ထရမ့် ကြောင့် လက်မှိုင်ချရမလို ဖြစ်လာသော ရှီကျင့်ဖျင်

by Hla Soewai - Jan 26 2026

၂၀၂၅ သည် ရှီကျင့်ဖျင် အတွက် ရွှင်မြူးစရာ ကောင်းခဲ့သည့် နှစ်ဟု ဆိုရပေမည်၊ ကုန်သွယ်ရေး စစ် ပွဲ တွင် ဒေါ်နယ် ထရမ့်အား အလျော့မပေးဘဲ တင်းခံနိုင်ခဲ့ခြင်း၊ ခမ်းနား ကြီးကျယ်သော စစ်ရေးပြပွဲ ကြီး ဖြင့် ကမ္ဘာ အစီအစဉ် သစ် တရပ် ကို ချပြနိုင်ခဲ့ခြင်း နှင့် ပနားမားတူးမြောင်းရှိ ဆိပ်ကမ်းများကို လုပ်ကိုင်နေသည့် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုအား ဖယ်ရှားရန် ကြိုးပမ်းမှုများကို ဟန့်တားနိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

 

ယခုအခါ တွင်တော့ ကမ္ဘာကြီးတွင် ၎င်းအဖို့ စိတ်မသက်သာစရာ အဖြစ်များ နှင့်သာ ကြုံနေရပြီ ဖြစ်သည်။ မာဒူရိုအား အမေရိကန် တို့ ဝင်ရောက် ဖမ်းဆီးသွားမှုကြောင့် တောင်အမေရိက ရှိ အားအထားရဆုံး မဟာမိတ် တယောက် ဆုံးရှုံးသွားခဲ့မှု နှင့်အတူ တောင်အမေရိကဖက်မှ လက်နက် အများဆုံး ဝယ်ယူအားပေးနေသည့် ဖောက်သည်ကြီး အားလည်း လက်လွှတ်သွားခဲ့ရသည်၊ ထိုမျှ မကသေး ဗင်နီဇွဲလားမှ ရနေသည့် ရေနံစိမ်း လိုအပ်ချက် ၄ % လည်း မရတော့မည့် အပြင် ပေးရန် ကျန်နေသည့် ဒေါ်လာ ဆယ်ဘီလီယံ ကိုလည်း လျှော်ပစ်လိုက်ရပေဦးမည်။

 

ထရမ့်က အနောက်ကမ္ဘာခြမ်း တွင် တရုတ်တို့ ဝင်ရောက်လာမှု ကို တားမြစ်မည်ဟု ခြိမ်းခြောက်လာပြန်၍ တောင်အမေရိက တွင်လက်ရှိ ရင်းနှီးမြုပ်နှံထားသော ဆိပ်ကမ်းများ၊ မြေပြင် အခြေစိုက် ဂြိုလ်တု ဆက်သွယ်ရေးစခန်းများ အပြင် ကုန်သွယ်ရေး ပါ ထိခိုက်လာရဖို့ ရှိနေသည်။

 

အီရန် တွင် ဖြစ်ပွားလာနေသော မငြိမ်သက်မှုများနှင့် အတူ အမေရိကန် ဦးဆောင်သော စီးပွားရေးပိတ်ဆို့မှုများနှင့် စစ်ရေးခြိမ်းခြောက်မှုများကြောင့် မိတ်ဆွေ အာဏာရှင် နိုင်ငံ အဖို့ ကျောချမ်းစရာ အဖြစ်နှင့် ကြုံနေရသည်၊ အီရန်သည် စက်သုံးဆီတင်သွင်းမှု ၁၂% ကို ထောက်ပံ့ပေးခဲ့သည့်အပြင် အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၏ ဩဇာအာဏာ ပိုမိုခိုင်မာစေရန် ကျားကန် ပေးထားသော နိုင်ငံလည်း ဖြစ်သည်။

 

ထရန့် ၏ အရဲကိုးနေမှု သည် တချိန်ချိန်တွင် ပြဿနာ ပေါင်းစုံ နှင့် ကြုံလာရပြီး ကျဆုံးခန်း ရောက်လာလိမ့်မည်ဟု ရှီသည် မျှော်လင့်ကောင်း မျှော်လင့်နေမည်သာ ဖြစ်သည်။ ဂရင်းလန် ကျွန်းအားလည်း သိမ်းယူပါစေ ဟု ဆုတောင်း နိုင်သည်၊ သို့မှသာ နေတိုး သာမက ဥရောပ တိုက် နှင့်ပါ ဆက်ဆံရေး ပျက်ပြားပေတော့မည်။

 

အနောက်နိုင်ငံများကဲ့သို့ပင် ထရမ့်ကို လိုက်လျောရုံမျှဖြင့် နောင်တွင် ၎င်း၏သဘောထား ပျော့ပျောင်းလာလိမ့်မည်ဟု အာမ မခံနိုင်ကြောင်း ယခုအခါ နားလည်သဘောပေါက်သွားပြီဖြစ်သည်။ ရှီကျင့်ဖျင်သည် အမေရိကန်၏ ရည်ရွယ်ချက်များကို အခိုင်အမာ မသိရဘဲ တရုတ်၏ အကျိုးစီးပွားများကို ထပ်မံစတေးရန် တွန့်ဆုတ်နေလိမ့်မည်။

 

ထို့အတွက် တရုတ် ခေါင်းဆောင်ကြီး အဖို့ ၎င်း မကြုံဖူးသေးသည့် အကျပ်ရိုက်မှု နှင့် ကြုံလာရပြီ ဖြစ်သည်။ တရုတ် နှင့် ဝေးလံလှသော အရပ်ရှိ အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိကန် ၏ နိုင့်ထက်စီးနင်းလုပ်ရပ်များကို တိုက်ဖျက်ပစ်မည်လော၊ သို့မဟုတ်ကလည်း တရုတ်နိုင်ငံ၏ ပိုမိုအရေးကြီးသော လက်ငင်းဦးစားပေး ကိစ္စရပ်များဖြစ်သည့် စီးပွားရေး ပြန်လည် ဦးမော့လာစေရန်နှင့် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် တိုးတက်မှုများ ရရှိစေရန် ရည်ရွယ်၍ ထရမ့် နှင့် သဘောတူညီချက်တစ်ခု ရရှိဖို့ မိမိ၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို အထိခိုက်ခံ သင့်သလော။ ထရမ့်နှင့် လာမည့် ဧပြီလ တွင် တကြိမ် အပါအဝင် ယခုနှစ် အတွင်း မျက်နှာခြင်းဆိုင် သုံးကြိမ်ခန့် ဆုံဖို့ ရှိနေသည်။

 

တရုတ် အနေဖြင့် စစ်အင်အား ကြီးထွားလာ‌ နေသည် ဆို‌ သော်လည်း လက်တင် အမေရိကား နှင့် အရှေ့အလယ်ပိုင်း တွင် စစ်ရေး အရ ပါဝင် ပတ်သက် နိုင်စွမ်း မရှိ ဖြစ်နေသည်။ မိတ်ဆွေ နိုင်ငံများ အသက်ဆက်နိုင်ရေးကို အာမခံ နိုင်မည့် လက်နက်များ လည်း ထောက်ပံ့ ပေးနိုင်ခြင်းမျိုး မရှိ ဖြစ်နေသည်။ အဆိုပါ ဒေသများသို့ တရုတ်၏ လက်နက်များ တင်ပို့နေမှုသည် ၎င်း၏တစ်ကမ္ဘာလုံးဆိုင်ရာ ရောင်းအားနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာ ရှိသည်။ လက်နက်တင်ပို့မှု မြှင့်တင်ရန်အတွက် အချိန်ယူရမည့်အပြင် ဝယ်ယူသူများဘက်မှလည်း ငွေကြေးအမြောက်အမြား အကုန်အကျခံရမည် သို့မဟုတ် တရုတ်နိုင်ငံဘက်က လိုအပ်သော အတိုင်းအတာအထိ ချေးငွေများ ထုတ်ချေးဖို့လည်း တွန့်ဆုပ်နေပြန်သည်။

 

တောင်အမေရိက ဖက်ခြမ်းတွင် တရုတ်လက်နက်များ အကြီးအကျယ် ဝယ်ယူခဲ့သည့် ဗင်နီဇွဲလား တွင် တရုတ်လုပ် လေကြောင်း ကာကွယ်ရေး ရေဒါ စနစ်များ သုံးစားမရသည့် အဖြစ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြ၍လည်း ဝယ်မည့်သူများ တွန့်ဆုပ်ကုန်ကြပြန်သည်။

 

သို့သော် တရုတ်တွင် အမေရိကန်၏ ရည်မှန်းချက်များကို ဖျက်လိုဖျက်ဆီး လုပ်နိုင်သည်များ ရှိနေပြန်သည်။ ထရမ့်အစိုးရသည် တရုတ်အား ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းများ မှ ဖယ်ထုတ်ပစ်မည်ဟု ကတိပေးထားသည်။ သို့သော် တရုတ် အင်ဂျင်နီယာများ နှင့် နည်းပညာများသည် ဗင်နီဇွဲလား ရေနံထုတ်လုပ်ရေး ပိုင်းများ တွင် ရှိနေဆဲ ဖြစ်သည်။ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှု ၁၀ % သည် တရုတ် နှင့် ဖက်စပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

 

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ၏ အကြီးဆုံး ရေနံဝယ်ယူသူအဖြစ် ရပ်တည်နေခြင်းကလည်း ရှီကျင့်ဖျင်အတွက် အပေးအယူလုပ်နိုင်စွမ်း ရှိနေ သည်။ အကြောင်းမှာ ထရန့်အစိုးရသည် တရုတ်ရေနံချက်စက်ရုံများသို့ ဗင်နီဇွဲလားရေနံ အချို့ပြန်လည်ရောင်းချမှုကို ခွင့်ပြုပေးထားသောကြောင့် ဖြစ်သည်။ အမှန်စင်စစ်၊ ဗင်နီဇွဲလားနိုင်ငံ၏ စေးပျစ်ပြီး ကန့်ဓာတ် များသော ရေနံစိမ်းအတွက် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား သိပ်မရှိ ဖြစ်နေသည်။

 

ရေနံ အပြင် တရုတ်၏ ဟွာဝေး နှင့် ZTE မိုဘိုင်း ဖုန်း နည်းပညာများလည်း ပါဝင် ပတ်သက်နေပြန်သည်။ တရုတ် ကုမ္ပဏီ တခုကလည်း မာဒူရို အား အင်တာနက်ဆင်ဆာ လုပ်သည့် စနစ်ကိုလည်း ပံ့ပိုးပေးထားသည်။

 

အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုတွင် တွေ့ရသည့် ရှေ့နောက်မညီ ဖြစ်လာသည့် အချက်တစ်ချက်မှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် အစီအစဉ်မရှိဘဲ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံ၏ ဖိနှိပ်ချုပ်ချယ်သော နည်းပညာအပေါ် ယခုအခါ မှီခိုနေရခြင်းပင် ဖြစ်သည်။

 

တရုတ် အတွက် အမေရိကန်၏ လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ဟန့်တားဖို့ အရေးတွင် အန္တရာယ် ပိုကြီးလာနေသည်။ တရုတ်ပညာရှင်များက ထရမ့်၏ စွန့်စားလိုသော အာသီသ မည်မျှ အထိ ရှိနေနိုင်သည်ကို အလျင်အမြန် ဆန်းစစ်လာကြသည်။ တရုတ် နိုင်ငံတော် လုံခြုံရေး ဌာန နှင့် ချိတ်ဆက်ထားသော တွေးခေါ် မျှော်မြင်ရေး အဖွဲ့၏ လက်တင် အမေရိက ဆိုင်ရာ ကျွမ်းကျင်သူ တဦးက အီရတ် နှင့် အာဖဂန်နစ္စတန် ကဲ့သို့မျိုး အင်အား အလုံးအရင်း နှင့် ကျုးကျော်သည့် စစ်ဆင်ရေးမျိုး လုပ်လာနိုင်သည် ဟု မကြာမီက ရုပ်သံ အင်တာဗျူး တခု တွင် မှတ်ချက်ချခဲ့သည်။ ဗင်နီဇွဲလား ကို ကြည့်မည်ဆိုက အမေရိကန်၏ ဗိုလ်ကျ စိုးမိုးလိုမှု နှင့် ဗျူဟာများ အကြီးအကျယ် ပြောင်းလဲလာပြီဟု ပြော၍ ရကြောင်း သုံးသပ်သွားခဲ့သည်။

 

ဘီဂျင်း ရှိ ရင်မင်း တက္ကသိုလ်မှ နိုင်ငံတကာ ရေးရာ ကျွမ်းကျင်သူ တဦးက အမေရိကန်သည် အီရန်ကို ယခုနှစ် အတွင်း တိုက်လာဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် ကျူးဘား၊ ကိုလံဘီယာ၊ နိုင်ကာရာဂွာ နှင့် ဘရာဇီး ရှိ လက်ဝဲ အစိုးရများကို ဖိအားများ ပိုပေးလာဖွယ် ရှိနေပြီး အာဖရိကတွင်လည်း အရင်းအမြစ်များ တရုတ်တို့ မရအောင် လက်ဦးမှု ယူလာနိုင်သည်ဟု ဆိုသည်။

 

အမေရိကန်၏ လုပ်ဆောင်ချက်များကို ငြိမ်ခံနေခြင်းသည် ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို အကြီးအကျယ် ပြန်လည်ချိန်ညှိရခြင်းမျိုး ဖြစ်လာပေလိမ့်မည်။ အကယ်၍ အမေရိကန်က အနောက်ကမ္ဘာခြမ်းကို ဗိုလ်ကျစိုးမိုးလိုသော်လည်း တရုတ်နိုင်ငံကိုမူ အာရှတွင် လွှမ်းမိုးခွင့်မပေးဘဲ ဆက်လက်တားဆီးနေမည်ဆိုပါက ရှီကျင့်ဖျင်၏ သည်းခံလျှော့ပေးမှုသည် ကြီးမားသော အမှားတစ်ခု ဖြစ်သွာနိုင်ပေသည်။

 

(ရုရှားသည် လွန်ခဲ့သည့် ရှစ်လ ကမှ ကရင်မလင် တွင် တခမ်းတနား ကြိုဆိုခဲ့သော မဟာမိတ်ကြီး မာဒူရိုကို အမေရိကန် တို့ ဖမ်းဆီးသွားမှု၊ ၂၀၂၄ အတွင်း ဆီရီးယား သမ္မတ ဖြုတ်ချခံခဲ့ရမှု၊ အီရန် အား အမေရိကန် ဗုံးကြဲခဲ့မှု များကို ကာကွယ် ပေးနိုင်စွမ်း မရှိခဲ့သည် ရုရှား၏ no-show များကို လေ့လာနိုင်မည် ဆိုက မော်စကို သို့ အကြောင်း အမျိုးမျိုးပြ သွားနေသော မင်းအောင်လှိုင် တို့ သဘောပေါက်သင့်ပြီ ဖြစ်သည်။)

 

 (၂၀၂၆ ဇန်နဝါရီ ၂၀ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "Donald Trump’s adventurism is unsettling China" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)