ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(18)

by Hla Soewai - Feb 09 2026

ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း 

‌ဆောင် များ

******************

 

(၁၈)

 

သို့သော် ငြားလည်း အီဗီတာ ပီရွန်သည် ထိုညက သူ့အား ထောက်ခံနေသူ များ ကို အသိမပေးပဲ အချက် နှစ်ချက် ကို လျို့ဝှက်သွားခဲ့သည်။

 

ပထမ အချက်သည် သူမ အသက် အန္တရာယ်ကို ခြိမ်း ခြောက်လာ‌ နေသည့် ရောဂါဝေဒနာ နှင့် ကြုံလာရပြီ ဆိုသည်ပင် ဖြစ်သည်။ သမ္မတကတော်သည် မူးမေ့လဲခြင်းနှင့် ပြင်းထန်သော ကိုယ်တွင်း သွေးယိုစီးမှု ဝေဒနာများကို စတင်ခံစားလာရသည်။ အီဗီတာသည် ဆရာဝန်နှင့် ပြသရန် ငြင်းဆန်နေသည့်အတွက် သူမတွင် မည်သည့်ရောဂါ ခံစားနေရသည်ကိုလည်း ရိပ်မိခြင်းမရှိပေ။ သို့သော် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာပြီး သွေးများစွာ ဆက်တိုက် ဆုံးရှုံးနေသည့်အတွက် တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေပြီဆိုသည်မှာ ထင်ရှားလှသည်။

 

အမှန်စင်စစ်တွင်မူ သားအိမ်ခေါင်းကင်ဆာရောဂါသည် သူမ၏ ခန္ဓာကိုယ်အနှံ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေပြီဖြစ်သည်။ ယနေ့ညတွင် ပြောကြားသည့် မိန့်ခွန်းသည် အီဗီတာအတွက် သူမ အသက်ရှင်‌ နေခိုက် နောက်ဆုံးပြောကြားခွင့်ရမည့် မိန့်ခွန်းများထဲမှ တစ်ခု ဖြစ်ပေတော့မည်။

 

ဒုတိယ လျို့ဝှက်ချက်သည်က သူမ နှင့် ခင်ပွန်း ဖြစ်သူ သမ္မတ ဝှမ် ပီရွန် တို့ နှစ်ဦး စလုံး နာဇီ ပါတီ နှင့် နီးနီးစပ်စပ် ပတ်သက်ခဲ့သည် ဆိုသော အချက်ပင် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် စတင် ချိန်တွင် ပီရွန်သည် စစ်သံမှုး အဖြစ် တာဝန်ထမ်းဆောင်နေခဲ့၍ ဂျာမဏီ နိုင်ငံ အနှံ့ ရောက်ဖြစ်ခဲ့သည်။ ထိုအခါ တွင် စစ်ပွဲ ဆင်နွှဲရန် နာဇီတို့ စနစ်တကျ စီမံ ဆောင်ရွက်နေပုံကို တွေ့မြင်ခဲ့၍ အထူး ပင် ချီးကြူး လေးစားနေမိသည်။

 

နာဇီတို့၏ ဂျူး မုန်းတီးရေး ကိုလည်း ထောက်ခံပြီး အာဂျင်တီးနားသို့ ဂျုးများ ရွှေ့ပြောင်း ဝင်ရောက်လာမည့် အရေးကို ဟန့်တားလာခဲ့သည်။

 

ပီရွန်၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ ရိုဒေါဖို 'ရူဒီ' ဖရွိုင်းဒ် သည် နာဇီဝါဒကို ထောက်ခံသူတစ်ဦး ဖြစ်သည်။ သူ၏ဖခင်မှာ ၁၉၄၆ ခုနှစ် ပီရွန်၏ ပထမဆုံးအကြိမ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဂျာမနီမှ ငွေကြေးများကို ပီရွန်ထံသို့ စီးဆင်းရောက်ရှိအောင် လမ်းကြောင်း ဖောက်ပေးခဲ့သူ ဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းလုံးက နုရင်ဘတ် တွင် ခုံရုံးတင်စစ်ဆေးမှုများကို မကောင်းဆိုးဝါး နာဇီများ ၎င်းတို့ပြုခဲ့သည့် ကံ ကံ၏အကျိုးကို နောက်ဆုံးတွင် ပြန်လည်ခံစား နေကြရပြီဟု ရှုမြင်ကြသော်လည်း၊ ပီရွန်ကမူ ထိုခုံရုံးများကို 'အရှက်ရဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်ပြီး လူသားမျိုးနွယ်၏ အနာဂတ်အတွက် စိတ်မချမ်းမြေ့ဖွယ် သင်ခန်းစာတစ်ခု' ဟု ယူဆခဲ့သူ ဖြစ်သည်။

 

ဝှမ် ပီရွန်၏ ကမ္ဘာ အရေး ကို သုံးသပ်ခဲ့ရာ တွင်ထိုထက် ပို၍ ထိတ်လန့်စရာ ကောင်းသည် က ဥရောပ ရှိ သန်း နှင့် ချီသော ဒုက္ခသည်များကို အာဂျင်တီးနား တွင် လာရောက် အ‌ခြေချရန် သွေးဆောင်မည့် လျို့ဝှက် စီမံကိန်းတခုကို ရေးဆွဲလာခဲ့ခြင်းပင် ဖြစ်သည်။ ထိုအထဲ တွင် သိပ္ပံပညာ ကျွမ်းကျင်သူ၊ လက်နက်ခဲယမ်း ဖက်တွင် အတွေ့အကြုံရှိသူများကို ဦးစားပေးခဲ့ယုံမက ၎င်းတို့ လာဖို့ ‌လေယာဉ် လက်မှတ် ပင် ပို့ပေးခဲ့သည်။

 

ဤသို့ဖြင့် ပီရွန်၏ သမ္မတ သက်တမ်း အတွင်း ဂျာမန် သွေး ပါသူ လေးသောင်းခန့် အာဂျင်တီးနား သို့ တဖွဲဖွဲ ဝင်ရောက်လာခဲ့ကြသည်။ ပီရွန်သည် ထိုနည်းဖြင့် ကမ္ဘာအလယ်တွင် စစ်ရေး နှင့် စက်မှု လုပ်ငန်းများ တွင် အာဂျင်တီးနား၏ အဆင့်ကို မြှင့်တင်နိုင်လိမ့်မည်ဟု ယုံကြည်ထား၍ လည်း ဖြစ်သည်။ တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ဂျာမန် စစ်ရာဇဝတ်သားများအား တရားဥပဒေ စက်ကွင်း မှ ရှောင်တိမ်းရာ တွင် လျို့ဝှက် ကူညီ နိုင်ဦးမည် ဖြစ်သည်။

 

ထိုမျှ နှင့် အားမရသေးသော အာဂျင်တီးနား သမ္မတ သည် SS အရာရှိဟောင်းများကို စုဆောင်းပြီး ဥရောပ တခွင် တကွဲတပြားစီ ပုန်းအောင်း နေကြရသော စစ်ရာဇဝတ်သားများ ကို လိုက်လံ ရှာဖွေပြီး အာဂျင်တီးနားသို့ ပြန်ခေါ်လာရန် စေခိုင်းခဲ့ပြန်သည်။

 

ဤသို့ဖြင့် ဝှမ် နှင့် အီဗီဝာာ ပီရွန်တို့သည် ဥရောပ အနှံ့ လက်တံခြေတံများ ဆန့်ထုတ်လာနိုင်ခဲ့ကြသည်။ ဆွစ်ဇာလန်၊ ဘဲလ်ဂျီယံ သာမက ဆွီဒင် နှင့် ဒိန်းမတ် တို့တွင် နာဇီတို့ အတွက် ပြေးလမ်း ဖောက်ပေးနိုင်ခဲ့ကြသည်။

 

၎င်းတို့သည် ဂျာမန် စစ်ရာဇဝတ်ကောင် များကိုသာမက SS တပ်ဖွဲ့ကိုယ်စား ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြသည့် ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံသား သစ္စာဖောက် ရာပေါင်း များစွာ ကိုပါ ပုန်းနေသည့် နေရာများမှ အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့ကြသည်။ ထိုသူများ အာဂျင်တီးနားသို့ ရောက်ရှိလာချိန်တွင် ဘေးကင်းလုံခြုံရာနေရာ ပေးထားရုံမျှမက၊ အခြားနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းဖမ်းဆီးခံရခြင်းမှလည်း ကင်းလွတ်ခွင့် ပေးခဲ့ကြသည်။"

 

ထို့အတွက်လည်း နာဇီ လူသတ်ကောင် တိုင်းက သင်္ဘောပေါ်မှ အာဂျင်တီးနား မြေသို့ ခြေချမိသည်နှင့် ၎င်းတို့ကို မည်သို့မျှ ထိ၍ တို့၍ မရ တော့ဟု အထင် ရောက်လာတတ်ကြသည်။

 

အမှောင်ထုက ကြီးစိုးလာသည် နှင့် အမျှ ဗျူနိုအေးရိစ် မြို့သူ မြို့သားများသည် ၎င်းတို့ အလွန်ချစ်ခင် လေးစားကြသော အီဗီတာ ကို ထင်ထင်ရှားရှား မြင်တွေ့ရရန်နှင့် သူမ၏ အသံကို ပိုမိုကြားနိုင်စေရန် သတင်းစာ စက္ကူများကို လိပ်၍ မီးတိုင်များ ပြုလုပ်ကာ စောင့်ဆိုင်းနေကြဆဲပင် ဖြစ်သည်။ သို့သော် အီဗီတာ သည်ကား နောက်နှစ်လ ခန့် အတွင်း မှာပင် အားနည်းခြင်းမက အားနည်းလာ၍ သူ့မဖာ သူမ မတ်တပ်ရပ် နိုင်စွမ်း မရှိ ဖြစ်လာသည်။ ထိုသို့ နာကျင်မှု ကို သက်သာစေရန် ဦးနှောက်ရှေ့ပိုင်းဖြတ်တောက်ကုသမှု Lobotomy ကို လုပ်ရန် အမှားမှား အယွင်းယွင်း ဆုံးဖြတ်လာခဲ့သည်။ ဝှမ် ပီရွန် ကိုယ်တိုင်ကလည်း ထိုသို့ လုပ်ရန် စီစဉ်လာခဲ့သည်။ 

 

အီဗီတာ၏ သားအိမ်ခေါင်းကင်ဆာ ဝေဒနာ ရင့်လာသည်နှင့်အမျှ သူမ၏ လူထုရှေ့မှောက် ထွက်ပေါ်မှုများသည်လည်း ပုံမှန်မဟုတ်တော့၊တစ်ခါတစ်ရံတွင် မပြောသင့်သည် များကို ပြောဆိုမိတတ်ရာ၊ တဖြေးဖြေး နှင့် ခင်ပွန်းဖြစ်သူ ၏ အာဏာတည်မြဲရေးကိုပါ ခြိမ်းခြောက်လာသကဲ့သို့ ဖြစ်လာသည်။

 

ဦးနှောက်ရှေ့ပိုင်းဖြတ်တောက်ကုသမှု သည် သူမ ခံစားနေရသော ကင်ဆာဝေဒနာ ညှဉ်းပန်းနှိပ်စက်မှုများကို သက်သာစေ သော်လည်း၊ တစ်ဖက်တွင်မူ သူမ၏ ပြင်းပြသော စိတ်အားထက်သန်မှုများကို ထုံထိုင်းသွားစေပြီး ပြောင်မြောက်လှသော မိန့်ခွန်းသံများ သည် လည်း တစ်သက်စာ အပြီးတိုင် တိတ်ဆိတ်သွားတော့မည် ဖြစ်သည်။ သူမသည် ဒုတိယသမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မည် သို့မျှ ဖြစ်လာ‌ တော့ မည် မဟုတ်ပေ။

 

လောလောဆယ် တွင်တော့ အာဂျင်တီးနား နိုင်ငံသားများ ထို အကြောင်းများကို မှန်းဆ သိရှိ နိုင်ကြပုံ မပေါ်ပေ။ အီဗီတာ သည် ဆင်းဆင်းရဲရဲ နေခဲ့ရသည့် အဖြစ်မှ အာဏာသို့ တက်လှမ်း လာနိုင်ခဲ့ပုံကို ကြည့်ပြီး ၎င်းတို့ ကိုယ် ၎င်း တို့ ပြန်မြင်လာကြပြီး သူမအား မိမိတို့ နိုင်ငံ တိုးတက် ထွန်းကားလာတော့မည့် ပြယုဒ် မျက်နှာစာ အဖြစ် ယုံကြည်လာကြသည်။

 

သူမသည် အာဂျင်တီးနားသမိုင်းတွင် 'နိုင်ငံတော်၏ ဝိညာဉ်ရေးရာခေါင်းဆောင်' (Spiritual Leader of the Nation) ဟူသော တရားဝင်ဘွဲ့ထူးကို မကြာမီ ရရှိ တော့ မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်လာသည့် အထိ အီဗီတာ၏ သြဇာအာဏာ သည် ကြီးမားလာခဲ့သည်။

 

အာဂျင်တီးနား ပြည်သူများ နောက်ထပ် မတွေးဆ နိုင်သည် တခုကား နာဇီ စစ်ရာဇဝတ်ကောင် ရာပေါင်းများစွာ ၎င်းတို့ နိုင်ငံထဲ ရောက်ရှိနေကြပြီ ဆိုသည်ပင် ဖြစ်သည်။ ဝှမ် ပီရွန်အနေဖြင့် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသော လူသတ်သမားများကို အစိုးရယန္တရားဖြင့် အပြည့်အဝ အကာအကွယ် ပေးထားနိုင်သော်လည်း၊ ၎င်းတို့ကို လိုက်လံဖမ်းဆီးနေသူများမှာမူ ထိုသူများကို ခြေရာခံမိစေရမည်ဟူသော ပြတ်သားသည့် ဆုံးဖြတ်ချက်ကို လျှော့ချလာခဲ့ခြင်း တော့ မရှိပေ။

 

*******************

 

၁၉၄၆ ဇန်နဝါရီ ၃ ရက် နေ့တွင် ဒီတာ ဗီစလီစီနီသည် နုရင်ဘတ် တရားခွင် တွင် ထွက်ဆိုလာခဲ့သည်။ အရှေ့ ပရပ်ရှား နယ်သား ခန္ဓာကိုယ် သဝဖိုင့်ဖိုင့် နှင့် SS တပ်ရင်းမှုး အဖြစ် စစ်ကြီး အတွင်း ဟန်ဂေရီ၊ စလိုဗက်ကီးယားနဲ့ ဂရိနိုင်ငံ များရှိ ဂျူးများကို အမြစ်ပြတ် ချေမှုန်းသုတ်သင်ရန် အတွက် အပတ်တကုတ် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

 

အသက် အားဖြင့် ၃၄ နှစ်သာ ရှိသေးသည့် SS လက်ပါးစေ ဖြစ်ခဲ့သူသည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အကြီးအကျယ် ကျူးလွန်ခဲ့ သော်လည်း သူကိုယ်တိုင် စီရင်ခဲ့သည့် သတ်ဖြတ်မှု များအတွက် တာဝန်ယူရန် ငြင်းဆန်နေသည်။ သူ့အား အမိန့်ပေးခဲ့သည့် လူများ အပေါ်ကိုသာ အပြစ်ပုံချနေသည်။ တစ်ချိန်က ဗစ်စလီဆီနီ တန်ဖိုးထားခဲ့သည့် 'ငါ့၏ ဂုဏ်သိက္ခာသည် သစ္စာစောင့်သိမှု ဖြစ်သည်"' My Honor Is Loyalty ဆိုသော SS တပ်ဖွဲ့၏ ဆောင်ပုဒ်သည် ယခု အခါတွင် တော့ အသက်အန္တရာယ် မှ လွတ်‌ မြောက်ရေး အတွက် အသည်းအသန် ကြိုးစားနေရချိန် တွင်တော့ မေ့ပျောက်သွားပြီ ဖြစ်သည်။ လက်ရှိတွင် သူသိသည့် တခုတည်းသော သစ္စာတရားသည်ကား မိမိကိုယ် မိမိသစ္စာရှိဖို့ပင် ဖြစ်နေတော့သည်။

 

ကျမ်းသစ္စာဆိုပြီးနောက် တွင် ဗစ်စလီဆီနီ သည် ဂျူးလူမျိုးများကို သုတ်သင်ဖို့ သူ့ကို အမိန့်ပေးခဲ့တဲ့သူ အကြောင်း နုရင်ဘတ် ခုံရုံးတွင် ထွက်ဆိုခဲ့သည်။ ထိုလူသည် ခြေထောက်ခွင်ပြီး လမ်းလျှောက်လျှင် ခန္ဓာကိုယ်ကို ရှေ့နည်းနည်းကိုင်းပြီး လမ်းလျှောက်တတ်သူ ဖြစ်သည်။ လက်ဆွဲနှုတ်ဆက်သည့် အခါတွင်လည်း သူ့လက်များသည် ပျော့ဖတ်ဖတ်နိုင်လှပြီး၊ နဖူးပြင်က မြင့်ကာ ဆံပင်အရောင်သည် ရွှေအိုရောင်ဖျော့ဖျော့ ဖြစ်သည်။ သွားဘက်ဆိုင်ရာ အထောက်အထား ခိုင်လုံစေဖို့အတွက်ဆိုက ထိုလူ့တွင် ရွှေသွားတံတား နှစ်ခုနှင့် သွားဖာထားသည်များ ရှိနေသည်ဟု ဗစ်စလီဆီနီက ကျမ်းကျိန်ထွက်ဆိုခဲ့သည်။ ထိုသို့ သိ‌ နေရခြင်းသည် ကလည်း သူတို့နှစ်ဦးစလုံး သွားဆရာဝန် တဦး တည်း ဆီမှာပဲ ပြခဲ့ကြ၍ ဖြစ်သည်။

 

ဗီစလီဆီနီ ထွက်ဆိုသွားသည့် ပုဂ္ဂိုလ် သည် ဟိုလိုကော့စ် ခေါ် ဂျုးမျိုး ဖြုတ် သတ်ဖြတ်သည့် စီမံချက်၏ ဗိသုကာ စစ်စစ်ကြီးပင် ဖြစ်သည်။ ဂျူးလူမျိုးများကို ဖမ်းဆီးခြင်း၊ ပို့ဆောင်ခြင်းနှင့် သတ်ဖြတ်ရခြင်း များကို အဆိုပါ ပုဂ္ဂိုလ်က မည်မျှလောက် နှစ်နှစ်ခြိုက်ခြိုက် ကျေနပ်အားရနေသလဲဆိုက - 'လူပေါင်း ၅ သန်းရဲ့ သေဆုံးမှုအတွက် ကျုပ် စိတ်မှာ တာဝန်ရှိနေခဲ့တယ် ဆိုတာ စဉ်းစားမိယုံနှင့်ပင် ထူးကဲတဲ့ ကျေနပ်ပီတိမျိုး ဖြစ်မိစမြဲ' ဟု တစ်ခါက ပေါ့ပေါ့ပါးပါးပင် ထုတ်ဖော်ပြောဆိုခဲ့ဖူးကြောင်း ဗီစလီဆီနီက သက်သေထွက်ဆိုခဲ့သည်။