အခန်း (၁)
ဤသို့ဖြင့် ၁၉၇၈ ဒီဇင်ဘာ တွင် ဟွကိုဖုန်းအား ဖြုတ်ချမှ ဖြစ်မည်ဆိုကာ စိတ်တူကိုယ်တူ စုစည်းလာ သော အဖွဲ့ကို တော်လှန်ရေး တွင် အထင်ကရ နေရာမှ ပါဝင်ခဲ့ကြသည့် တိန့်ရှောင်ဖိန် နှင့် ချန်ယွန်း တို့က ဦးဆောင်ခဲ့ကြသည်။ တိန့်ရှောငိဖိန်သည် အသက် ၂၃ နှစ်အရွယ် ဖြစ်သော ၁၉၂၇ တွင် ဗဟိုကော်မတီ အတွင်းရေးမှုး များ အဖွဲ့ရုံး၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ ဒုတိယ စစ် မြေပြင် တပ်မကို ဦးဆောင်၍ နေရှင်နယ်လစ် တပ်များကို ထူးချွန် ပြောင်မြောက်စွာ ချေမှုန်း နိုင်ခဲ့သူလည်း ဖြစ်သည်။
၁၉၄၉ ပြည်သူသမ္မတ နိုင်ငံ ထူထောင်ခဲ့ချိန် နှင့် ၁၉၆၆ ယဉ်ကျေးမှု တော်လှန်ရေး မဖြစ်မီ ကာလ များ အတွင်း ပါတီ နှင့် အစိုးရ အဖွဲ့တွင် အရေးပါသော ရာထူးများတွင် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ ယဉ်ကျေးမှု တော်လှန်ရေး မတိုင်မီက ၎င်း၏ အနေအထား သည် နံပတ် (၇) တွင် ရှိနေခဲ့သည်။
သို့သော် မော်က ၎င်း နေရာ ဆက်ခံမည့်သူ အဖြစ် လျာထားခြင်း ခံခဲ့ရသည့် လျုရှောက်ချီ နှင့် အတူ တိန့်ရှောင်ဖိန်အား လည်း တရုတ်ပြည်၏ 'အရင်းရှင်လမ်းစဉ်လိုက်သူ' ထိပ်သီး နှစ်ဦးအဖြစ် ပေါင်းစည်းသတ်မှတ်ခံရသည့် မကောင်းသတင်းဖြင့် ကျော် ဇော် နေချိန်လည်း ဖြစ်သည်။ ၁၉၆၆ နွေရာသီ တွင် မော်သည် ပါတီတွင်းရှိ ၎င်း၏ ရန်သူများကို ချေမှုန်းရန် တပ်နီ များကို စေလွှတ်လာခဲ့ရာ ၎င်းတို့ နှစ်ဦးလည်း ပါဝင်သွားခဲ့သည်။
ချန်ယွန်း၏ တော်လှန်ရေး အစဉ်အလာ ကတော့ ထူးထူးခြားခြား မရှိလှ၊ အသက် ၂၉ နှစ် အရွယ်တွင် ပေါ်လစ်ဗျူရို အဖွဲ့ဝင် တဦး ဖြစ်လာခဲ့သည်။ သူသည် တိန့်ရှောင်ဖိန်ထက် တနှစ်ခန့် ငယ်သော်လည်း ပါတီ တွင် မူ တိန့် ရှောင်ဖိန်ထက် စီနီယာ ကျ နေသည်။ ၁၉၄၉ တွင် ပါတီသည် ပြည်တွင်းစစ်ကြီးတွင် အောင်ပွဲခံခဲ့ပြီး နောက်တွင် ချန်ယွန်းသည် ဒုဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး အမိန့်ပေး အမိန့်ခံ စီးပွားရေး စနစ် အတွက် ပထမ ငါးနှစ် စီမံကိန်း ရေးဆွဲရာတွင် အဓိက အခန်းမှ ပါဝင်လာခဲ့သည်။
သို့သော် နောက်ပိုင်း မော်၏ လက်တွေ့မကျသော စီးပွားရေး ရည်မှန်းချက်များအား သတိပေးလာခဲ့၍ ၁၉၅၈ တွင် မော်၏ အငြိုအငြင်ကို ခံခဲ့ရသည်။ မော်၏ ထိုသို့ ဖယ်ရှားခံခဲ့ရသည်ကပင် နောက်ပိုင်း တွင် သူ့ အတွက် ကောင်းဖို့ ဖြစ်လာရသည်ဟု ဆိုရမည် ဖြစ်သည်။ မော်၏ ရန်သူ အများစုသည် ယဉ်ကျေး မှု တော်လှန်ရေး အတွင်း နိုင်ငံရေး အရ ဒုက္ခပေးခံရခြင်း သို့မဟုတ်ကလည်း သုတ်သင် ရှင်းလင်း ခံရခြင်း တို့ ကြုံခဲ့ရသော်လည်း ချန်ယွန်းသည် ထိုအဖြစ်များ မှ လွတ်ကင်းခဲ့ပြီး ဗဟိုကော်မတီတွင် နေရာပြန်ရအောင်ပင် လုပ်နိုင်ခဲ့သည်။
တိန့်ရှောင်ဖိန် နှင့် ချန်ယွန်းတို့ နှစ်ဦးစလုံးသည် ၁၉၇၈ ဒီဇင်ဘာလ အတွင်း ဟွကိုဖုန်း နှင့် ၎င်း၏ ထောက်ခံသူများ အားလုံး အပေါ် ပြတ်ပြတ်သားသား အောင်ပွဲ ခံနိုင်ရေး တွင် အရေးပါသော ကဏ္ဍ မှ ပါဝင်ခဲ့ကြသူ များ ဖြစ်သည်။ ၎င်းတို့အား ပါတီတွင်းရှိ လစ်ဘရယ် သဘောထား ရှိသော အောက်ခြေ ရှိ ခေါင်းဆောင် များက ကူညီခဲကြသည်။ ထိုအထဲတွင် ထင်ရှားစွာ ထွက်ပေါ်လာသူများက ဟူယောင်ပန်း နှင့် ကျောက်ကျိယန် တို့ပင် ဖြစ်သည်။
ယဉ်ကျေး မှု တော်လှန်ရေး မတိုင်မီက ဟူယောင်ဟန်းသည် တာဝန်ဟူ၍ မယ်မယ်ရရ မရှိသည့် ကွန်မြူနစ် လူငယ် အဖွဲ့ချုပ်၏ ဥက္ကဌ ဖြစ်သည်။ ယဉ်ကျေးမှု တော်လှန်ရေး၏ ကသောင်းကနင်း ကာလ များ အတွင်း မော်၏ ဖြုတ်ထုတ် သန့်စင်ခြင်း ခံခဲ့ရသည်။ ၁၉၇၃-၇၅ အတွင်း တိန့်ရှောင်ဖိန် ခေတ္တ ခဏ အာဏာ ပြန်ရလာခိုက် ၎င်းဖက် မှ ရပ်တည်ပေးလာခဲ့သည်။
ဟွကိုဖုန်း အား ပါတီ ခေါင်းဆောင်ပိုင်း မှ ဖြုတ်ချရေး တွင် ဟူယောင်ပန်းသည် လွန်စွာ အရေးပါသော နေရာမှ ပါဝင်လာခဲ့သည်။ ၎င်းသည် ပါတီ စည်းရုံးရေး ဌာနကြီး၏ အကြီးအကဲ ဖြစ်၍ စီမံခန့်ခွဲရေး အာဏာများ ရရှိထားခဲ့သည်။ မော်၏ ဖြုတ်ထုတ် သန့်စင်ခံခဲ့ရသူ အများ အပြားကို ပြန်လည် ထူထောင်ပေးခဲ့ပြီ အာဏာ ပြန်လည် ရရှိအောင် ကူညီပေးလာခဲ့သည်။
ဟွာကိုဖုန်း သည် ၎င်း၏ နိုင်ငံရေး တရားဝင်မှုအတွက် မော်စီတုန်းဝါဒကို အရင်းခံအဖြစ် ဆက်လက်ကိုင်စွဲနေစဉ်မှာပင်၊ ဟူယောင်ပန်း က 'အမှန်တရားကို တိုင်းတာသည့် စံနှုန်း' (Criterion of Truth) နှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံသည့် ဆောင်းပါးတွဲများကို ၁၉၇၈ ခုနှစ်တွင် ဆက်တိုက် ရေးသား ဖော်ပြလာခဲ့သည်။
အပေါ်ယံကြည့်လျှင် ခက်ခဲနက်နဲလှသော ၎င်း၏ စာပေ နှင့် ဒဿနဗေဒဆိုင်ရာ ဆောင်းပါးများ၏ နောက်ကွယ်တွင် - ပါတီ၏ လမ်းညွှန်နိုင်ငံရေးအဖြစ် တည်ရှိနေသော မော်စီတုန်းဝါဒကို ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ဟွာကိုဖုန်း ၏ အုပ်ချုပ်ခွင့်ဆိုင်ရာ အခွင့်အာဏာကို အားနည်းသွားစေရန်ဟူသော ရည်ရွယ်ချက် ရှိနေခဲ့သည်။
ယဉ်ကျေးမှု တော်လှန် ရေး မတိုင်မီ နှင့် ဖြစ်ပွား နေစဉ် ကာလ များ အတွင်း ကွမ်တုံ၊ မွန်ဂိုလီယား အတွင်းပိုင်း နှင့် စီချွမ် ပြည်နယ်များတွင် ပါတီအကြီးအကဲ အဖြစ် ထမ်းဆောင်ခဲ့သူ ကျောက်ကျိယန်သည် ၁၉၇၈ တွင် ဖြစ်ပွားလာသော အာဏာလွန်ဆွဲမှ တဆင့် တိန့်ရှောင်ဖိန်သည် မဟာ ခေါင်းဆောင်ကြီး အဖြစ် ထွက်ပေါ်လာခဲ့မှု တွင် တိုက်ရိုက် ပါဝင်ခဲ့ခြင်း မရှိပေ။
သို့သော် ၁၉၇၀ ကျော်နှစ်များ၏ နှောင်းပိုင်းကာလများ အတွင်း စီချွမ် ပြည်နယ်တွင် လယ်ယာ မြေ ပြုပြင် ပြောင်းလဲရေး များကို ရဲရဲရင့်ရင့် နှင့် အောင်အောင် မြင်မြင် လုပ်နိုင်ခဲ့ရာတွင် တိန်ရှောင့်ဖိန် နှင့် မဆိုသလောက် အဆက်အသွယ် သာ ရှိခဲ့ဖူးသည်၊ သို့သော် တိန့်ရှောင်ဖိန်က ၎င်းအား ဟွကိုဖုန်း နေရာတွင် ဝန်ကြီးချုပ် အဖြစ် ဆက်ခံရန် ၁၉၈၀ စက်တင်ဘာလ တွင် ရွေးချယ် ခန့်အပ်ခဲ့သည်။
၁၉၈၀ နှစ်များ အတွင်း ပါတီ ခေါင်းဆောင်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် အာဏာလုပွဲကို ယန်ကျိစိန် က ယခင် ဟွကိုဖုန်း အား ဖြုတ်ချ ရေး တွင် စိတ်တူ ကိုယ်တူ ရှိခဲ့သူများသည် အင်အားစု သုံးစု အဖြစ် ကွဲထွက်သွားခဲ့သည်ဟု ဖေါ်ပြခဲ့သည်။ ထိုသုံးဖွဲ့ သည် ဝါဒရေးရာ အရရော နိုင်ငံရေး ပိုင်းတွင် ပါ တူညီကြခြင်း မရှိပေ။
အဖွဲ့ သုံးဖွဲ့ အကြား ဖြစ်ပွားလာသော ပဋိပက္ခ သည် ထိုဆယ်စုနှစ် အတွင်း တရုတ်ပြည်၏ နိုင်ငံရေး နှင့် စီးပွားရေး လားရာကို ပုံဖေါ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ချန်ယွန်း ဦးဆောင်သော အဖွဲ့သည် ကွန်မြူနစ် အရင့်အမာ ကြီးများ ဖြစ်ပြီး ရှေးရိုးစွဲ ကွန်မြူနစ် သဘောတရားများကိုသာ အသေဆုပ်ကိုင်ထားလိုကြသည်။ ၎င်းတို့သည် လီနင်၏ တပါတီ အစိုးရ ပုံစံဖြင့် ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်ခြင်းသည် လက်တွေ့ကျပြီး မရှိမဖြစ် လိုအပ်၍ ၁၉၅၀ ကျော် နှစ်များ၏ စီးပွားရေး ဖွံ့ဖြိုးမှု မဟာဗျူဟာများကို အကောင်အထည် ဖေါ်လိုကြသူများ ဖြစ်သည်။
တိန့်ရှောင်ဖိန် ဦးဆောင်သော ဒုတိယ အဖွဲ့သည် လီနင်၏ ပါတီမှ နိုင်ငံတော်ကို ဦးဆောင်ရမည် ဆိုသည့် ဦးတည်ချက်ကို ထိန်းသိမ်းရာ တွင် တသဘောတည်း ရှိကြသော် လည်း စီးပွားရေး ကို အကောင်အထည် ဖေါ်မည့် အပိုင်းတွင်မူ ကွန်ဆာဗေးတစ်များ နှင့် သဘောကွဲလွဲလာသည်။
ကျောက်ကျိယန်သည် လူကြီး ပိုင်း ဖြစ်သော တိန့်ရှောင်ဖိန် နှင့် ချန်ယွန်းတို့ အကြား စီးပွားရေး ပြုပြင်ပြောင်းလဲရေး တွင် အယူအဆ မတူ ဖြစ်နေသော်လည်း လက်ရှိ သွား နေသည့် နိုင်ငံရေး စနစ် ကိုမူ တသဘောတည်း ရှိနေကြသည်ကို ရိပ်စားမိလာခဲ့သည်။ ၎င်းတို့အားလုံးသည် အမှန်တကယ် ပြုပြင် ပြောင်းလဲ မည် ဆိုက ကွန်မြူနစ် ပါတီကို စိန်ခေါ်မှု များ ထွက်ပေါ်လာပြီး အားနည်း ချိနဲ့သွားမည့် အရေးကို စိုးရွံ့နေကြသည်။
ချန်ယွန်းသည် ဆိုဗီယက် ပုံစံ စီးပွားရေး စီမံကိန်း များကို နှစ်သက်သဘောကျပြီး ၁၉၅၀ ပြည့်လွန် နှစ်များ အတွင်း တရုတ်ပြည်၏ အမိန့်ပေး အမိန့်ခံ စီးပွားရေး ပုံစံ မျိုး အကောင်အထည် ဖေါ်ရာတွင် ၎င်း ပါဝင်ခဲ့သည့် အခန်းကဏ္ဍ ကိုလည်း လွန်စွာ ဂုဏ်ယူနေသူ လည်း ဖြစ်သည်။
တိန့်ရှောင်ဖိန်သည် ၎င်းကဲ့သို့ မဟုတ်ဘဲ အနောက်တိုင်း အရင်းရှင် စနစ် နှင့် ဈေးကွက် စီးပွားရေး စနစ်ကို အဆင် ချော မွေ့စွာ ပေါင်းစပ် နိုင်မှသာလျင် ပါတီကို ကယ်တင် နိုင်လိမ့်မည်ဟု ခံယူထားသူ ဖြစ်သည်။
ဟူယောင်ပန်း နှင့် ကျောက်ကျိယန် တို့ ကဲ့သို့ ဦးဆောင်သော ပိုမို ပွင့်လင်းသောအမြင်ရှိပြီး အသက်အရွယ်အားဖြင့် အနည်းငယ်ပို၍ ငယ်ရွယ်သည့် ခေါင်းဆောင်များ နှင့် တတိယ အုပ်စု ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့က ဈေးကွက် ရှာဖွေပြီး နိုင်ငံရေး အရ လွတ်လပ်ခွင့် ပေးနိုင်မှသာ မော်ဝါဒ ဖြင့် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့် ခံခဲ့ရပြီး ဆင်းရဲတွင်း နက်နေသော တရုတ်ပြည်ကြီးအား ပြုပြင် ပြောင်းလဲ နိုင်လိမ့်မည်ဟု ယုံကြည်ထားသူများ ဖြစ်သည်။
ထိုအုပ်စု သုံးစု တွင် ပထမ နှင့် ဒုတိယ အုပ်စုသည်သာ ဩဇာအာဏာ အရှိဆုံး ဖြစ်နေသည်။ ချန်ယွန်း ဦးဆောင်သော ကွန်ဆာဗေးတစ် အဖွဲ့သည် တရုတ်ပြည်အား ၁၉၅၀ ကျော် နှစ်များ ကဲ့သို့ ပြန်၍ ထူထောင်ချင်နေသည်။ တိန့်ရှောင်ဖိန် ဦးဆောင်သော အဖွဲ့က နိုင်ငံအား စီးပွားရေး အရ ခေတ်မီ တိုးတက်အောင် လုပ်နိုင်မှ ပါတီသည် ဆက်၍ ရှင်သန် နိုင်မည်၊ ထို့အတွက် အရင်းရှင် စနစ် နှင့် လူ နည်းစု မှ တသွေး တသံတမိန့် ဖြင့် အုပ်ချုပ်ရေး ကို ပေါင်းစပ် ကျင့်သုံးသွားရန် စိတ်ပိုင်းဖြတ်ထားသည့် ဗဟိုချုပ်ကိုင်မှု စနစ်သစ် ထူထောင်လိုသူ များ ဖြစ်ကြသည်။
ကွန်ဆာဗေးတစ်များ နှင့် ဗဟိုချုပ်ကိုင်မှု စနစ် ထူထောင်မည် ဆိုသော သဘောတရားများသည် ပါတီ၏ ဝါရင့်ခေါင်းဆောင်များ ဖြစ်သော ချန်ယွန်း၊ တိန့်ရှောင်ဖိန် နှင့် တော်လှန်ရေး လက်ဟောင်းကြီးများ၏ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာ နှင့် အရှိန်အဝါများ မှ ဆင်းသက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့ အားလုံးသည် အဓိကကျသော မူဝါဒရေးရာများနှင့် လူပုဂ္ဂိုလ်များ ခန့်အပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် အမြင့်ဆုံးအာဏာကို ကျင့်သုံး ချုပ်ကိုင်ထားခဲ့ကြသည်။