မည်သူ အနိုင်ရမည်ကို ရင်ခုံစရာ မလို၊ ဗေဒင် မေးစရာလည်း မလိုသည့် ရွေးကောက်ပွဲ ကြီး ၏ နောက်ဆုံး အဆင့် ကို စစ် အုပ်စု သည် မမောနိုင် မပန်းနိုင် လုပ်နေဆဲပင် ဖြစ်သည်။
USDP သည် ပြည်ထောင်စု လွှတ်တော် ၄၄၀ နေရာ တွင် ၁၆၉ နေရာ အနိုင်ရရှိနေပြီး ၂၂၀ နေရာ ရှိသည့် အမျိုးသား လွှတ်တော် အတွက် ပြုလုပ်ခဲ့သော ၇၇ နေရာ တွင် ၅၂ နေရာ အနိုင်ရထားပြီး ဖြစ်၍ စစ်တပ်၏ ၂၅ ရာ နှုန်း နှင့် ပေါင်းမည်ဆိုလျင် လက်ရှိတွင်ပင် ၆၃ ရာနှုန်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်ဟု နစ်ကီ အေးရှား သတင်းက ဖေါ်ပြထားသည်။
ထိုသို့ ကြိမ်းသေပေါက် အစိုးရ ဖွဲ့နိုင်တော့မည် ဖြစ်၍ နစ်ကီအေးရှားမှ USDP ကိုယ်စားလှယ်များကို တိုင်းပြည် အနာဂတ် နှင့် ပတ်သက်၍ ဘယ်လို ရည်ရွယ်ချက် အမြင်များ ရှိနေကြပါသလဲ လိုက်လံ မေးမြန်းရာ မည်သူကမျှ ရေရေရာရာ ပြောနိုင်ကြခြင်း မရှိဟု ဆိုသည်။ USDP ပါတီ ၏ တရားဝင် မူဝါဒ ကလည်း လက်ရှိ စစ်အုပ်စု အတိုင်း ဖြစ်နေသည်။ ရွေးကောက်ပွဲ ဖြင့် လွှတ်တော် အစည်းအ ဝေး လုပ်နိုင်သည်က လွဲ၍ လက်ရှိ အနေအထားကို မည်သို့မျှ ပြောင်းလဲနိုင်စွမ်း ရှိမည် မဟုတ် ဆိုသည်ကို သိထားကြ၍ လည်း ဖြစ်သည်။
မြန်မာ သည် ကိုလိုနီ လက်အောက်မှ လွတ်မြောက်လာသော အရှေ့တောင် အာရှ နိုင်ငံများ အားလုံးထဲတွင် အဆိုးရွားဆုံး အခြေအနေ များ တောက်လျောက် ခံလာနေရဆဲ ဖြစ်သော်လည်း လက်ရှိ စစ်အုပ်ချုပ်ရေး သမား များက ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း လက်ရှိ အတိုင်း ဒရွတ်တိုက် ဆွဲခေါ်သွားဖို့သာ ကြံနေကြောင်း ထင်ရှားစွာ တွေ့မြင်နေရသည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က အာဆီယံ အနေဖြင့် ရွေးကောက်ပွဲ ကို အတည်ပြုပေးလိမ့်မည် မဟုတ်ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။
လက်ရှိ အာဆီယံ ဥက္ကဌ ဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက မာရီယာ ထရီဇာ လာဇာရို မှ မြန်မာ အရေး တွင် အဓိက ပါဝင်ပတ်သက် နေသော နိုင်ငံ ရေး နှင့် တိုင်းရင်းသား အုပ်စု များ နှင့် ဖိလစ်ပိုင် နိုင်ငံ တိုဂေတေး မြို့တွင် ယခုအပတ် အတွင်း တွေ့ဆုံခဲ့သည်ဟု ပြောခဲ့သည်။ ထိုအစည်းအဝေးသို့ အမျိုးသား ညီညွတ်ရေး အစိုးရလည်း တက်ရောက်ခဲ့သည်ဟု လာဇာရိုက အတည်ပြုခဲ့သည်။ ချင်း အမျိုးသား တပ်ဦး ကလည်း အဆိုပါ နှစ်ရက်ကြာ အစည်းအဝေး သို့ တက်ရောက်ခဲ့သည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ယနေ့ ရရှိသော သတင်းများအရ လာဇာရိုမှ သူမသည် အာဆီယံ အထူးသံတမန် အဖြစ်၎င်း၊ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် ၎င်း လက်ရှိ ရွေးကောက်ပွဲ ကို ထောက်ခံ အတည်ပြု ပေးမည် မဟုတ်၊ သို့သော်လည်း ရှေ့ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုသည်ကို မျက်စိဖွင့် နားစွင့်ထားမည်ဟု ရိုက်တာ နှင့် အင်တာဗျူး တွင် ပြောဆိုသွားခဲ့သည်။
စစ်အုပ်စု၏ လူသားများ အပေါ် ကျုးလွန်နေသော ရာဇဝတ်မှု များ အတွက် တာဝန်ခံလာစေရန် ချင်းတိုင်းရင်းသား များ အဖွဲ့က အရှေ့ တီမော တွင် နောက်ထပ် စစ်မျက်နှာ ဖွင့်နိုင်ရန် တီမော မြို့တော် ဒီလီ ရှိ အစိုးရ ရှေ့နေရုံးတွင် အမှု ဖွင့်လိုက်ပြီ ဖြစ်သည်။ နိုင်ငံငယ်လေး ဖြစ်သည့် အရှေ့တီမော သည် ၎င်းတို့ကိုယ်တိုင် လူ့အခွင့် အရေး များ အကြီးအကျယ် ချိုးဖောက်ခံထားရပြီး စစ်အုပ်ချုပ်ရေး အောက်တွင် ကာလ ကြာမြင့်စွာ နေခဲ့ရ၍ ဒေသတွင်း ကိုယ်ချင်းစာစိတ် အပြည့်ရှိ နေသော နိုင်ငံလည်း ဖြစ်သည်။
ချင်း လူ့အခွင့် အရေး အဖွဲ့ CHRO သည် သက်သေခံ အထောက်အထား များ နှင့် ကျုးလွန်ခံရသူ များ ပါမကျန် အရှေ့တီမော အာဏာပိုင်များထံ တင်သွင်းလာခဲ့သည်။
တရားစွဲဆိုချက်တွင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည်ဟုဆိုသော ပြစ်မှု အမြောက်အမြားကို ဖော်ပြထားသည်။ ထို အထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ သတင်းထောက်တစ်ဦးနှင့် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အပါအဝင် အရပ်သား ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှင့် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ခရစ်ယာန်ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးအဆောက်အအုံ ဒါဇင်ပေါင်းများစွာကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးခဲ့မှုတို့ ပါဝင်သည်။
၎င်းတို့၏ အကြမ်းဖက်မှု များကြောင့် ချင်းပြည်နယ် အတွင်းရှိ လူဦးရေ တဝက်ခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။
အရှေ့တီမော တွင် တရားစွဲဆိုမှုသည် သီးခြား ဖြစ်စဉ် မဟုတ်တော့ဘဲ စစ်အုပ်စု အပေါ် နေရာ အနှံ ဥပဒေ ကြောင်းအရ တရားစွဲဆိုရန် ကြိုးပမ်းမှု များ၏ တစိတ်တပိုင်း ဖြစ်လာနေသည်။
၂၀၂၄ အတွင်း နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံး၏ ရှေ့နေချုပ်မှ မင်းအောင်လှိုင်အား ၂၀၁၇ တွင် ရိုဟင် ဂျာ များ အပေါ် ကျူးလွန်ခဲ့ သော ရာဇဝတ်မှု များ အတွက် ဖမ်းဝရမ်း ထုတ်ပေးရန် ဦးတိုက် လျှောက်ထားခဲ့သည်။
လက်ရှိတွင်လည်း ရိုဟင်ဂျာ များ အပေါ် လူမျိုးသုဉ်း သတ်ဖြတ်ရန် ရည်ရွယ်ချက် ဖြင့် ကျူးလွန်ခဲ့သည်ဆိုသော ဂမ်ဘီယာ၏ စွဲဆိုချက်ကို အသည်းအသန် ချေပ နေရပြီ ဖြစ်သည်။ ချေပသည် ဆိုရာတွင်လည်း ဂမ်ဘီယာ၏ တင်သွင်းလာသော သက်သေ အထောက်အထား များ မဟုတ်မှန်ကြောင်း အချက်အလက်များ ဖြင့် တန်ပြန် ချေဖျက် နိုင်ခြင်း မရှိဘဲ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ၏ အစီရင်ခံစာများအပေါ် အဓိကထား တိုက်ခိုက် နေပြီး ဥပဒေ ရေးရာ စကားလုံး များ သုံး၍ ထွက်ပေါက် ရှာနိုင်ရန် ကြိုးပမ်းနေသည့် နည်းဗျူဟာ အဆင့်သာ ရှိနေသည်။ ထို့အတွက် ရုံးတော် အနေဖြင့် ဂမ်ဘီယာ၏ သက်သေ အထောက်အထားများကိုသာ ကြည့်၍ ၎င်းတို့ဖာသာ ဆုံးဖြတ်ရတော့မည် ဖြစ်သည်ဟု ဥပဒေ ပညာရှင်များက သုံးသပ်နေကြသည်။
ယခုအခါ ဂျာမဏီ၊ တူရကီ၊ အင်ဒိုနီရှား တို့တွင်လည်း အလားတူ တရားစွဲ နိုင်ရန် ကြိုးပမ်းလျက် ရှိနေသည် ဟု သိရသည်။
စစ်အုပ်စုသည် တီမော သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ မှ ချင်း ကိုယ်စားလှယ် အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့သည့် အပေါ် အာဆီယံ၏ ပြည်တွင်းရေး ဝင်မစွက်ရ မူ ကို ဖေါက်ဖျက်သည် ဆိုကာ တရားဝင် ကန့်ကွက်လာခဲ့သည်။
ကိုးကား - Nikki Asia Asia Review/ Asia News (Italy)/ Just Security