တောင်တရုပ် ပင်လယ်အတွင်း ကျရောက်လာသော တရုတ် ဒုံးကျည်များ

by Hla Soewai - Aug 29 2020

ကမ္ဘာတဝှမ်း ကပ်ရောဂါ ဆိုးကြီး ကျရောက်နေပြီး စီးပွားရေးများ ထိခိုက်ပြိုလဲလာနေချိန်တွင် တရုတ်၏ တာလတ်ပစ် ဒုံးကျည်များသည် တောင်တရုတ် ပင်လယ်အတွင်း အကွာအဝေး အတော်လှမ်းလှမ်းထိ ကျရောက်လာခဲ့ပါတယ်။ ၎င်းတို့ အချုပ်အခြာ ပိုင် သည်ဟု ကြေငြာထားသော နယ်မြေများကို မဟာဗျူဟာအရ လွှမ်းမိုးထားနိုင်စွမ်း ရှိကြောင်း သက်သေထူပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

 

တောင်တရုတ်ပင်လယ်အတွင်း တရုတ်က စစ်ရေးလေ့ကျင်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာနေစဉ် အခုလို ပစ်ခတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ တိုင်ဝမ်သည် ၎င်းတို့ပိုင်သောနယ်မြေတခုသာ ဖြစ်တယ် ဆိုတဲ့ ခံယူချက်ကိုလည်း ထပ်မံထင်ဟပ်အောင် ပြုလုပ်လိုက်တာ ဖြစ်တယ်လို့ လည်း သုံးသပ်နေကြပါတယ်။

 

တရုတ် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ဝူကျန်းမှ မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ချင်း မရှိဘဲ မိမိတို့ ကာလကြာမြင့်စွာ စီစဉ်ထားတဲ့ စစ်ရေး လေ့ကျင့်မှု တစိတ်တပိုင်း အဖြစ် တရုတ်၏ အရှေ့မြောက် ပြည်နယ် ကွင်ဒေါင်း မှ တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်လီ ကျွန်းအကြား ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ပဲ ဆိုပါတယ်။

 

ဒီလို ပစ်ခတ်မှုတွေ မလုပ်ခင် တပတ်အလိုမှာ တောင်တရုတ် ပင်လယ်အတွင်း ခရီးသွားလာခွင့် ကန့်သတ်ဇုံကို ကြေငြာလာခဲ့ပါတယ်။ ဒေသတွင်းရှိ အမေရိကန် အရာရှိများကတော့ ဒုံးကျည် လေးစင်း အထိ ကျရောက်လာတယ်လို့ အတည်ပြုခဲ့ကြပါတယ်။ အဆိုပါ ဒုံးကျည်များသည် ပင်လယ်အတွင်း ရွေ့လျားနေတဲ့ ပြစ်မှတ်များကို ထိမှန်အောင် ပစ်ခတ်နိုင်စွမ်း ရှိနေတဲ့ DF-26 နဲ့ DF-21 တာလတ်ပစ် ဒုံးကျည် အမျိုးအစားများ ဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။ DF-21 သည် လေယာဉ်တင် သင်္ဘော ကို ဖျက်စီးနိုင်စွမ်း ရှိနေပါတယ်။ သို့သော်လည်း တည်ငြိမ်သည့်ပြစ်မှတ်၊ ရွေ့ရှားသည့်ပြစ်မှတ်လား ဆိုသည်ကိုတော့ မသဲကွဲလှပါဘူး။ ဤသည်ကပင် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခု အတွင်း စစ်ဖက်ဆိုင်ရာ ခေတ်မီတိုးတက်အောင် ပြုလုပ်နိုင်စွမ်း ရှိခဲ့ပြီ ဆိုတဲ့ သက်သေအထောက်အထားလည်း ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

 

အမေရိကန်တို့ ဖက်က တရုတ်ပိုင်လို့ ကြေငြာထားတဲ့ ရေပြင်များအတွင်း အမေရိကန် လေယာဉ်တင် သင်္ဘော နှစ်စီး ဖြစ်တဲ့ ရော်နယ် ရီဂင် နဲ့ နီမစ်ဇ် တို့ကို စေလွှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ မလေးရှား၊ ဗီယက်နမ် ၊ ဖိလစ်ပိုင်တို့နဲ့လည်း စစ်ရေးအရ နီးကပ်စွာ ဆက်ဆံလာခဲ့ကြပြန်ပါတယ်။

 

ထရန့်အစိုးရကတော့ ဗုဒ္ဓဟူးနေ့က တရုတ်နဲ့ တင်းမာမှုကို အရှိန်ထပ်တိုးမြင့်လိုက်ပြန်ပါတယ်။ အဲ့တာကတော့ တောင်တရုတ် ပင်လယ်အတွင်း သန္တာကျောက်တန်း ကျွန်းစုများရှိ ဆောက်လုပ်ရေး လုပ်ငန်း များတွင် ပါဝင် ပတ်သက်ခဲ့ကြတဲ့ တရုတ် ကုမ္ပဏီ နှစ်ဒါဇင်ခန့်ကို အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အမည်ပျက် စာရင်းထည့်သွင်းလိုက်ခြင်း ပဲ ဖြစ်ပါတယ်။ (ရန်ကုန်မြို့သစ် စီမံကိန်း မှာ ပါဝင်ဖို့ လက်မှတ်ရေးထိုးထားတဲ့ တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီ အများအပြား အမေရိကန်ရဲ့ နာမည်ပျက် စာရင်းထဲ ပါသွားခဲ့ပါတယ်)

 

တရုတ်ကတော့ အမေရိကန် U-2 သူလျှိုလေယာဉ် တစီးသည် ၎င်းတို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် အပေါ်မှ ဖြတ်ပျံသွားခဲ့တယ်လို့ စွပ်စွဲပြီး ဗြောင်ကျကျ ရန်စမှု အဖြစ် ပြောဆိုလိုက်ပါတယ်။

 

အမေရိကန်က ဟာဝိုင်အီ ကမ်းခြေ အလွန်မှာ နိုင်ငံ ၁၀ နိုင်ငံနဲ့ တနှစ် နှစ်ကြိမ် ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု တွေ ပြုလုပ်လျှက် ရှိဆဲ ဖြစ်ပါတယ်။

 

အမေရိကန်ဟာ တရုတ်တို့ လုပ်ရပ်ကြောင့် နောက်တွန့်သွားမှာ မဟုတ်ပဲ တောင်တရုတ် ပင်လယ် အပါအဝင် မိမိတို့ အင်ဒို-ပစိဖိတ် ဒေသအတွင်း သို့ စစ်သင်္ဘော ၃၈ စီး ဦးတည်ခုတ်မောင်းလာနေပြီ လို့ အဆိုပါ စစ်ရေး လေ့ကျင့်မှုကြီးကို ဦးဆောင်နေတဲ့ အမေရိကန် အမှတ် (၃) ရေတပ်မကြီး၏ အကြီးအကဲ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး စကော့ ဒီ ကွန်း က ပြောကြားခဲ့ပါတယ်။ မိမိတို့ အနေဖြင့် အင်ဒို-ပစိဖိတ် ဒေသအတွင်း နိုင်ငံတကာ ဥပဒေ နဲ့ အညီ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ကို ထိန်းသိမ်းနိုင်စွမ်း ရှိရမယ်ဆိုတဲ့ မဟာမိတ်များကို အာမခံတဲ့ အနေနဲ့ “Free and Open Indo-Pacific” (FOIP) ဝါဒ နိုဝင်ဘာ ၂၀ နောက်ပိုင်း မည်သူ သမ္မတ ဖြစ်လာပါစေ ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

အမေရိကန်တို့က အလုပ်နဲ့ သက်သေပြတဲ့ အနေနဲ့ ဩဂုတ် ၁၈ ရက်မှာ အမေရိကန် အမှတ် (၇) ရေတပ်ဌာနချုပ်မှ စစ်ရေးလေကျင့်ရန်ဆိုကာ ဖျက်သင်္ဘော USS Martin ကို တိုင်ဝမ်နဲ့ တရုတ်ကို ပိုင်းခြားထားတဲ့ အလယ်မျဉ်းရဲ့ အနောက်ဖက် ခြမ်းကို ထိုးဖောက် ဝင်ရောက်လာခဲ့ပါတယ်။ အဆိုပါ နယ်မြေသည် တရုတ်တို့ ၏ ရေပိုင်နက် ၁၂ မိုင် အကျော်မှာ ရှိနေတဲ့ အတွက် အမေရိကန်တို့ရဲ့ လုပ်ရပ်သည် နိုင်ငံတကာ ဥပဒေများ နဲ့ ညီညွတ်နေပေမယ့် တရုတ်ကတော့ ၎င်းတို့ရဲ့ အထူးသီးသန့်စီးပွားရေးဇုံ အဖြစ် နိုင်ငံတကာ အသိအမှတ်ပြု မိုင် ၂၀၀ အတွင်း စစ်ရေး အရ ဝင်ရောက်လာမှုကို အပြင်းအထန် ဆန့်ကျင်ပြီး ရန်စကျူးကျော်တဲ့ လုပ်ရပ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

 

အမေရိကန်ကလည်း ရေတပ်ထောက်လှမ်းရေး စစ်လေယာဉ်ဖြစ်တဲ့ Lockheed EP-3E ARIES II သည် တိုင်ဝမ်သို့ ရှားရှားပါးပါး ဝင်ရောက် ရပ်နားလာပါတယ်။ ဒါ့အပြင် ဂျပန် နဲ့ တင်းမာမှု မြင့်တက်လာနေတဲ့ အရှေ့ တရုတ်ပင်လယ်အတွင်းသို့လည်း ရေဒါလှိုင်းကို စုပ်ယူ ပြီး ကိုယ်ပျောက် နိုင်စွမ်း ရှိတဲ့ Stealth ဗုံးကြဲလေယာဉ် နှစ်စီး၊ B-1 Lancers လေးစီး၊ F-15C Eagles တို့ကိုလည်း ဖြန့်ကျက်ချထားလာပါတယ်။ တိုင်ဝမ် ရေလက်ကြားအတွင်းမှာလည်း ယခုထိ ဆယ်ကြိမ် ခန့် ရေတပ်အင်အား ဖြန့်ကျက်မှုတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။

 

ထို့အတွက် တောင် နှင့် အရှေ့ တရုတ် ပင်လယ်ပြင်များ အတွင်း အမေရိကန် တို့ တရုတ်နဲ့ မဟာဗျုဟာအရ အားသာရေး ဆက်လက် ယှဉ်ပြိုင်သွားမယ်ဆိုတာ ပြသနေတဲ့ ထင်ရှားတဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။

 

ဒုံးကျည် လေးစင်း ကျရောက်လာတဲ့ အတွက် ဒေါ်လာ တန်ဖိုး ကတော့ ဂျပန် ယန်းငွေ နဲ့ လဲလှယ်ရာမှာ ထိုးကျသွားပါတယ်။

 

မိမိအမြင်အရ နှစ်ဖက်စလုံး မှ တမင်တကာ စစ်မက်ဖြစ်ပွားအောင် ဦးတည်နေသည့် လုပ်ရပ်ဟု မယူဆပဲ တဦး နဲ့ တဦး အင်အားပြနေကြတာ ဖြစ်ပါတယ်။ တဖက်က အလျော့ပေးလိုက်ရင် ဂုဏ်သိက္ခာ ကျဆင်းတော့မယ့် အနေအထား ဖြစ်နေပါတယ်။ သို့သော်လည်း နှစ်ဖက် စလုံး အငြင်းပွားနယ်မြေ အတွင်း စစ်ရေးအရ နီးကပ်စွာ လှုပ်ရှားနေမှုများကြောင့် အတွက်အချက်မှားမှုကြောင့်ရော၊ မတော်တဆ ဖြစ်ရပ်များကြောင့်ပါ စစ်ပွဲကြီး အသွင် ရုတ်ခြည်း ကူးပြောင်းသွားနိုင်တဲ့ အလားအလာ တွေ လွန်စွာ များပြားနေပြီ ဖြစ်ပါတယ်။

 

ဒီအခါမှာတော့ မိမိတို့ နိုင်ငံအတွင်း ရှိ တရုတ် ရေနံ ပိုက်လိုင်းကြီးနဲ့ ဆက်စပ်နေသောဆိပ်ကမ်းများသည် အမေရိကန်တို့ရဲ့ ပြစ်မှတ်အဖြစ် မလွဲမသွေ ဖြစ်လာဖို့ ရှိနေပါတယ်။

 

ဒီအတွက် တရုတ်တို့ အနှစ်နှစ် အခါကာလက တည်ဆောက်ထားခဲ့တဲ့ ကမ္ဘာမှာ ဒုတိယ အင်အားအကြီးမားဆုံး စီးပွားရေးကြီး နေ့ချင်းညချင်း ပြိုလဲသွားနှိုင်ပါတယ်။ အမေရိကန်အဖို့ကတော့ ကမ္ဘာစစ်ကြီး နှစ်ကြိမ်တိုင် ဆင်နွဲ့ခဲ့ပြီး ဖြစ်ရုံမက ဒေသတွင်း စစ်ပွဲများလည်း အမြဲလို ဆင်နွှဲနေတာကြောင့် အမေရိကန် တပ်တွေရဲ့ စစ်ရေး အတွေ့အကြုံက သာလွန်နေပါတယ်။ တရုတ်တို့ ကတော့ ၁၉၇၈ ဗီယက်နမ် ကို ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်းမှာ ပြည်ပရန်သူများ နဲ့ ထိတွေ့မှု မရှိသလောက် ဖြစ်နေတာ တွေ့ရပြီး ပင်လယ်ကွေ့အတွင်း ပင်လယ်ဓါးပြ နှိမ်နှင်းရေးလောက်မှာသာ ပါဝင်ခဲ့တာမျိုး ပဲ ရှိနေပါတယ်။

 

အမေရိကန် ပြည်မကြီးကို ဝင်ရောက်လာမယ့် တရုတ်ရဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေကို ကာကွယ်ရေးမှာ ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာ ရေရေရာရာ မသိရသေးပေမယ့် ဆယ်စီး ပစ်ရင် တစီးတလေ လွတ်ထွက်သွားနိုင်တာမျိုး ရှိတဲ့ အတွက် အနည်းနဲ့ အများ ဆိုသလိုတော့ ထိခိုက်နိုင်ပါတယ်။ သို့သော် ဂျပန် နဲ့ တောင်ကိုရီယားတို့ လည်း တရုတ်ရဲ့ ပစ်ကွင်းက မလွတ်နိုင်တာတော့ ကြိမ်းသေနေတယ်လို့ သုံးသပ်ရပါတယ်။

 

မည်သို့ပင် ဆိုစေ တရုတ်တို့ အဖို့ ဒီလို အခြေအနေ ပြန်မဖြစ်နိုင်တော့တဲ့ အတွက် ပေးဆပ်ရမယ့် တန်ဖိုးက များလွန်းနေပါတယ်။ ပြည်တွင်းမှာလည်း သံမဏိ လက်ကြီး နဲ့ ဆုပ်ကိုင် အုပ်ချုပ်နေတဲ့ တရုတ် ကွန်မြူနစ် အစိုးရလည်း ပြိုလဲသွားနိုင်ပြန်ပါတယ်။ မိမိတို့ နိုင်ငံအတွက် အနည်းနဲ့ အများ ဆိုသလို ထိခိုက်လာနိုင်တဲ့ အရေးလည်း ဖြစ်တာကြောင့် သတိဝိရိယ နဲ့ စောင့်ကြည့်နေသင့်ပြီး နယ်လှည့် ဆေးကုနေရင်း အချိန်မဖြုန်းသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။

 

ကိုးကား၊။ ၊ The New York Times / Asia Time online