နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(22)

by Hla Soewai - Feb 09 2026

၎င်းတို့ သုံးဦး ပါမလာနိုင်တော့သော်လည်း အခြား အရေးပါသော နာဇီ ခေါင်းဆောင်များသည် မဟာမိတ်များ လက်တွင်းသို့ လက်နက်ချ သို့မဟုတ် ဖမ်းဆီးခံခဲ့ရသည်။ နာဇီ ဒုတိယ ခေါင်းဆောင်ကြီး ရူးဒေါ့ဖ် ဟက်စ်အား ၁၉၄၁ ကတည်းက အင်္ဂလန်တွင် ချုပ်နှောင်ထားခဲ့သည်။ ထိုစဉ်က နာဇီ အစိုးရ နှင့် ငြိမ်းချမ်းရေး ပြုလုပ်ရန် ဗြိတိသျှ ခေါင်းဆောင်ပိုင်း အား နားချ နိုင်လိမ့်မည် ဟု ယုံကြည်ပြီး စကော့တလန်ဖက်သို့ တကိုယ်တော် လေထီးဖြင့် ခုန်ဆင်းလာခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 

ဟားမင်း ဂိုရင်းသည် ၁၉၄၅ မေလ ၆ ရက်တွင် အမေရိကန် တို့ထံ လက်နက်ချခဲ့သည်။ အဖမ်းခံရသည့် ညနေခင်းမှာပင် အမေရိကန် အရာရှိများ နှင့် အတူ တူ သောက်လိုက်စားလိုက် သီချင်း တကြော်ကြော်ဖြင့် ရှိနေခဲ့သည်။ သို့သော် "ကရေးကိုး (ပိုလန် မြို့တော်ဟောင်း) သားသတ်သမား" ဟု အမည်တွင် ခဲ့သည့် ဟန်စ် ဖရန့် ကတော့ လူကြီးလူကောင်း တယောက်ကဲ့သို့ ဆက်ဆံခြင်း မခံခဲ့ရပေ။

 

ဘာဘေးရီယား ရှိ အမေရိကန်စစ်သားများသည် ၎င်းအား ပေ ၇၀ ရှည် တန်းစီထားသည့် စစ်သားတန်း ကြီး ကြားထဲမှ ဖြတ်ပြေးခိုင်းပြီး ညှဉ်းပန်းခဲ့ကြသည်။ ဖြတ်ပြေးသွားစဉ် တစ်လျှောက်လုံးလည်း စစ်သားများက ဝိုင်းပြီး ကန်ကြ၊ ထိုးကြနဲ့ အဆက်မပြတ် ရိုက်နှက်ခဲ့ကြသည်။

 

မေလ ၂၃ တွင် နောက်ဆုံး နာဇီ အစိုးရ ရုံးစိုက်ရာ ဖလန်းစ်ဘော့ခ် မြို့မှ လက်ကျန် နာဇီ ခေါင်းဆောင်များကို အစုလိုက် အပြုံလိုက် ဖမ်းဆီးနိုင်ခဲ့သည်။ ထိုအထဲတွင် ဟစ်တလာ နေရာ ဆက်ခံရန် လျာထားခံရသူ ကားလ် ဒိုးနစ်၊ ဂျာမန် တပ်များ၏ စစ်သေနာပတိချုပ် ဖီးလ် မာရှယ် ဗီလ်ဟန် ကိုင်တဲလ်၊ နာဇီ ပါတီ၏ တွေးခေါ်ပညာရှင် အယ်ဖရက် ရိုစင်ဘတ်ခ်၊ ဂျာမန် စစ်ဆင်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး အယ်ဖရက် ယိုးဒယ်၊ လက်နက်ခဲယမ်း ဝန်ကြီး အယ်ဘတ် စပီယား တို့ ပါဝင်ခဲ့သည်။

 

ဇွန်လ ၂၆ ရက်တွင် ရောဘတ် ဂျက်ဆန်သည် လန်‌ဒန်သို့ ရောက်ရှိလာပြီး အခြား မဟာမိတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နာဇီများကို တရားစွဲဆိုခြင်းသည် (ပြစ်မှုကျူးလွန်စဉ်က ပြဌာန်းထားခြင်းမရှိသော) နောက်ကြောင်းပြန် ဥပဒေများကို ကျင့်သုံးခြင်းဖြစ်သည်ဟူသော ကန့်ကွက်ချက် သို့မဟုတ် ဂျာမန်နိုင်ငံသားများအပေါ် စီရင်ပိုင်ခွင့်အာဏာ မရှိဟူသော ကန့်ကွက်ချက်များကို ဂျက်ဆန် က ခုခံကာကွယ် ချေပ ခဲ့သည်။

"ကျွန်ုပ်တို့ အဆိုပြုနေသည်မှာ လူသားမျိုးနွယ်၏ အစဦး ကာအိန လက်ထက်ကတည်းက ရာဇဝတ်မှုဟု သတ်မှတ်ခဲ့ကြပြီး၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတိုင်း၏ ဥပဒေကျမ်းတိုင်းတွင် ပြဌာန်းထားပြီးဖြစ်သည့် လုပ်ရပ်များကို အပြစ်ပေးရန်သာ ဖြစ်သည်" ဟု တင်ပြခဲ့သည်။

 

ဂျက်ဆန် သည် မဟာမိတ်ကိုယ်စားလှယ်များကို အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့သော်လည်း၊ နာဇီ တို့ အား တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုလုံးအပေါ် ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သော အမေရိကန်တရားရုံးချုပ် တရားသူကြီးအချို့ကမူ သဘောမတူ လက်မခံနိုင်ဖြစ်ခဲ့ကြသည်။

 

တရားသူကြီး ဝီလျံ အို ဒေါက်ဂလပ်စ် က နုရင်ဘတ်တွင် မဟာမိတ်များသည် 'မူဝါဒနေရာ၌ အာဏာကို အစားထိုးအသုံးပြုခြင်း ဆိုသည့် အပြစ်' ကို ကျူးလွန်နေကြသည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။ ၎င်းက ဤဥပဒေသည် 'ထိုခေတ်ကာလ၏ ဒေါသနှင့် ဆူညံအော်ဟစ်မှုများအလိုကျ' ဖြစ်အောင် ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ တရားသူကြီးချုပ် ဟာလန် စတုံးကမူ ပို၍ပင် ပြတ်သားစွာ ဝေဖန်ခဲ့ပြီး နုရင်ဘတ်တရားခွင်ကို 'လိမ်လည်လှည့်ဖြားမှုတစ်ခု' နှင့် 'အဆင့်မြင့် လူဝတ်ကြောင် လက်စားချေပွဲ' ဟု ခေါ်ဆိုခဲ့သည်။ စတုန်း က ဆက်လက်၍ 'နာဇီတွေကို ဘာလုပ်လုပ် ကျွန်တော် ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ဂျက်ဆန်က တရားရုံးတစ်ခုကို ဦးစီးနေပြီး အစဉ်အလာဥပဒေ အတိုင်း လုပ်ဆောင်နေပါတယ်လို့ ဟန်ဆောင်နေတာကိုတော့ ကျွန်တော် မကြည့်ချင်ဘူး' ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

လန်ဒန် ဆွေးနွေးပွဲမှ စစ်ဆေးမည့် တရားရုံးအား "နိုင်ငံတကာ စစ်ခုံရုံး" ဟု ခေါ်ဆိုရန် သဘောတူညီ ခဲ့ကြသည်။ ထို စစ်ခုံရုံး အတွက် အဓိက စစ်ဆေးမည့် တရားသူကြီး တဦးနှင့် အရန် တရားသူကြီး တဦး စုစုပေါင်း နှစ်ဦးစီကို ဗြိတိန်၊ ဆိုဗီယက်၊ ပြင်သစ် နှင့် အမေရိကန်တို့ မှ စေလွတ် တာဝန်ယူသွား စေမည် ဖြစ်သည်။ ၎င်းခုံရုံးသည် ပြင်သစ်တို့ အကြိုက်တွေ့သည့် စုံစမ်းစစ်ဆေးရေး စနစ် Inquisitorial model ကို အသုံးမပြုဘဲ၊ အမေရိကန်နှင့် ဗြိတိန်တို့ ပိုမိုနှစ်သက်သည့် နှစ်ဖက် အပြန်အလှန် လျှောက်လဲတင်ပြသော စနစ် Adversarial system ကို အသုံးပြုခဲ့သည်။

 

"အထက်လူကြီး၏ အမိန့်အရ လုပ်ဆောင်ရခြင်းဖြစ်သည်" ဆိုသည့် အချက်အပေါ် အခြေခံကာ ခုခံချေပခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ ထို့အပြင် "သင်တို့လည်း ဤအတိုင်း လုပ်ခဲ့ကြသည်မဟုတ်ပါလော" (You-did-it-too defense) ဟု ဆိုနိုင်သည့် ခုခံချေပချက်မျိုးကိုလည်း ခွင့်မပြုခဲ့ပေ။ မဟာမိတ်နိုင်ငံများသည် ၎င်းတို့၏ စစ်ဘက်အရာရှိများကို အရှက်ရစေနိုင်မည့် မည်သည့်ကိစ္စမျိုးကိုမဆို ဤတရားခွင်တွင် ဖြစ်ပေါ်လာခြင်း မရှိစေရန် ရှောင်ရှား လို ကြသည်။ (ထို အချက်များကြောင့် တချို့မှ "နိုင်သူက ရှုံးသူကို စီရင်သည့် တရားမျှတမှု" Victor's Justice ဟု ဝေဖန်ခံခဲ့ရသည်။)

 

စစ်ကြီး အပြီး ဂျာမဏီ၏ အခြေအနေသည် ဆိုးရွားနေသော်လည်း ဂျက်ဆန်က စစ်ရာဇဝတ်မှု များကို ဂျာမဏီ နိုင်ငံ အတွင်း မှာသာ စီရင်သင့်သည်ဟု ၎င်း၏ ‌ဆွေးနွေးဖေါ် ဆွေးနွေးဖက်များကို နားချနိုင်ခဲ့သည်။ သို့သော် ၁၉၄၅ တွင် ထိုသို့ တရားစီရင်နိုင်ရန် မပျက်မစီး ဘဲ ကျန်နေသော အဆောက်အအုံ ရှိသော မြို့ဟူ၍ အနည်းငယ်မျှသာ ရှိသည်။ ထိုအထဲတွင် ဟစ်တလာမှ လူထု အစည်းအဝေးများ တခမ်းတနား လုပ်လေ့လုပ်ထ ရှိသည့် နုရင်ဘတ် မြို့လည်း ပါဝင်နေသည်။ ထိုမြို့မှာပင် နာဇီများက ဂျူးများအား ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် ကို ငြင်းပယ်သည့် နုရင်ဘတ် ဥပဒေ ဆိုသည်ကို ပြဋ္ဌာန်းခဲ့ကြသည်။ 

 

ဂျက်ဆန်က ထိုသို့ ဆက်နွယ်နေမှု များကို သဘောကျလာခဲ့သည်။ နုရင်ဘတ်သည် မြို့ အစိတ်အပိုင်း ၉၀ ရာနှုန်း ခန့် ဖျက်ဆီးခံထားရပြီး ဖြစ်သည်။ သို့သော် ကံအားလျှော်စွာပင် တရားရေး နန်းတော်၊ မြို့ရှိ အကောင်းဆုံး ဖြစ်သော ဂရင်း ဟိုတယ်တို့က မပျက်မစီးပဲ ကျန်နေခဲ့သည်။ ထို့အတွက် ဂရင်း ဟိုတယ်သည် တရားရုံး ဝန်ထမ်းများ နှင့် နိုင်ငံတကာ သတင်းဌာနများ အတွက် အခြေစိုက်ရာ စခန်းတခုလို ဖြစ်လာခဲ့သည်။

 

ဩဂုတ်လ တွင် မဟာမိတ် လေးနိုင်ငံမှ ကိုယ်စား လှယ် များသည် နိုင်ငံတကာ စစ်ခုံရုံး ၏ ဥပဒေသများ နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲထားသည့် ပဋိညာဉ် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ခြောက်ရက် အကြာတွင် အဓိက စစ်ရာဇဝတ်သားများ အား သယ်ဆောင်လာသည့် ကုန်တင်လေယာဉ်ကြီး သည် နုရင်ဘတ် မြို့သို့ ဆိုက်ရောက်လာခဲ့သည်။ တာဝန်ရှိ စစ်ဖက် ဝန်ထမ်းများက ၎င်းတို့အား အရေးပေါ် လူနာတင်ကားများ ပေါ်သို့ တင်ပေးလိုက်ကြပြီး တရားရေး နန်းတော်ရှိ အချုပ်ခန်းများထဲ ထည့်လိုက်ကြသည်။

 

တရားခွင် စတင်ရန် သတ်မှတ်ထားသည့် နိုဝင်ဘာ ၃၀ သို့ ချဉ်းကပ်လာသည့် အခါ နုရင်ဘတ် သည် နိုင်ငံတကာ မှ ရောက်လာသူများ နှင့် ပြည့်နှက်လာခဲ့သည်။ အမေရိကန် တရားလို အဖွဲ့ မှ ဝန်ထမ်း ခြောက်ရာကျော် ရှိပြီး ကျန် သုံးနိုင်ငံမှလည်း ရာပေါင်းများစွာ ရှိနေသည်။

 

၎င်းတို့ အားလုံး သည် စစ်ပြီးခေတ်တွင် စုဆောင်းရရှိခဲ့သော စာရွက်စာတမ်းပေါင်း တစ်သိန်းခန့်ထဲမှ တရားခွင်တွင် တင်ပြရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကို ရွေးထုတ်ခြင်းနှင့် သက်သေ ဖြစ်နိုင်ခြေ ရှိသူများကို လူတွေ့မေးမြန်းခြင်းများကို စတင်ဆောင်ရွက်ခဲ့ကြသည်။

 

၎င်းတို့ကိုယ်တိုင် နာဇီများ ဖြစ်ခဲ့ကြသော ဂျာမန် ရှေ့နေများလည်း ရောက်လာကြပြီး ၎င်းတို့ အကျိုးဆောင်ပေးရမည့် နာဇီများကို တွေ့ဆုံ မေးမြန်းလာခဲ့သည်။

 

သတင်းဌာန အသီးသီး မှ စေလွှတ်လိုက်သူများလည်း ဂရင်း ဟိုတယ်တွင် တည်းခိုကြပြီး တရားခွင် နှင့် ပတ်သက်သည့် နောက်ခံ အချက်အလက်များကို စုဆောင်း ရှာဖွေခဲ့ကြသည်။ ထိုသို့ အသီးသီး အလုပ်များနေကြစဉ် တွင် တထောင် နီးပါးခန့် ရှိ အလုပ်သမားများသည် တရားရေး နန်းတော်ကို တက်သုပ်ရိုက် ပြင်ဆင် မွမ်းမံ နေကြပြီ ဖြစ်သည်။