ထရမ့်၏ နော်ဝေး ဝန်ကြီးချုပ်ထံ ပေးစာ

by Hla Soewai - Jan 26 2026

ယခုအခါ အမေရိကန် တွင် မည်သူမျှ စိတ်ကူး ထဲ ပင် မထည့်ခဲ့ကြဘူးသည့် အာဏာရှင် ဝါဒ ခေါင်းထောင်ထ လာနေသည်ကို ရှေ့တန်းမှ ပြတ်ပြတ်သားသား နေ့စဉ်လို တိုက်ခိုက် နေသည့် အတ္တလန်တစ် မဂ္ဂဇင်းကြီး၏ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပါရှိလာသည့် Trump’s Letter to Norway Should Be the Last Straw ဆောင်းပါးကို ပြန်လည် တင်ပြသွားမည် ဖြစ်သည်။

 

အမေရိကန် ပြည်ထောင်စု သမ္မတကြီးမှ နော်ဝေး ဝန်ကြီးချုပ် ယိုနပ်စ် ဂါ စတိုးရ ထံ ဇန်နဝါရီ ၁၈ ရက်နေ့က စာရေးသား ပေးပို့လာခဲ့သည်၊ ထိုစာကို အိမ်ဖြူတော်ရှိ အမျိုးသား လုံခြုံရေး ကောင်စီမှ ဝါရှင်တန်ရှိ သံအမတ်ကြီး များ ထံလည်း မိတ္တူ ဖြန့်ဝေခဲ့၍ အားလုံးသိရန် ရည်ရွယ်ပုံရသည်။

 

စာတွင် ရေးသားထားသည်များကို မူရင်း အတိုင်း တင်ပြရမည် ဆိုက...

 

Dear Jonas:

 

Considering your Country decided not to give me the Nobel Peace Prize for having stopped 8 Wars PLUS, I no longer feel an obligation to think purely of Peace, although it will always be predominant, but can now think about what is good and proper for the United States of America. Denmark cannot protect that land from Russia or China, and why do they have a “right of ownership” anyway? There are no written documents, it’s only a boat that landed there hundreds of years ago, but we had boats landing there, also. I have done more for NATO than any person since its founding, and now, NATO should do something for the United States. The World is not secure unless we have Complete and Total Control of Greenland. Thank you! President DJT

 

ထိုစာ နှင့် ပတ်သက်၍ သုံးသပ်နိုင်စရာ အများ အပြား ရှိနေပြီး ပထမဦးစွာ အလွယ်တကူ ထွက်ပေါ်လာသည်က "Complete and Total Control” ကဲ့သို့ ကလေးကလား နိုင်လှသော ဂရမ်မာ အရေး အသား ပင် ဖြစ်သည်။

 

နောက်တကြောင်းက သမိုင်း အချက်အလက်များကိုလည်း ခပ်ဝါးဝါး သာ သိပြီး ဖြီးဖြန်းထားမှု ပင် ဖြစ်သည်။ ဒေါ်နယ် ထရမ့်သည် ၎င်း ပြောသလို စစ်ပွဲ ရှစ်ပွဲ ကို အဆုံးသတ်ခဲ့သူ မဟုတ်ပေ။ ဂရင်းလန်သည်လည်း ဒိန်းမတ် ပိုင် နယ်မြေ အဖြစ် ရာစုနှစ်ပေါင်း များစွာကတည်းက ရှိ နေခဲ့ပြီး ဖြစ်သည်။ ကျွန်းသားများသည် ဒိန်းမတ် ရွေးကောက်ပွဲ များတွင်လည်း မဲပေးခွင့် ရရှိထားကြသူများ ဖြစ်သည်။

 

ဒိန်းမတ်၏ ဂရင်းလန် အပေါ် အချုပ်အခြာ အာဏာ ပိုင်မှု နှင့် ပတ်သက်ပြီး အထောက်အထား စာရွက်စာတမ်း ပေါင်း များစွာ ရှိနေပြီး ထိုအထဲတွင် အမေရိကန်မှ လက်မှတ် ရေးထိုးထားသည်များလည်း ပါဝင်နေသည်။

 

ထရမ့်သည် ၎င်း၏ ဒုတိယ သက်တမ်း အတွင်း နေတိုး အဖွဲ့ကြီး အတွက် လုပ်ပေးခဲ့သည်ဟူ၍ မရှိဘဲ အမေရိကန်၏ အကျိုးစီးပွား အတွက်သာ အသုံးချခဲ့သည်က များပေသည်။

 

နေတိုး အဖွဲ့ဝင်များက ၎င်းတို့၏ ကာကွယ်ရေး စရိတ်ကို တိုးမြှင့်လာခဲ့လျင်လည်း ရုရှား တို့ ခြိမ်းခြောက် လာနေပြီဟု ယူဆ၍သာ ဖြစ်သည်။

 

တကယ်တမ်း အရေးကြီးသည်က စာတွင် သုံးနှုန်းထားသည့် စကားလုံး များ မဟုတ်ဘဲ၊ ၎င်းပေးချင်သည့် ဆိုလိုရင်း သတင်းစကားပင် ဖြစ်သည်။ ထရမ့်သည် ယခုအခါ လက်တွေ့နှင့် ထူးခြားဆန်းပြားစွာ ကွဲပြားနေသည့် တခြားကမ္ဘာတစ်ခုထဲ တကယ်ပင် ရှင်သန်နေထိုင်နေသူ ဖြစ်လာ‌သည်။ ၎င်း နေထိုင်နေရာ ကမ္ဘာထဲတွင်... သဒ္ဒါစည်းမျဉ်းများ၊ သမိုင်းဖြစ်ရပ်မှန်များ၊ လူသားချင်း ဆက်ဆံရေးတွင် ရှိရမည့် ပုံမှန်ကျင့်ဝတ်များ မရှိ။ ထို့အပြင် နိုဘယ်လ်ဆု အပေါ်တွင်လည်း ကျန်းမာရေး ထိခိုက်လုမတတ် စိတ်ကယောင်ချောက်ခြားဖြင့် အရူးအမူး စွဲလမ်းသူ ဖြစ်နေသည်။

 

နိုဘယ်လ် ဆု အား နော်ဝေး အစိုးရက ပေးသည်လည်း မဟုတ်၊ ဒိန်းမတ် အစိုးရကလည်း ပေး နေခြင်းမဟုတ်၊ နော်ဝေး နိုဘယ်လ် ဆု ရွေးချယ်ရေး ကော်မတီ မှ ပေးခြင်းသာ ဖြစ်သည်။ ယခုအခါ ထရမ့်သည် နိုဘယ်လ် ဆု မရမှု ကို နော်ဝေး အစိုးရ အား အပြစ်ဖို့‌ နေပြီး ဂရင်းလန် ကို ကျုးကျော်ရန် အကြောင်းပြချက် အဖြစ် အသုံးချလာနေသည်။

 

ထိုစကားများက ဥရောပနှင့် အမေရိကန်အကြား နှစ်ဖက် ထိခိုက်လာမည့် ကုန်သွယ်ရေး စစ်ပွဲ ကြီး နှင့် ဂရင်းလန် အား အမေရိကန်တို့ ဝင်ရောက် သိမ်းပိုက်လာမည့် အရေး သို့ ဦးတည်လာ နေသည်။ အကယ်၍ ဂရင်းလန် မြို့တော် နုခ် သို့ အမေရိကန် မရိမ်းတပ်များ ရောက်လာသည် ဆိုက ဒိန်း များသာမက အမေရိကန် တပ်သားများလည်း အသက်ဆုံးရှုံးရဖွယ် ရှိ‌နေသည်။ ထိုအခါ ဘာ‌ တွေ ဖြစ်လာမည်နည်း။ 

 

ကျူးကျော်သူများက ရုရှားများ ဖြစ်မည်ဆိုက နိုင်ငံရေး သမားများကို ထောင်သွင်း အကျဉ်းချ မည်၊ ပြီးလျင် လူဆိုးလူမိုက်များကို အုပ်ချုပ်ခိုင်းမည်၊ လမ်းပေါ်တွင် ဒိန်းမတ် စကား ပြောသူများကို ပစ်ခတ်မည်၊ ကျောင်း သင်ရိုးစာအုပ်များကို ပြောင်းပစ်မည်၊ အတုအယောင် လူထု ဆန္ဒခံယူပွဲ လုပ်ပြီး ၎င်းတို့ သိမ်းယူမှု ကို အတည်ပြု သယောင် ဖန်တီးမည် အစရှိသည်တို့ လုပ်လာမည်က ကြိမ်းသေနေသည်၊ သို့ဆိုက အမေရိကန် တို့လည်း ထိုကဲ့သို့ လုပ်ကြမည်လော၊ ထိုကဲ့သို့ လုပ်ရန် မရည်ရွယ်က အဘယ်သို့များ လုပ်ကြဦးမည်နည်း။

 

မဟာမိတ် အဖွဲ့ဝင် ဖြစ်သော ဂရင်းလန်ရှိ ဒိန်း တို့အား အတင်းအကျပ် အမေရိကန် နိုင်ငံသား ခံယူ ခိုင်းမည်လော။

 

ပြီးခဲ့သည့် တစ်နှစ်ပတ်လုံး ကမ္ဘာတစ်ဝန်းက အမေရိကန် မဟာမိတ်နိုင်ငံများသည် ထရမ့်၏ အပြုအမူများကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည့် သီအိုရီ တစ်ခုခုကို ရှာဖွေဖို့ အသည်းအသန် ကြိုးစားခဲ့ကြသည်။ 

 

၎င်းတို့တွေ့ရှိလာသည်က သီးခြားနေထိုင်ရေးဝါဒ၊ နယ်ချဲ့လက်သစ် ဝါဒ၊ အာဏာရှင်ဆန်သည့် ဆွေမျိုးကောင်းစားရေးဝါဒ အစ ရှိသည့် စကားလုံးများသာ ဖြစ်ပေသည်။ နောက်ဆုံးတွင်တော့ ထရမ့် ကိုယ်တိုင်ကပင် ထရမ့် လမ်းစဉ် Trump doctrine ဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကြိုးစားချက်အားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည်။ 

 

ထရမ့်သည် ၎င်း၏ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင်သာ ပိတ်မိနေပြီး... နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် စိတ်ကူးယဉ်ပြိုင်ပွဲပဲဖြစ်ဖြစ်၊ မင်နီယာပိုလစ်မြို့တွင် မျက်နှာဖုံးစွပ် လက်နက်ကိုင်တပ်ဖွဲ့ များကို ကန့်ကွက်နေသည့် ကလေးအမေတစ်ယောက်၏ ဆန္ဒပြမှုပဲဖြစ်ဖြစ်၊ ရင်ဆိုင်ရသမျှ အခြေအနေတိုင်းမှာ 'အနိုင်ရ' ဖို့ကိုပဲ အစွဲအလမ်းကြီးစွာ ဆုံးဖြတ်ထားသူ ဖြစ်နေသည်။ ထိုသို့ အနိုင်ရဖို့ အရေးသည် မည်သို့သော ရေရှည်မဟာဗျူဟာမျိုးထက် မဆို ပိုပြီး အရေးကြီး ပုံ ရနေသည်။ ထို့အတွက် အမေရိကန်ပြည်သူများ၏ ကြီးပွားချမ်းသာရေး၊ လူနေမှုဘဝ ကောင်းမွန်ရေးထက်... ၎င်းကိုယ်၎င်း 'အောင်နိုင်သူ' အဖြစ် ထွက်ပေါ် လာနိုင်ဖို့သည်သာ အဆပေါင်းများစွာ ပိုလို့ အရေးပါနေသည်။

 

ထရမ့် နှင့် အနီးကပ် ရှိနေသူ များ အနေနှင့် ၎င်းကို တားဆီးနိုင်မယ့် နည်းလမ်းများကို ရှာဖွေကြရ ပေတော့မည်။ ပထမ သမ္မတသက်တမ်းတုန်းက တချို့လူများ လုပ်ခဲ့ကြဖူးသလိုမျိုး ဖြစ်သည်။ ယခုအခါတွင်တော့ လက်ရှိ လူများကိုယ်တိုင်ကပဲ အဂတိလိုက်စားလွန်း၍လော သို့မဟုတ် အာဏာမက်လွန်းနေခြင်း‌ ကြောင့် လော၊ မည်သူမျှ တားဆီးဖို့ ကြိုးစားပုံ မရ တော့။ ကွန်ဂရက်လွှတ်တော်ထဲက ရီပတ်ဘလစ်ကန် အမတ်များသာ နောက်ဆုံးခံတပ်အဖြစ် ကျန်ရှိနေ တော့သည်။ 

 

၎င်းတို့သည် ထရမ့် အနေနှင့် ဂရင်းလန်းကျွန်း စိတ်ကူးယဉ်အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ပြီး အမေရိကန်၏ အကျိုးစီးပွားများ အပြီးအပိုင် ပျက်စီးအောင် လုပ်နေသည်ကို တားဆီးဖို့ အမေရိကန်ပြည်သူများနှင့် ကမ္ဘာကြီးအပေါ် တာဝန်ရှိလာ‌ နေသည်။

 

ထရမ့်သည် ဥရောပရှိ မိတ်ဆွေနိုင်ငံ များကိုသာ မက အိန္ဒိယနိုင်ငံကိုပါ စိမ်းကားသွားအောင် လုပ်နေသည်။ အိန္ဒိယခေါင်းဆောင်က ၎င်းကို နိုဘယ်လ်ဆုအတွက် အမည်စာရင်း မတင်ပေးခဲ့ဟု ဆိုကာ လျစ်လျူရှု နှိမ့်ချ ဆက်ဆံခဲ့သည်။ အလားတူပင် တောင်ကိုရီးယား၊ ဂျပန် နှင့်သြစတြေးလျနိုင်ငံ များနှင့်လည်း အဆင်မပြေဖြစ်လာသည်။ 

 

နှစ်ပေါင်းများစွာ အကျအန တည်ဆောက်ထားခဲ့ရသည့် သံခင်းတမန်ခင်းများ၊ ဒေါ်လာဘီလီယံပေါင်းများစွာ တန်သည့် ကုန်သွယ်ရေး များသည် ယခုဆိုက အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ဤသည်ကလည်း ထိုကဲ့သို့ ဖြစ်လာနေသည့် အခြေအနေများကို ကောင်းစွာ သိထားပြီး ဖြစ်ပါလျက်နှင့် အထက်လွှတ်တော် နှင့် အောက်လွှတ်တော် အမတ်များက ၎င်းတို့ရှိအာဏာကိုသုံးပြီး တားဆီးဖို့ ငြင်းဆန်နေကြခြင်းကြောင့်ပင် ဖြစ်သည်၊ ထိုသို့ မဟုတ်ဟု ‌ဆိုက အခုအချိန်သည် ၎င်းကို တားဆီးဖို့ အသင့်တော်ဆုံး အချိန်ပင် ဖြစ်သည်။

 

( ယခု အခါတွင်တော့ ဥရောပ နိုင်ငံများ၏ ညီညွတ်စွာ ရပ်တည်လာခဲ့မှု ကို ကြည့်ပြီး ထရမ့်သည် ဗိုလ်ကျ၍ မရမှန်း သိသွားသည့် အတွက် ဟိုးလေး တကျော်ကျော် ဖြစ်သွားရ‌သည် အထိ နောက်ဆုတ် အလျှော့ပေးသွားခဲ့ရသည်။ နောက်ထပ် သွင်းကုန်ခွန်များ ထပ်မတိုးတော့ပါဟု ကတိပြုလိုက်ရသလို... အလွန်အမင်း လိုချင်တပ်မက်နေသည့် ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ဆွေးနွေးသွားပါမည်ဟု ပြောလာခဲ့ရသည်။ ဆွေးနွေးသည့် အခါတွင်လည်း ၎င်း အရင်က တောင်းဆိုခဲ့သည့် 'အပိုင်ဝယ်ယူရေး' ဆိုသည့် အစွန်းရောက် တောင်းဆိုချက်မျိုး ပါဝင်တော့မည် မဟုတ်‌ ပေ။ တကယ်တမ်းတွင် ၎င်း လက်ခံလိုက်ရသည် များက နေတိုး မဟာမိတ်နိုင်ငံတစ်ခုကို ကျူးကျော် မည်ဟု ခြိမ်းခြောက်နေစရာမလိုဘဲ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ရရှိနိုင်ခဲ့တဲ့ အခွင့်အရေးမျိုး သာ ဖြစ်သည်။)