"စက်ရုံက လူတွေလည်း စာမဖတ်တတ် ဖြစ်နေတာ စိတ်မကောင်းစရာပဲကွယ်၊ အမေလည်း ငယ်တုန်းကသာ ဖတ်နိုင်တာ၊ အခုတော့ မေ့ကုန်ပြီ" ဟု အင်ဒရေ ကို အမေ က ပြောပြမိသည်။
"နောက်တခါ ပြန်သင်ပါဦးလား အမေ"
"င့ါအရွယ် နဲ့ကွယ်၊ မင်းက အမေ့ကို နောက်စရာ အောက်မေ့နေလား"
ရုရှားလေးက ဘာမှ ပြောမနေဘဲ စာအုပ်စင် ပေါ်မှ စာအုပ်တအုပ်ကို ဆွဲယူလိုက်သည်။ အဖုံးပေါ် က စာလုံးတလုံးကို ဓါးနဲ့ ထောက်ပြီး အဲ့တာ ဘာလဲ"
"R"
"ဒါကကော"
အမေသည် စိတ်မသက်မသာဖြစ်ကာ စိတ်ထိခိုက်သလို ခံစားလာရပြီး ဒေါသလည်း ထွက်နေမိသည်။ အန်ဒရေး၏ မျက်လုံးများက သူမကို လှောင်ပြောင်နေသကဲ့သို့ ထင်မိသဖြင့် တဖက်သို့ လွှဲနေခဲ့သည်။ သို့သော် သူ၏အသံမှာမူ သူမ၏နားထဲတွင် နူးညံ့အေးဆေးနေပြန်သည်။ အမေသည် သူ့မျက်နှာကို တစ်ချက်၊ နှစ်ချက်ခန့် ခိုးကြည့်လိုက်မိသည်။ သူ၏မျက်နှာထားမှာ စိတ်ရင်းမှန်ပြီး တည်ကြည် လေးနက်နေသည်ကို တွေ့လာရသည်။
ပါးစပ်က မပြုံးချင် ပြုံးချင် ဖြင့် "မင်းက အမေ ကို တကယ်ပဲ စာသင်ပေးချင်တာလား"
"ဘာလို့ မသင်ပေးချင် ရှိရမလဲ၊ ကြိုးစားကြည့်၊ အမေ စာဘယ်လို ဖတ်ရမလဲ ဆိုတာ သိလာတာနဲ့ အလိုလို ခေါင်းထဲ ပြန် ရောက်လာလိမ့်မယ်၊ အံ့ဖွယ်တန်ခိုးဆိုတာ တကယ်မရှိခဲ့ရင်တောင် နစ်နာစရာမရှိပါဘူး၊ တကယ်လို့ ရှိနေခဲ့ရင်တော့ ပိုတောင်ကောင်းသေး။"
"ဒါပေမဲ့ လူတစ်ယောက်ဟာ ဘုရားပုံတော်ကို ကြည့်နေရုံနဲ့တော့ သူတော်စင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ပြောတဲ့ စကား ရှိတယ် မဟုတ်လား။"
အင်း." ဟု လူငယ်ရုရှားလေးက ခေါင်းညိတ်ရင်း ဆိုသည်။
"စကားပုံတွေကတော့ ပေါမှပေါပဲ။ ဥပမာ - 'ဗဟုသုတနည်းလေ၊ အိပ်ရေးဝလေ' ဆိုတာမျိုးပေါ့။ မဟုတ်ဘူးလား၊ စကားပုံဆိုတာတွေက အစာအိမ်ကနေ ထွက်လာတဲ့ အတွေးအခေါ်တွေပဲ။ စိတ်ကို ပိုပြီး ထိန်းချုပ်နိုင်အောင်လို့ လုပ်ထားတဲ့ ဇက်ကြိုးတွေပေါ့။ အစာအိမ်က အနားယူဖို့ လိုသလို၊ စိတ်ကလည်း လွတ်လပ်ခွင့်ကို လိုအပ်တာပဲ။
ကဲ... ဒါက ဘာအက္ခရာလဲ။
"M"
"ဟုတ်တယ်ဗျာ၊ ဘယ်လိုတောင် ကောက်ကောက်ကွေးကွေး ပြန့်ကားနေလိုက်သလဲ။ ဒါကရော ဘာလဲ။
သူမသည် မျက်မှောင်ကြီးကြုတ်ကာ မျက်စိကို အားစိုက်ကြည့်ရင်း မေ့လျော့နေသော အက္ခရာများကို အနိုင်နိုင် ပြန်လည်ဖော်ထုတ်နေရသည်။ ထိုသို့ အားသွန်ခွန်စိုက် ကြိုးစားနေရင်းမှပင် သူမသည် စာလုံးများထဲ၌ စိတ်ပါဝင်စားကာ မိမိကိုယ်ကိုယ်ပင် မေ့လျော့သွားတော့သည်။ သို့သော် မကြာမီမှာပင် သူမ၏ မျက်လုံးများ ညောင်းညာလာခဲ့သည်။ ပထမတွင် ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်ရည်များ ဝေ့တက်လာပြီးနောက်၊ များမကြာမီမှာပင် ဝမ်းနည်းကြေကွဲလာ၍ မျက်ရည်စက်များက စာမျက်နှာပေါ်သို့ တတောက်တောက် ကျလာတော့သည်။
"ငါ စာသင်နေတာပါ..." ဟု သူမက ရှိုက်ကြီးတငင် ဆိုရှာသည်။ "ငါ အဖြစ်က သေခါနီးမှပဲ စာသင်နေရတော့တယ်!"
"မငိုပါနဲ့ အမေရာ" လို့ ရုရှားလေး က ညင်ညင်သာသာ ပြောလိုက်သည်။
"အမေ အခုလို ဘဝမျိုးနဲ့ ရှင်သန်ခဲ့ရတာဟာ အမေ့ အပြစ် မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ဘဝကိုယ် မကောင်းတဲ့ပုံစံနဲ့ ဖြတ်သန်းခဲ့ရတယ်ဆိုတာ အမေ အခုတော့ နားလည်သွားပြီပဲ။ ကျွဲတွေ နွားတွေလို ရှင်သန်နေရ လျက်သား နဲ့ သူတို့ဘဝကြီးကပဲ သိပ်ကောင်းနေသလိုလို ကြွားဝါနေကြတဲ့သူတွေ ထောင်နဲ့ချီပြီး ရှိပါသေးတယ်။
တကယ်တော့ သူတို့ဘဝတွေ ဘယ်လိုများ ကောင်းနေလို့လဲ၊ ဒီနေ့ အလုပ်ပြီးရင် စားကြမယ်၊ မနက်ဖြန် အလုပ်ပြီးရင်လည်း စားကြမယ်၊ ဒီလိုနဲ့ပဲ နှစ်တွေကုန်သွားရော။ အလုပ်လုပ်လိုက်၊ စားလိုက်... အလုပ်လုပ်လိုက်၊ စားလိုက်နဲ့ပေါ့!
ဒါတင်မကသေးဘူး၊ ကလေးတွေ မွေးလာကြတယ်။ အစပိုင်း တော့ပျော်နေကြပေမဲ့ ကလေးတွေ အစားများလာတဲ့အခါမှ စိတ်မရှည်ဖြစ်လာပြီး 'ဟေ့...! မြန်မြန်စား၊ မြန်မြန်ကြီးကြစမ်း! အလုပ်လုပ်ရမယ့်အချိန် ရောက်နေပြီ' ဆိုပြီး ငေါက်ငမ်းကြတော့တာပဲ။ သူတို့က သူတို့သားသမီးတွေကို ဝန်တင်တိရစ္ဆာန်တွေလိုပဲ ခိုင်းစားလာချင်ကြတယ်။
ကလေးတွေ အလုပ်လုပ်နိုင်တဲ့အရွယ်ရောက်တော့လည်း ကိုယ့်ဝမ်းစာအတွက်ပဲ ကိုယ်ရုန်းကန်ကြရပြီး သူခိုးတစ်ယောက်က တန်ဖိုးမရှိတဲ့ တံမြက်စည်းစုတ်ကြီးကို တရွတ်တိုက်ဆွဲသွားသလိုမျိုး သူတို့ဘဝတွေကို အားမလိုအားမရ ဖြတ်သန်းကြရပြန်တယ်။ သူတို့ရဲ့ စိတ်တွေထဲမှာ ဘယ်တုန်းကမှ ကြည်နူးမှုဆိုတာ မရှိခဲ့ဖူးဘူး၊ နှလုံးသားကို နွေးထွေးသွားစေမယ့် အတွေးမျိုးနဲ့လည်း ဘယ်တော့မှ မနိုးထခဲ့ကြဘူး။
တချို့က တောင်းရမ်းစားသောက်သူတွေ အမြဲတမ်း တောင်းနေကြရသလို၊ တချို့ကလည်း သူခိုးတွေလို အခြားလူ တွေ လက်ကနေ အမြဲတမ်း လုယူနေကြရတယ်။ သူတို့ဟာ 'သူခိုးဥပဒေ' တွေကို ပြဋ္ဌာန်းတယ်၊ လူတွေအပေါ်မှာ တုတ်ကိုင်ထားတဲ့သူတွေကို စောင့်ကြည့်ခိုင်းပြီး 'ငါတို့ဥပဒေတွေကို စောင့်ရှောက်ကြ၊ ဒါတွေက ငါတို့အတွက် သိပ်အဆင်ပြေတဲ့ ဥပဒေတွေပဲ၊ ဒီဥပဒေတွေက ငါတို့ကို လူတွေရဲ့ သွေးကို စုပ်ယူခွင့်ပေးထားတယ်!' လို့ ပြောကြတယ်။ သူတို့က လူတွေကို အပြင်ပန်းကနေ ဖိနှိပ်ဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့ လူတွေက ပြန်လည်တွန်းလှန်တဲ့အခါကျတော့ လူတွေရဲ့ အသိဉာဏ်ပညာကိုပါ ချေမှုန်းပစ်နိုင်အောင် စည်းမျဉ်းစည်းကမ်းတွေကို အတွင်းစိတ်ထဲအထိ ရိုက်သွင်းကြတော့တာပဲ။"
ရုရှား လေး သည် စားပွဲပေါ်သို့ တံတောင်ဆစ်နှင့် ထောက်လိုက်ပြီး အမေ့မျက်နှာကို တွေးတောငေးမောစွာ စိုက်ကြည့်ရင်း တည်ငြိမ်အေးဆေး သောလေသံဖြင့် ဆက်ပြောလေသည်။
"လူသားတစ်ဦးရဲ့ ခန္ဓာကိုယ်နဲ့ အသိဉာဏ်ပညာ တွေကို တုတ်နှောင်ထားတဲ့ သံခြေကျင်းတွေကို ရိုက်ချိုးဖျက်ဆီးပေးနိုင်တဲ့သူတွေ ကမှ တကယ့် လူပီသ တဲ့ လူတွေပဲ။ အခုဆိုရင် အမေကိုယ်တိုင်လည်း အမေတတ်နိုင်သမျှ စွမ်းဆောင်ရည်နဲ့ ဒီအလုပ်ထဲကို ပါဝင်လုပ်ဆောင်နေပြီပဲ မဟုတ်လား။"
"အမေ ကို ပြောတာလား... အို... အခုမှပဲ၊ အမေက ဘယ်လိုလုပ်ပြီး တတ်နိုင်မှာတဲ့လဲ"
"ဘာလို့ မတတ်နိုင်ရမှာလဲ အမေ၊ မိုးရေတွေလိုပေါ့၊ မိုးစက် တစက်တိုင်းဟာ မျိုးစေ့ တွေကို ရှင်သန် ကြီးထွားစေ စမြဲ ပဲ မဟုတ်လား၊ အမေ စာတွေ ဖတ်နိုင်လာတဲ့ အခါ..." ဟု ပြောရင်း ရယ်လိုက်ပြန်ပြီး၊ ထိုင်ရာမှ ထကာ အခန်းထဲ လျှောက်နေပြန်သည်။
"ဟုတ်တယ် အမေ၊ အမေ စာဖတ်နိုင်လာအောင် သင်မှ ဖြစ်မယ်၊ ပါဗယ် ပြန်ရောက်လာရင် အံ့အားသင့် သွားအောင် လုပ်ရမယ်"
"အိုး..အန်ဒရုရှား၊ မင်းတို့လို လူငယ် လေးတွေ အတွက် တော့ အရာရာက ရိုးရှင်း လွယ်ကူ နေမှာပေါ့ကွယ်၊ မင်းသာ အမေတို့ အရွယ် ရောက်လာရင် သိလိမ့်မယ်၊ ဒုက္ခတွေကလည်းများ၊ အင်အားကလည်းကုန်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းဆိုတာလည်း ဘာမှမကျန်တော့ပါဘူးကွယ်။"
ညနေစောင်းတော့ ရုရှားလေး အပြင်ထွက်သွားသည် နှင့် အမေသည် မီးခွက်ကို ထွန်းလိုက်ပြီး ခြေအိတ်ထိုးရန် စားပွဲတွင် ထိုင်လိုက်သည်။ သို့သော် မကြာမီမှာပင် ပြန်ထလိုက်ပြန်ပြီး မဝံ့မရဲဖြင့် မီးဖိုချောင်ထဲသို့ လျှောက်သွားကာ အပြင်တံခါးကို ဂျက်ထိုးပိတ်လိုက်သည်။ ထို့နောက် မျက်မှောင်တို့ကို ကြုတ်ကာ ဧည့်ခန်းထဲသို့ ပြန်လာခဲ့သည်။
ပြတင်းပေါက် လိုက်ကာများကို ဆွဲချလိုက်ပြန်ပြီး စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ယူကာ စားပွဲတွင် ပြန်ထိုင်လိုက်သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် စာအုပ်ပေါ်သို့ ငုံ့ကာ နှုတ်ခမ်းများ လှုပ်ရုံလောက်သာ လှုပ်ပြီး စာဖတ်ရန် ကြိုးစားလေတော့သည်။ လမ်းမပေါ်မှ အသံတစ်ခုခု ကြားလိုက်ရတိုင်း သူမ ထိတ်ခနဲ ဖြစ်သွားပြီး စာအုပ်ကို လက်ဝါးဖြင့် အမြန်ပိတ်ကာ နားစွင့်နေတတ်သည်။ ထို့နောက် မျက်လုံးများကို မှိတ်လိုက် ဖွင့်လိုက် လုပ်ရင်း -
"E... Z.. A..." ဟု တိုးတိုးလေး ရွတ်ဆိုနေတော့သည်။
နာရီချိန်သီး၏ တချက်ချက် မြည်သံသည် သေဆုံးသွားတော့မည့် စက္ကန့်ပိုင်းများကို တိကျပြတ်သားသော စည်းချက်များဖြင့် မှတ်တမ်းတင်နေသည်။
ထိုစဉ် တံခါးခေါက်သံ တစ်ချက် ကြားလိုက်ရ၏။ အမေသည် ဖျတ်ခနဲ မတ်တပ်ထရပ်လိုက်ပြီး လက်ထဲမှ စာအုပ်ကို စင်ပေါ်သို့ ထိုးထည့်လိုက်ကာ တံခါးနားသို့ လျှောက်သွားရင်း စိုးရိမ်တကြီးဖြင့် -
"ဘယ်သူလဲ" ဟု မေးလိုက်သည်။
*********************************