ချေ ၏ ပြောက်ကျားစစ် လက်စွဲ(26)

by Hla Soewai - Feb 09 2026

တိုက်ပွဲတွင် လက်နက် လက်ဝယ် မရှိသော ပြောက်ကျား တပ်ဖွဲ့ဝင်များလည်း ရှိနေတတ်သည်။ ၎င်းတို့သည် ဒဏ်ရာရ သို့မဟုတ် တိုက်ပွဲကျသွားသည့် ရဲဘော် ရဲဖက်များ ၏ ‌သေနတ်များကို အရ ပြန်ယူရခြင်း၊ ရန်သူ့ သေနတ်ကို ကောက်ရခြင်း၊ ဖမ်းဆီးရမည့်သည့် သုံ့ပန်းများ၏ သေနတ်များ သိမ်းဆည်းရခြင်း၊ ဒဏ်ရာရသူများ ကို သယ်ထုတ်ရခြင်း၊ သတင်းပို့ရခြင်း များ လုပ်ကြရသည်။

 

ထို့ပြင် သတိပေးရန် လိုအပ်သည်များကို တတ်နိုင်သမျှ အမြန်ဆုံးအချိန်အတွင်း လက်ဆင့်ကမ်း ပေးပို့နိုင်ရန်အတွက် သံမဏိခြေထောက်များကဲ့သို့ ကြံ့ခိုင်ပြီး တာဝန်သိစိတ် အပြည့်ရှိကြောင်း သက်သေပြပြီးသားဖြစ်သည့် သတင်းပို့ အဖွဲ့ကောင်း တစ်ဖွဲ့လည်း ရှိနေရမည်။

 

တိုက်ပွဲ ဝင်မည့် လူများအပြင် ထိုသို့သော အလုပ်များ အတွက် လိုအပ်သော လူအရည် အတွက်သည် ပုံသေ သတ်မှတ်၍ မရ၊ ယေဘုယျ စည်းမျဉ်း အရ ဆိုလျင် တိုက်ပွဲဝင်သူ ဆယ် ယောက်တွင် နှစ်ယောက် သို့မဟုတ် သုံးယောက်ခန့် လိုသည်။ ထိုလူများသည် နောက်မှ နေ၍ လိုအပ်သည်များ ဆောင်ရွက်ပေးရမည့် အပြင် ဆုတ်ခွာမည့် လမ်းကြောင်းကိုလည်း စောင့်ကြည့်‌ သတင်းပို့ပေးရမည် ဖြစ်သည်။

 

ခံစစ် အနေအထားဖြင့် တိုက်ရသည့်အခါ၊ ဆိုလိုသည်မှာ ကျူးကျော်လာသည့် စစ်ကြောင်းတစ်ခုကို သတ်မှတ်ထားသည့် အမှတ်တစ်ခုထက် ကျော်လွန်မလာနိုင်စေရန် ပြောက်ကျားတပ်ဖွဲ့က ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းသည့်အခါမျိုး ဖြစ်သည်။ ထိုတိုက်ပွဲမှသည် 'စစ်မျက်နှာဖွင့် တိုက်ပွဲ' War of Positions အသွင်သို့ ပြောင်းလဲသွားတတ်သည်။ သို့သော်လည်း တိုက်ပွဲကို စတင်သည့် အခိုက်အတန့်တွင်မူ 'အငိုက်ဖမ်း တိုက်ခိုက်ခြင်း' Element of Surprise ဆိုသည့် အချက်မှာ အမြဲတမ်း ပါရှိနေရမည် ဖြစ်သည်။

 

ဤအခြေအနေမျိုးတွင်၊ ကတုတ်ကျင်းများနှင့် အခြား တည်ဆောက်ထားသော ခံစစ်စနစ်များသည် ဒေသခံ လယ်သမားများ၏ အမြင်တွင် အလွယ်တကူ သိသာထင်ရှားစေနိုင်သဖြင့်၊ ထိုခံစစ်စခန်းများကို မိမိတို့အပေါ် လိုလားထောက်ခံမှုရှိသော နယ်မြေ' အတွင်း၌သာ တည်ရှိနေစေရန် လိုအပ်သည်။

 

ထိုကဲ့သို့ ဖြစ်လာသည့် အခါ အစိုးရဖက်က နယ်မြေ တခုလုံး ကို ပိတ်ဆို့လာတတ်သည်။ ထိုနယ်မြေ များ အတွင်း မှ ထွက်မပြေးဘဲ ကျန်နေရစ်သော လယ်သမားများသည် ၎င်းတို့ အတွက် မရှိမဖြစ် လိုအပ်သည်များကို ပြောက်ကျား တို့ လှုပ်ရှား နယ်မြေ အပြင်သို့ ထွက်၍ ဝယ်ကြ ခြမ်းကြရသည်။

 

မိမိတို့ အတွက် သေရေးရှင်ရေး တမျှ အရေးကြီးနေသော အချိန်မျိုး တွင် ထိုသို့ ထွက်သွားခြင်းသည် အပြင်ရောက်လျင် ရန်သူ စစ်တပ်ကို သတင်းများ ပေးနိုင်၍ အန္တရာယ် ကျရောက်လာတော့မည် ဟု ယူဆ၍ ရနေသည်။ ထို့အတွက် ပြောက်ကျားဖက်မှ အပြင် နှင့် လုံးဝ အဆက်အသွယ် ပြတ်နေဖို့ အသေအချာ စီမံရတော့မည် ဖြစ်သည်။

 

ရန်သူ့တပ်ဦး ရှေ့ပွိုင့် အား ချုံခိုတိုက်ခိုက်နိုင်ရန် ခံစစ်နှင့် ခံစစ်ယန္တရား တစ်ခုလုံးကို အမြဲလို စီမံထားရှိရမည်။ တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ လာနေသူအား မည်သို့မျှ လွတ်မြောက် မသွား‌ အောင် အသေ ပစ်ခတ်ရမည် ဟူသော အချက်သည် စိတ်ဓာတ်ရေးရာအရ အလွန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ရန်သူ့တပ်အတွင်း၌ စိုးရိမ်ထိတ်လန့်မှုကို တဖြည်းဖြည်း ကြီးထွားလာစေပြီး နောက်ဆုံးတွင် မည်သူမျှ ရှေ့ပွိုင့်မှ မသွားချင်တော့သည့် အခြေအနေသို့ ရောက်ရှိသွား‌ စေရန် ဖြစ်သည်။ တပ်ဦးမပါဘဲ စစ်ကြောင်းတစ်ခုသည် ရှေ့သို့ မချီတက်နိုင်‌ သော ကြောင့်လည်း တစ်စုံတစ်ဦးက ထိုတာဝန်ကို မဖြစ်မနေ ယူရမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

 

ထို့အပြင် အခြေအနေပေးလျှင် ရန်သူကို ဝိုင်းပတ်ပိတ်ဆို့ခြင်းများ ပြုလုပ်နိုင်သည်၊ သို့မဟုတ်ပါက ရန်သူ့ဘေးတောင်ပံအား တိုက်ခိုက်ခြင်းကဲ့သို့သော လမ်းကြောင်းလွှဲ စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်သည်၊ သို့တည်းမဟုတ် ရန်သူကို ရှေ့တန်းမျက်နှာစာ၌ပင် တန့်နေအောင် ထိန်းချုပ်ထားနိုင်သည်။ မည်သို့သော အခြေအနေမျိုးတွင်မဆို ရန်သူက မိမိတို့အား ဘေးတောင်ပံမှ ပြန်လည်တိုက်ခိုက်ရန် အသုံးပြုလာနိုင်သည့် နေရာများကိုမူ ကြိုတင်၍ ခံစစ်အခိုင်အမာ တည်ဆောက်ထားရမည်။

 

အထက်တွင် ဖော်ပြခဲ့သော တိုက်ပွဲများ၌ ရှိခဲ့သည်ထက် ပိုမိုများပြားသော ပြောက်ကျားရဲဘော်များနှင့် လက်နက်ခဲယမ်းများကို ရရှိပိုင်ဆိုင်ထားပြီဟု ယူဆ ဆွေးနွေးနေခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်နိုင်သော လမ်းအသွယ်သွယ် ရှိနေနိုင်သည့်အတွက် ထိုလမ်းကြောင်းအားလုံးကို ပိတ်ဆို့ဖြတ်တောက်ရန်မှာ အင်အားအမြောက်အမြား လိုအပ် သော ကြောင့်ပင် ဖြစ်သည်။

 

ရန်သူက တည်နေရာကို သိရှိသွားနိုင်သည့် အတွက် အခိုင်အမာတူးထားသော ကရင်ချောင်း (ဗုံးခိုကျင်း) စနစ်များကို အတတ်နိုင်ဆုံး ကာကွယ် နိုင်ရန်အတွက် သံချပ်ကာယာဉ်များကို တိုက်ခိုက်မည့် ထောင်ချောက်များနှင့် တိုက်ခိုက်မည့် နည်းမျိုးစုံကို ဤနေရာတွင် တိုးမြှင့်လုပ်ဆောင်ရမည်။ 

 

ယေဘုယျအားဖြင့် ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် လိုအပ်ပါက မိမိတို့၏ စခန်း ကို အသက်ပေး၍ ခုခံကာကွယ်ရန် အမိန့်ပေးရမည် ဖြစ်သလို တိုက်ပွဲဝင် ရဲဘော်တိုင်းအတွက် အသက်ရှင်သန်နိုင်မည့် အခွင့်အလမ်း အကောင်းဆုံးရရှိစေရန် အာမခံချက် ပေးထားနိုင်ဖို့လည်း အခြေခံအားဖြင့် အလွန်အရေးကြီးသည်။

 

ရန်သူဖက်က ပစ်ခတ်နေသော လက်နက်ကြီး များ ထိရောက်မှု မရှိစေရန် ၊ကတုတ်ကျင်းကို အဝေးမှ မမြင်နိုင်သည့် နေရာမျိုး တွင် ထားနိုင်လေ ပိုကောင်းလေ ဖြစ်သည်။ စစ်ဆင်ရေးများတွင် အသုံးများသည့် ၆၀.၁ မမ သို့မဟုတ် ၈၅ မမ မော်တာကျည်များသည် သစ်သား၊ မြေကြီးနှင့် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားပြီး အပေါ်မှ ပစ္စည်းများ နှင့် ခိုင်ခန့်‌ အောင် ဖုံးအုပ်ထားသည့် အမိုးများကို ဖောက်ထွင်းနိုင်စွမ်း မရှိပေ။ အရေးအကြောင်း ရှိက အန္တရာယ် ကင်းကင်းဆုတ်ခွာနိုင်မည့် လမ်းကြောင်းကိုလည်း ဖေါက်ထားရမည်။

 

ဆီရာ မေစထာ တောင်တန်း တွင် မိမိတို့ တည်ဆောက်ထားသည့် ခံစစ် အကာအကွယ် ကို ပုံတွင် ပြထားသည်။ ထပ်မံပြီး နောက်ထပ် စီမံချက်ပုံစံ တစ်ခုအား ယခုလို ခံစစ်စနစ်မျိုး ဖြင့် တပ်ဖြန့်နေရာယူထားပုံကို ဖော်ပြထားပါသည်။

 

ဤအချက်ကို ကြည့်ခြင်းဖြင့် ပြောက်ကျားစစ်တွင် ပုံသေသတ်မှတ် ပစ်ခတ် ရမည့် နေရာဟူ၍ မရှိကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ သီအိုရီသဘောတရားမျှသာ ဖြစ်သည်။ 

 

အမှန်တကယ် တည်ရှိနေသည်မှာ ကျယ်ပြန့်သော 'မည်သူမျှ မစိုးမိုး နိုင်‌ သော ဇုန်' No man’s land သာ ဖြစ်သည်။ သို့သော် ပြောက်ကျားစစ်ပွဲတစ်ခုတွင် ထိုနယ်မြေအတွင်း၌ အရပ်သားပြည်သူများ နေထိုင်ကြသည်။ ၎င်းပြည်သူများသည် အင်အားစု နှစ်ဖက်စလုံးနှင့် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်ကြရသော်လည်း၊ အများစုမှာမူ တော်လှန်ရေးအဖွဲ့ကိုသာ ထောက်ခံအားပေးကြသည်။

 

လူများကို တိုက်ပွဲ ဖြစ်ပွားနေသည့် ဇုန် များထဲမှ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းပေး၍ မဖြစ်နိုင်၊ အရည်အတွက် များ နေသည့် အပြင် ရိက္ခာ အတွက်လည်း နှစ်ဖက်စလုံးက အားကိုး နေရသော ကြောင့် ဖြစ်သည်။

 

မည်သူမျှ မစိုးမိုးနိုင်သော နယ်မြေ' အတွင်းသို့ ဖိနှိပ်သည့် အစိုးရတပ်များက ယေဘုယျအားဖြင့် နေ့ဘက်တွင် တစ်ခါတစ်ရံ ဝင်ရောက်ကျူးကျော်လေ့ရှိပြီး၊ ညဘက်တွင်မူ ပြောက်ကျားတပ်ဖွဲ့များက ဝင်ရောက်လှုပ်ရှားကြသည်။ ဤဇုန် သည် ပြောက်ကျားတပ်ဖွဲ့များအတွက် အလွန်အရေးကြီးသော ရိက္ခာနှင့် အထောက်အပံ့ပေးရာ အခြေခံစခန်းတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ဤနယ်မြေအတွင်းရှိ လယ်သမားများ၊ ကုန်သည်များနှင့် အမြဲတမ်းလို အကောင်းဆုံး ဆက်ဆံရေး တည်ဆောက်ထားပြီး နိုင်ငံရေးအရ ပြုစုပျိုးထောင်ထားရမည် ဖြစ်သည်။