ကြောင်း နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာပြီး ကျန်စစ်ကြောင်းတစ်ခုလုံးအတွက် လုံခြုံရေးယူပေးနေရချိန်တွင်၊ အကာအကွယ်မဲ့နေသော ရှေ့ပြေးတပ်ဦး၏ အားနည်းချက်သည် အလိုလို နေရင်း ပေါ်ထွက်လာသည်။

 

မိမိဖက်က တိုက်ခိုက်မည့် အင်အားနှင့် အရန်အင်အား မလုံလောက်သည့်အပြင် ရန်သူကလည်း အင်အားသာလွန်နေချိန်မျိုးတွင်၊ ရန်သူ့စစ်ကြောင်း၏ အဆိုပါ 'ရှေ့ပြေးတပ်ဦး ပွိုင့် ကို ဖျက်ဆီးပစ်ရန်သာ အမြဲတစေ ရည်မှန်းရမည်ဖြစ်သည်။

 

တိုက်ခိုက်ရမည့် စနစ်သည် ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။ အတိုင်းအတာ တခု အထိ အချိတ်အဆက်မိမိ လုပ်ဆောင်ရန်သာ လိုအပ်သည်။ ရန်သူ့ရှေ့ပြေးတပ်သည် မိမိတို့ရွေးချယ်ထားသော နေရာ အမတ်စောက်ဆုံး သို့မဟုတ် အခက်ခဲဆုံးနေရာ သို့ ရောက်ရှိလာသည့်အခါ၊ ရန်သူအချို့ကို အတွင်းသို့ ကျွံဝင်လာခွင့်ပေးပြီးမှ စတင် ပစ်ခတ်ရမည် ဖြစ်သည်။

 

လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများကို တိုက်ပွဲဖြစ်ပွားရာနေရာတွင် လိုက်လံသိမ်းဆည်းနေစဉ်အတွင်း၊ ကျန်ရှိနေသော ရန်သူ့စစ်ကြောင်းကြီး တစ်ခုလုံး ရှေ့ဆက်မတိုးနိုင်အောင် အင်အား အသင့်အတင့် ရှိ အဖွဲ့ငယ် တဖွဲ့က အချိန်အတန်ကြာ ဟန့်တားထားရမည်ဖြစ်သည်။

 

မိမိတို့အတွက် လက်နက်ရရှိရာ ရရှိကြောင်းသည် ရန်သူ ထံမှသာ ဖြစ်သည်ဆိုသည်ကို ပြောက်ကျားတို့ အမြဲတစေ သတိချပ်နေရမည်။ ထို့ကြောင့် ထူးခြားသော အခြေအနေ မျိုးမှလွဲ၍ လက်နက်ခဲယမ်း သိမ်းဆည်းရမိခြင်း မရှိနိုင်မည့် မည်သည့်တိုက်ပွဲမျိုးကိုမဆို ဆင်နွှဲခြင်း မပြုသင့်ပေ။

 

ပြောက်ကျား တပ်ဖွဲ့ အင်အား အတော်အသင့် တောင့်တင်းလာက ရန်သူ စစ်ကြောင်း ကို ထွက်ပေါက် မရှိအောင် ဝိုင်းပတ်ထား၍ ရပြီ ဖြစ်သည်။ သို့မဟုတ်ကလည်း ရန်သူက ထိုသို့ ထင်လာအောင် ဖန်တီးရမည် ဖြစ်သည်။ ထိုအခါမျိုး တွင် ပြောက်ကျားတပ်ဖွဲ့၏ ရှေ့တန်းသည် ရန်သူ၏ တိုက်ရိုက်ထိုးစစ်များကို ခုခံနိုင်စွမ်းရှိစေရန် လုံလောက်သော အင်အားရှိရမည့်အပြင် ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်မှုလည်း ရှိရမည်။ ထိုသို့လုပ်ဆောင်ရာတွင် တိုက်စစ်စွမ်းအားနှင့် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ် နှစ်ရပ်လုံးကို သဘာဝကျကျ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ရန်သူကို မိမိတို့ ရွေးချယ်ထားသော နေရာတစ်ခုတွင် ပိတ်ဆို့ဟန့်တားထားနိုင်သည့် အချိန်၌ ပြောက်ကျားတပ်ဖွဲ့၏ နောက်ချန်တပ်များက ရန်သူ၏ နောက်ကျောဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်ရမည်။

 

ထိုသို့ မိမိတို့ဘက်က အသာစီးရရန် ရွေးချယ်ထားသော နေရာမျိုးတွင် ရန်သူသည် ဘေးတိုက်လှည့်၍ စစ်ကစားရန် ခက်ခဲသွားလိမ့်မည်။ မိမိတို့ဘက်မှ ကင်းပုန်းဝပ် စနိုက်ပါသမားများသည် ရန်သူ့အင်အားထက် ရှစ်ဆ သို့မဟုတ် ဆယ်ဆခန့် အင်အားနည်းနေစေကာမူ ရန်သူ့စစ်ကြောင်းတစ်ခုလုံးကို မိမိတို့၏ ပစ်ကွင်းပစ်ကွက်အတွင်း ဝိုင်းပတ်ပိတ်ဆို့ပြီး ထည့်ထားနိုင်ပြီ ဖြစ်သည်။

 

အင်အား အလုံအလောက် ရှိလာသည် နှင့် အမျှ ရန်သူ့ထံ စစ်ကူများ ရောက်မလာနိုင်စေရန် လမ်းကြောင်းအားလုံးတွင် ဖြတ်တောက်ချုံခိုတိုက်ခိုက်မှုများဖြင့် ပိတ်ဆို့ကာကွယ်ထားရမည်။ ဝိုင်းရံပိတ်ဆို့မှုများကို တဖြည်းဖြည်းချင်း ကျဉ်းမြောင်းသွား အောင် ရှေ့သို့ တိုးလာရမည်၊ အထူးသဖြင့် ညဘက် တွင် ပြုလုပ်ရမည်။ ပြောက်ကျားရဲဘော်များသည် မိမိတို့ တိုက်ခိုက်မည့် နယ်မြေဒေသကို ကျွမ်းကျင်နှံ့စပ်ကြသူ များ ဖြစ်ပြီး ကျူးကျော်ဝင်ရောက်လာသည့် ရန်သူ့စစ်ကြောင်း ကတော့ မသိနားမလည်ကြ။ ညမှောင်လာလေလေ ပြောက်ကျားရဲဘော်များဖက်က ပို၍ တိုး လာလေလေဖြစ်ပြီး၊ ရန်သူကတော့ အမှောင်ထုထဲတွင် ၎င်းတို့၏ ကြောက်စိတ်များ တိုးပွားလာနေသည်ကိုသာ မြင်တွေ့ရမည်သာ ဖြစ်သည်။

 

ထိုကဲ့သို့သော နည်းလမ်းဖြင့် စစ်ကြောင်း တခုလုံးကို အခက်အခဲ များများစားစား မရှိလှဘဲ ချေမှုန်း နိုင်မည် ဖြစ်သည်။ သို့မဟုတ်ကလည်း ရန်သူ များ နောက်ထပ် တိုက်ခိုက် နိုင်စွမ်း မရှိ‌သည် အထိ အကျအရှုံးများစွာ နှင့် အရေးနိမ့်သွား နိုင်ပေသည်။ လူပြန်စု ဖို့လည်း အချိန် အတော်ကြာ ယူရပေဦးမည်။

 

ပြောက်ကျားတပ်ဖွဲ့ အင်အားနည်းနေချိန် တွင်မူ ကျူးကျော်ဝင်ရောက်လာသည့် ရန်သူ့စစ်ကြောင်း၏ အရှိန်ကို တားဆီးရန် သို့မဟုတ် နှောင့်နှေးသွားအောင် လုပ် နိုင်ရန် အတွက် အင်အားကို ဖြန့်ခွဲတိုက်ခိုက်ရမည်။ ထိုအခါတွင် အဖွဲ့ဝင် ၂ ဦးကနေ ၁၀ ဦးကြားပါဝင်သည့် စနိုက်ပါ အဖွဲ့ငယ်လေး များကို ရန်သူ့စစ်ကြောင်း၏ အရပ်လေးမျက်နှာလုံးတွင် ဖြန့်ကြက် နေရာယူထားရမည် ဖြစ်သည်။

 

လက်နက်ခဲယမ်း အလွန်အကျွံ သုံးစရာ မလိုဘဲ ရန်သူ အား ရေရှည် ထိန်းထား နိုင်စွမ်း ရှိနေသည်။

 

ရန်သူ၏ ယာဉ် တန်း၊ သို့မဟုတ် အထိုင်စခန်း တခုအား တိုက်ခိုက်ဖို့ နည်းဗျူဟာ အား ရွေးချယ်ထားသည့် နေရာ ပေါ် မူတည်ပြီး ပြောင်းလဲ ကျင့်သုံး နိုင်သည်။ ယေဘုယျအားဖြင့် ဝိုင်းရံပိတ်ဆို့ထားသော နေရာတစ်ခုကို ပထမဆုံးအကြိမ် တိုက်ခိုက်ရာတွင် ရှေ့တန်းကင်းစခန်းတစ်ခုကို ရွေးချယ်၍ ညဖက်တွင် အလစ်အငိုက် ဖမ်းကာ တိုက်ခိုက်သင့်သည်။ တိုက်ပွဲ အတွေ့အကြုံ ရှိထားသော ကွန်မင်ဒို များက ထိုကဲ့သို့သော စခန်းများကို အလစ်အငိုက် တွင် အလွယ်တကူ ပင် ချေမှုန်း နိုင်မည် ဖြစ်သည်။

 

ပုံမှန် ဝိုင်းရံပိတ်ဆို့မှုတစ်ခုတွင် ရန်သူ ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို ပြောက်ကျားရဲဘော် အနည်းငယ်ဖြင့် ထိန်းချုပ်ထားနိုင်ပြီး၊ ဝင်ထွက်သွားလာရာ လမ်းမများကိုမူ ကြားဖြတ် ခြုံခိုတိုက်ပွဲ များဖြင့် ခုခံထားရမည်။ ထိုသို့ ကြား ဖြတ်တိုက်မည့် စခန်းများကို တစ်ခုပြီးတစ်ခု ဆင့်ကဲချထားရမည်ဖြစ်ရာ အကယ်၍ ပထမစခန်းက မအောင်မြင်ဘဲ ဆုတ်ခွာပေးလိုက်ရလျှင်ပင် ဒုတိယစခန်းက ဆက်လက်ရှိနေစေရန်နှင့် ထိုနည်းအတိုင်း နောက်ထပ်စခန်းများကလည်း အဆင့်ဆင့် ရှိနေစေရန် စီမံရမည်။

 

ဤအချက်သည် "အလွှာလိုက် ခုခံစစ်" (Defense in Depth) သဘောတရားကို ဖော်ပြနေခြင်းဖြစ်သည်။