ရှင်ဇို အာဘေး နေရာကို မည်သူ ဆက်ခံမည်နည်း

by Hla Soewai - Aug 29 2020

တကယ်တမ်းတွင် ဩဂုတ် ၂၄ ရက်နေ့သည် ရှင်တာရို အာဘေး အတွက် အောင်ပွဲခံရမည့် နေ့တနေ့ သာ ဖြစ်သည်။ ဂျပန် ဝန်ကြီးချုပ် အဖြစ် ရက်ပေါင်း ၂,၇၉၉ ရက် ကို ဆက်တိုက် ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သဖြင့် အဖိုးလေး တော်သူ ဆာတို အီဆာကူ၏ စံချိန်ကို ချိုးလိုက်နိုင်သော နေ့လည်း ဖြစ်နေသောကြောင့်ပင်။

 

သို့သော် ထိုသို့ အောင်ပွဲခံရမည့်အစား အာဘေးသည် ထိုနေ့ နေ့လည်ခင်း တွင် တိုကျို မြို့လယ်ခေါင်ရှိ ကေယို ဆေးရုံကြီးတွင် ဆေးကုသ စစ်ဆေးမှုကို ခံယူနေရပေသည်။ သူ၏ ကျန်းမာရေးကြောင့် ၂၀၀၇ ခုနှစ် အတွင်းတွင် ဝန်ကြီးချုပ်ရာထူးကို ရုတ်ခြည်း စွန့်လွှတ်ခဲ့သဖြင့်လည်း ယခုအခါအာဘေး ဆေးရုံရောက်နေမှုနှင့် အတူ ကောလာဟလများက တဟုန်ထိုး ပျံ့လွင့်လာနေခဲ့ပေသည်။ အာဘေးသည် လက်ရှိ၌ အူမကြီးတွင် အနာပေါက်သည့် နာတာရှည် ရောဂါကို ခံစားနေရသည်။ သို့သော် ထွက်ပေါ်လာသော ဆေးဝါး အသစ်ကြောင့် သူ၏ ရောဂါကို ထိန်းချုပ်နိုင်စွမ်း ရှိလာသဖြင့် ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးချုပ် အဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

ဂျပန် မီဒီယာများကတော့ ဝန်ကြီးချုပ်၏ လမ်းလျှောက်ပုံ နှေးလာ၊ မလာ၊ ဆိုသည်ကိုပင် အသေးစိတ် စောင့်ကြည့်နေခဲ့ကြသည်။ ထို့အတွက် ယခင်က သူ၏ ရုံးခန်း အပြင်ဖက် စင်္ကြန်လမ်း ကို ၁၈ စက္ကန့် ကြာအောင် လျှောက်ခဲ့ရာမှ ပြီးခဲ့သည့် ဧပြီလမှစ၍ ၂၁ စက္ကန့် အထိ လျှောက်ခဲ့ရသည်ကိုလည်း အတိအကျ တွက်ထုတ်ပြနိုင်ခဲ့သည်။ ဩဂုတ် ၂၄ ရက်နေ့တွင် ဆေးရုံ ရောက်ခဲ့သည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်ဘဲ မကြာသေးမီ အပတ်များ အတွင်းက ရောက်ခဲ့ပြီးလည်း ဖြစ်သည်။

 

တိုကျိုတွင် ကောလာဟလများ ပျံ့နှံ့နေမှု များ ကြားမှ ဩဂုတ်လ ၂၈ ရက်နေ့တွင် အာဘေးသည် မိမိရာထူးမှ နှုတ်ထွက်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ခေါ်ယူပြီး တရားဝင် အသိပေးခဲ့လေသည်။ လက်ရှိတွင် ကပ်ရောဂါ ဆိုးကြီး ကြောင့် ဖြစ်ပေါ်လာနေသော ပြဿနာများကို ရင်ဆိုင် ဖြေရှင်းနေရသည့် စိတ်ဖိစီးမှုများကြောင့် သူ၏ လက်ရှိ ရောဂါ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည့်အတွက် ဖြစ်ကြောင်း၊ သို့သော် ဆက်လက်တာဝန် မထမ်းဆောင်နိုင်လောက်အောင် အခြေအနေများ ဆိုးဝါးနေခြင်းတော့ မရှိသေးဟု ပြောကြားခဲ့သည်။ ယခု ဆုံးဖြတ်ချက်သည်လည်း မည်သူနှင့်မျှ မတိုင်ပင်ပဲ မိမိတဦးတည်း သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပြန်သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကမှ သူ၏ ပါတီဖြစ်သော လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ Liberal Democratic Party (LDP) ခေါင်းဆောင် အဖြစ် ပါတီစည်းမျဉ်း အရ နောက်ဆုံးအကြိမ် ပြန်လည် ရွေးချယ်ခံခဲ့ရပြီး နောက်နှစ် စက်တင်ဘာလတွင် ကုန်ဆုံးမည် ဖြစ်သဖြင့် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပေသည်။ ယခုအခါ အာဘေး၏ ကြေငြာချက်ကြောင့် အာဏာရ ပါတီ အတွင်း နေရာလုပွဲ ကြီး ဖြစ်လာရန်ရှိနေပေသည်။

 

သူ၏ နေရာကို ဆက်ခံရန် နည်းလမ်း သုံးမျိုး ရှိနေသည်ဟု ဆိုသည်။ ပထမနည်းလမ်းသည် ဝန်ကြီးချုပ် ဆေးကုသခံယူနေစဉ် သို့မဟုတ် ဆက်လက်ပြီး တာဝန်ထမ်းမဆောင်နိုင်ခဲ့လျှင် လက်ရှိ ဒုတိယ ဝန်ကြီးချုပ် အာဆို တာရိုက ဆက်ခံရမည် ဖြစ်သည်။ ဒုတိယ နည်းသည်က အာဘေး စောစီးစွာ ရာထူးမှ နှုတ်ထွက်သွားလျှင် ပါတီမှ လူစားထိုးပြီး သက်တမ်းပြည့်သည့်အထိ ဆက်လက်တာဝန်ယူစေမည်။ ထိုအခါ ပါတီတွင်း လက်ရှိ ပါတီ အမတ်များနှင့် ပင် အရေးပေါ် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ တတိယ အဖြစ် အာဘေးသည် သက်တမ်းပြည့်နေကာ ရွေးကောက်ပွဲ ကို ခေါ်ယူနိုင်ခြင်းပင် ဖြစ်သည်။

 

သို့သော် တတိယ နည်းလမ်း ဖြစ်သည့် ပါတီတွင်း အစည်းအဝေးဖြင့် ရွေးချယ်ရန် ရက်သတ္တပတ် အနည်းငယ်အတွင်း ပြုလုပ်ရန် ရှိနေသည်။

 

လက်ရှိ အတိုက်အခံ ပါတီနှစ်ခု ဖြစ်သော ဖွဲ့စည်းပုံ ဒီမိုကရက် ပါတီ နှင့် ဒီမိုကရက် ပါတီ နှစ်ခုတို့ ယခုလ အစောပိုင်းက ပေါင်းစည်းခဲ့သော်လည်း အာဏာရပါတီကြီးကို ယှဉ် နိုင်ရန် အင်အား ချည့်နဲ့နေဆဲ ဖြစ်သည်။ သို့သော် LDP သည် ၎င်းတို့ အချင်းချင်း စနစ်တကျ မစုရုံးနိုင်မီ စောစောစီးစီး ရွေးကောက်ပွဲ ခေါ်ယူရန် အားသန်နေကြသည်။ အာဘေး အဖို့ သူ၏ နောက်ဆုံးပိတ် အထိမ်းအမှတ် အဖြစ် တိုကျို အိုလံပစ် ပွဲတော်ကြီးကို ကျင်းပရန် ရည်မှန်းထားသော်လည်း ကိုဗစ်-၁၉ ကြောင့် ဖြစ်လာနိုင်မည် မဟုတ်တော့ပေ။

 

အားလုံးကလည်း နိုဝင်ဘာလ တွင် ဒေါ်နယ် ထရန့် အရွေးခံရမည် ဆိုလျှင် ၎င်းအား ပြောနိုင်ဆိုနိုင်မည့် ခေါင်းဆောင် ဖြစ်သော အာဘေး အား ဝန်ကြီးချုပ် အဖြစ် ဆက်ရှိနေစေချင်ကြပြန်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ကြောင့် ဂျပန် စီးပွားရေးသည် ဇောက်ထိုးမိုးမျှော် ထိုးကျလာခဲ့ပြီး ယခုနှစ်၏ ဒုတိယ လေးလပတ်တွင် ၇.၈% ထပ်မံ ကျဆင်းသွားခဲ့ရပြန်သည်။ လက်ရှိ အာဘေး အစိုးရအား လူကြိုက်များမှုသည် ၃၄% သာ ရှိသည်။

 

LDP ၏ ပါတီမူဝါဒ ရေးရာ အကြီးအကဲ ကီရှီဒါ ဖူမီရိုသည် လောလောဆယ်တွင် သူ့နေရာအား ဆက်ခံရန် အာဘေး၏ သဘောအကျဆုံး ပုဂ္ဂိုလ် ဖြစ်နေသည်။ မဲဆန္ဒရှင်များကတော့ အလယ်အလတ် သဘောထားရှိပြီး တာဝန်ကျေပြွန်သူဟု ယူဆသော်လည်း ၎င်းတို့၏ ယုံကြည်မှုကို တိုးပွားအောင် လုပ်ပေးနိုင်သူ အဖြစ် မယူဆခဲ့ကြပြန်ပေ။ ထို့အတွက် အာဘေး အား ဝေဖန်နေခဲ့သူ ယခင် ကာကွယ်ရေး ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီး လုပ်ခဲ့သူ အီရှီဘာ ရှီဂျီယူ လည်း ရှားရှားပါးပါး ရှေ့သို့ ရောက်လာခဲ့သည်။ သူအား အောက်ခြေ ပါတီဝင်များက အပြည့်အဝ ထောက်ခံခဲ့ကြသည်။ သို့သော် LDP အမတ်များကတော့ သဘောမတွေ့ ဖြစ်နေသည်။ ထို့အတွက် အာဘေးသည် ရှီဂျီယူ ဝန်ကြီးချုပ် ဖြစ်လာမည့် အရေးကို ကာကွယ်ရန် ပါတီလုံးဆိုင်ရာ သဘောထား ဆန္ဒကောက်ယူသည့်ဖက်ကို ရောက်မသွားပဲ လက်ရှိ ပါတီတွင် ပါလီမန် အမတ် များ ၏ မဲ များ နှင့် အရေးပေါ် ရွေးချယ် နိုင်မည့် လမ်းကို နှစ်သက်ခဲ့ပုံရသည်ဟု နိုင်ငံရေး စာစောင်တခု ဖြစ်သော Tokyo Insideline ၏ အယ်ဒီတာ တိုရှီကာဝါ တာကာအိုမှ သူ၏ အယူအဆကို ရေးသားလာခဲ့သည်။

 

လက်ရှိ ကက်ဘိနက် အတွင်းဝန်ချုပ် ဆူဂါ ယိုရှီဟိုက်၊ ကာကွယ်ရေး ဝန်ကြီး ကိုနို တာရို နှင့် နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆု မူတဲဂီတို့သည်လည်း ဖြစ်နိုင်ဖို့ အလားအလာ နည်းပါးနေသော်လည်း ဝန်ကြီးချုပ် ရာထူးကို မျှော်မှန်းနေကြသူများ ဖြစ်သည်။

 

သူတို့အားလုံးသည် ဝါဒရေးရာ တွင် အငြင်းပွားမှု မရှိကြသော်လည်း လုပ်နည်းလုပ်ဟန်များနှင့် ဗျူဟာပိုင်းတွင် သဘောကွဲလွဲနေကြသည်။ LDP ၏ အလယ် သဘောထားရှိသူ ကီရှီဒါသည် အာဘေးအတိုင်း ဆက်လက်ဆောင်ရွက်သွားမည့် လူ ဖြစ်သည်။ အီရှီဘာကတော့ ဘဏ္ဍာရေး ပိုင်းတွင် ရှေးရိုးစွဲ ရှိပြီး စစ်စီသူလည်း ဖြစ်သည်။သို့သော် လောလောဆယ် ကိုဗစ် ကြောင့် သူ၏ သဘောထားများကို ဘေးချိတ်ထားရဖို့ ရှိနေသည်။ ဆူဂါ ကတော့ အာဏာကို အောက်ခြေနှင့် ခွဲဝေသုံးရန် လိုလားသူ ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီး ကိုနိုသည် ဝါဒရေးရာတွင် ဆန်းသစ်သော အယူအဆ ရှိသူ ဖြစ်၍လည်း နျူကလီးယားစွမ်းအင် ကို အသုံးချရေးတွင် ပါတီ နှင့် သဘောကွဲလွဲနေသူ ဖြစ်သည်။ ထို့ပြင် ဂျပန် ဘုရင်ထီးနန်းကိုလည်း အမျိုးသမီးများ ဆက်ခံနိုင်ခွင့်ကို ထောက်ခံသူ ဖြစ်နေပြန်သည်။

 

မည်သို့ပင် ဆိုစေ ဝန်ကြီးချုပ် အသစ် ရွေးချယ်ရေးသည် ပုဂ္ဂိုလ်ရေး နှင့် ပါတီတွင်းရှိ ဂိုဏ်းကွဲများ၏ အင်အား များ ပေါ်သာ မူတည်နေပေသည်။

 

ရှင်တာရို အာဘေး အား ဆက်ခံသူ မည်သူ မဆို အဆမတန် တင်ရှိနေသော ကြွေးများ၊ နည်းပါးလာနေသော လူဦးရေ နှင့် ဆယ်စုနှစ်ပေါင်း များစွာ တုန်ချိတုန်ချိ ရွေ့လျားနေသော စီးပွားရေး အစရှိသည့် ပြဿနာများကို ရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော် အာဘေး ဖန်တီးရယူခဲ့သည့် အာဏာအား ပိုမို ချုပ်ကိုင်ထားနိုင်မှုကို ဆက်ခံနိုင်မည်လည်း ဖြစ်သည်။ အာဘေးသည် သူ၏ ရှည်လျားသော သက်တမ်း အတွင်း ဆုံးဖြတ်ချက်များကို ဗဟိုမှ ချုပ်ကိုင်ထားနိုင်အောင် ပြုလုပ်နိုင်ခဲ့ခြင်း၊ အမျိုးသား လုံခြုံရေး ကောင်စီကို တည်ထောင်ခဲ့ခြင်း နှင့် အာဏာကို ဗျူရိုကရေစီ ပိုင်းမှ ဖဲ့ထုတ် နိုင်ခဲ့ခြင်း တို့ လုပ်နိုင်ခဲ့သည်။

 

ဂျပန်သည် ရှင်တာရို အာဘေး ဝန်ကြီးချုပ် အဖြစ် ပြန်လည် အရွေးမခံရမီ ဝန်ကြီးချုပ် ခြောက်ဦးတိတိ ကို ဆယ်စုနှစ် တခု အတွင်း ပြောင်းလဲခဲ့ပြီး ဖြစ်သဖြင့် ယခုလို တရုတ်၏ ရန်လိုမှုများ မြင့်တက်လာနေချိန်၊ မရေရာသော အမေရိကန်၏ ခေါင်းဆောင်ပိုင်း အနေအထား နှင့် ကြုံတွေ့နေချိန်များတွင် ယခင်လို ဝန်ကြီးချုပ် အပြောင်းအလဲ မကြာခဏ ပြုလုပ်ရန် မည်သို့မျှ လက်ခံနိုင်ကြတော့မည် မဟုတ်ပေ။

 

ရှင်တာရို အာဘေးသည် ဩစတေးသျှ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန် ပြောသလို အာရှ-ပစိဖိတ် ဒေသ၏ ဝါရင့် ခေါင်းဆောင်ကြီး တဦး အဖြစ် မိမိတို့ စိတ်ဝယ် စွဲထင် ကျန်ရစ်ခဲ့တော့မည်လည်း ဖြစ်ပေသည်။

 

(၂၀၂၀ ဩဂုတ် ၂၈ ရက်နေ့ထုတ် “Who will replace Abe Shinzo after his resignation” နှင့် “Abe Shinzo resigns, leaving formidable problems for his successor” ဆောင်းပါးများမှ ကိုးကား တင်ပြသည်)