တိုင်ဝမ် မှ တရုတ် ကျူးကျော်မှု ကို ရင်ဆိုင်ရန် အသင့်ပြင့်ဆင်လျှက်ရှိ

by Hla Soewai - Sep 01 2020

တိုင်ဝမ်သည် အမေရိကန် ကူညီသည် ဖြစ်စေ မကူညီသည် ဖြစ်စေ တရုတ်၏ ကျူးကျော်လာမှုအား ရင်ဆိုင်ဟန့်တားနိုင်ရန် စစ်တပ်ကို မွမ်းမံ ပြင်ဆင်လျှက် ရှိနေသည်ဟု ဩဂုတ်လ ၃၀ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာကြီး တွင် အကျယ်တဝင့်ရေးသား ဖေါ်ပြခဲ့သည်။

 

ပြီးခဲ့သည့် လအတွင်း အာရှတွင် တရုတ်၏ ရန်လိုမှုများ တိုးမြှင့် ပြုလုပ်လာနေခြင်းနှင့် ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး လှုပ်ရှားသူများ ကို နှိပ်ကွပ်လာမှု များကြောင့် တိုင်ဝမ်တွင် စိုးရိမ်ကြောင့်ကြမှုများ တိုးပွားလာနေခဲ့သည်။

 

လူဦးရေ ၂၄ သန်း ရှိသော တိုင်ဝမ် အဖို့ တရုတ် တို့ ကျူးကျော်လာခဲ့သည်ရှိသော် မိမိတို့ အနေဖြင့် အမေရိကန် အကူအညီ မပါပဲ ရင်ဆိုင်နိုင်မည်လော ဆိုသည်ကို အရေးတကြီး ဆန်းစစ်လာခဲ့ကြသည်။

 

ဇန်နဝါရီလအတွင်း တိုင်ဝမ်၏ စစ်ဦးစီးချုပ် အပါအဝင် အရာရှိ ရှစ်ဦး သေဆုံးခဲ့ရသည့် စစ်ရဟတ်ယာဉ် ပျက်ကျခဲ့မှုနှင့် ပြီးခဲ့သည့် လအတွင်းကလည်း နောက်ထပ် စစ်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့မှုအား ထောက်ပြပြီး တိုင်ဝမ် စစ်တပ်အနေဖြင့် မွမ်းမံ ပြင်ဆင်ရန် အလွန်အမင်း လိုအပ်နေသည်ဟု သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။

 

လက်ရှိ အမေရိကန် နှင့် တရုတ် အကြား ထိတ်တိုက်ရင်ဆိုင် နေမှုတွင် တိုင်ဝမ်သည် အဓိက နေရာမှ ပါဝင်လာနေသဖြင့် တိုင်ဝမ် ခေါင်းဆောင်ပိုင်းက စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် နှင် စစ်အသုံးစရိတ် တိုးမြှင့်ရန် ပြုလုပ်လျက် ရှိသည်။

 

ပြီးခဲ့သည့် အပတ်အတွင်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မှ တိုင်ဝမ် နှင့် အမေရိကန် ကို ရည်ရွယ်ပြီး လက်နက်ခဲယမ်း အစစ်များ ဖြင့် စစ်ရေး လေ့ကျင့်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာခဲ့ကြသည်။ နောက်ဆုံးအနေဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဟိုင်နန်ကျွန်း အနီးမှနေ၍ တောင်တရုတ် ပင်လယ်အတွင်းသို့ တာလတ်ပစ် ဒုံးကျည်လေးစင်း ပစ်ခတ်လိုက်ပြန်သည်။

 

တရုတ် သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း တရုတ် အပေါ် သဘောထား တင်းမာသည့် မစ္စက် ဆိုင်အင်ဝင်း သမ္မတ အဖြစ် ပြန်လည် အရွေးခံခဲ့ရမှု အတွက် စိုးရိမ်မကင်း ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ တရုတ် တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများ တိုင်ဝမ် ပိုင်နက်အတွင်း သို့ မကြာခဏ ဆိုသလို ကျူးကျော် ဝင်ရောက်လာခဲ့ကြသည်။

 

သမ္မတ ဆိုင်အင်ဝင်း သည် ကျူးကျော်တိုက်ခိုက်ခံရပါက တိုင်ဝမ် ရှိ အရံတပ်ဖွဲ့ မှ ထုတ်နှုတ် အသုံးပြုနိုင်ရေးအတွက် စွမ်းရည် ထက်မြက်လာစေရန် ပြုလုပ်လျှက် ရှိသည်။ ကာကွယ်ရေး ဘတ်ဂျက်ကိုလည်း ယမန်နှစ်က ၅% တိုးမြှင့်ထားပြီး ဖြစ်သော်လည်း ၁၀% ထပ်မံ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့အတွက် တိုင်ဝမ်၏ စစ်အသုံးစရိတ်သည် GDP ၏ ၂% ရှိလာသဖြင့် ၁၉၉၀ နောက်ပိုင်း အမြင့်ဆုံးလည်း ဖြစ်သည်။

 

နောက်လာမည့် ဆယ်နှစ်အတွင်း ဒေါ်လာ ၆၂ ဘီလီယံ တန်ကြေးရှိ အမေရိကန် လုပ် F-16 ဂျက်တိုက်လေယာဉ် ၆၆ စီး ဝယ်ယူရန်လည်း အပြီးသတ် သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သည်။

 

“မျက်နှာချို သွေးနေခြင်း ဖြင့် နိုင်ငံကို ကာကွယ်နိုင်မည် မဟုတ်ဟု” ဇူလိုင်လ အတွင်းက စစ်ရေးလေ့ကျင့်နေသည့် ကမ်းခြေသို့ စစ်ဝတ်စုံ အပြည့်ဖြင့် ရောက်လာသော သမ္မတ မစ္စက် ဆိုင်အင်ဝင်း က ပြောသွားခဲ့သည်။ (ပုံတွင်ရှု)

 

တရုတ်ကို ရန်စကားများ ပြောနေသော်လည်း နိုင်ငံ၏ စစ်တပ်ကို လုံလောက်အောင် ပံ့ပိုးမှု များ လုပ်မပေးခဲ့ဟု ဆိုင်အင်ဝင်း အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

 

အမေရိကန် တွင် တိုင်ဝမ်ကို အကာအကွယ်ပေးရန် လိုအပ်သည့် အကူအညီများ ပေးရမည်ဟု ဥပဒေကြောင်းအရ တရားဝင် ပြဠာန်းထားခဲ့ပြီး ဖြစ်သည်။ မကြာသေးမီကပင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး မတ် တီ အက်စပါ က ထပ်မံ ရည်ညွှန်းပြောဆိုသွားခဲ့ပြီး ဖြစ်သည်။ သို့သော် နျူကလီယား လက်နက် တပ်ဆင်ထားသော တရုတ်ပြည် နှင့် မည်မျှ အတိုင်းအတာ အထိ ရင်ဆိုင်သွားမည်ကို ရှင်းရှင်းလင်းလင်း မသိနိုင် ဖြစ်နေသဖြင့် အမေရိကန်အား လုံးဝဥသုံ အားကိုး၍ မရမှန်း တိုင်ဝမ်က ရိပ်စားမိခဲ့ပြီးလည်း ဖြစ်သည်။

 

ယခင် သမ္မတဟောင်း ဖြစ်သူ မာရင်ဂျူး က ဆိုင်အင်ဝင်းသည် အမေရိကန်တို့ ရောက်မလာမီအထိ တောင့်ခံထားရန်သာ ရည်ရွယ် ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့ပြန်သည်။

 

တိုင်ဝမ်သည် အာရှတွင် အင်အား အကြီးမားဆုံး စစ်အင်အား ကို ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း တရုတ်မှ ၎င်းတို့၏ စစ်အင်အားကို အဆမတန် တိုးချဲ့လာခဲ့သဖြင့် တိုင်ဝမ်၏ စစ်အင်အား အနေအထားသည် မပြောပလောက်သည့် အဆင့်သို့ ပြန်လည် လျှောကျသွားခဲ့ရသည်။

 

ယခုအခါ တရုတ်သည် တိုင်ဝမ်အား သိမ်းပိုက်နိုင်ရန် နည်းလမ်း အမျိုးမျိုး ပြင်ဆင်ထားကြောင်း၊ ထိုအထဲတွင် တိုင်ဝမ်အား လေကြောင်း နှင့် ရေကြောင်း မှ ပိတ်ဆို့ထားရေး အပါအဝင် ကမ်းတက် စစ်ဆင်ရေး ဖြင့် ဝင်ရောက် တိုက်ခိုက်ရန်အထိ ပါဝင်နေသည်ဟု ပင်တဂွန်မှ ထုတ်ပြန်သော တရုတ် နှင့် ပတ်သက်သည့် ၂၀၁၉ စစ်ရေးအစီရင်ခံစာတွင် ဖေါ်ပြထားခဲ့သည်။ ထိုသို့ ဖြစ်လာက တိုင်ဝမ်၏ ပထဝီ အနေအထား နှင့် နည်းပညာ သာလွန်မှုများ ရှိနေသော်လည်း အခြေအနေ ယိမ်းယိုင်သွားဖို့သာ ရှိသည်ဟု အစီရင်ခံစာတွင် သုံးသပ်ထားသည်။

 

တိုင်ဝမ်သည် အိုမင်းလာနေပြီ ဖြစ်သည့် တိုက်လေယာဉ်များအား နောက်ဆုံးပေါ် F-16 ဂျက်တိုက်လေယာဉ်များနှင့် အစားထိုးပြီး ကောင်းကင်ပြင်အား စိုးမိုးထားနိုင်ရန် ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။ သို့သော် တိုင်ဝမ်သည် လေယာဉ် တစီးချင်း၊ သင်္ဘောတစီးချင်း၊ တင့်ကား တစီးချင်းတွင် တရုတ်အား ယှဉ်ပြိုင်နိုင်စွမ်း မရှိသော်လည်း အနည်းဆုံး ဟန့်တားနိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်နေသည်။

 

ပင်လယ်ပြင်တွင် မိုင်းများ ချထားခြင်း၊ ရေငုပ်သင်္ဘော များ ဖြင့် တိုက်ခိုက်ခြင်း၊ တရုတ် တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများကို ဒုံးကျည်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဖြင့် ကမ်းခြေသို့ ချည်းကပ်မလာနိုင်အောင် ကာကွယ်သွားမည့်အပြင် အကယ်၍ ဝင်ရောက်လာပါက ပျောက်ကြား စစ်ဆင်ရေး ဖြင့် ပြန်လည် ခုခံသွားရန်လည်း ပြင်ဆင်လျှက် ရှိသည်။

 

ထို့အတွက် လိုအပ်သော စစ်လက်နက် ပစ္စည်းများ အချိန်မီ ဝယ်ယူနိုင်ရန် လိုအပ်လာနေသည်။ နောက်ထပ် ပြဿာနာ တခုက စစ်အင်အား ပင် ဖြစ်သည်။ ယခင် သမ္မတ မာ လက်ထက်တွင် တရုတ် နှင့် ဆက်ဆံရေး ပြေပြစ်လာကာ လူငယ်များ စစ်မှုမထမ်းမနေရ ကို ဖြေလျော့ပေးခဲ့သဖြင့် ၂၀၀၅ တွင် စစ်သည်အင်အား ၂၀၀,၀၀၀ မှ ယခု အခါ ၁၄၀,၀၀၀ အထိ လျော့ကျလာခဲ့သည်။ ထို့အပြင် တိုက်ရည်ခိုက်ရည် ပြည့်ဝသော စစ်သားများ ဖြစ်လာရန် လေ့ကျင့်ပေးနိုင်ရေး အတွက် ဘတ်ဂျက်မှ ခွဲဝေသုံးစွဲရဦးမည်လည်း ဖြစ်သည်။

 

ယခုအခါ လူငယ်များသည် လေးလသာ စစ်မှုထမ်းရန် လိုအပ်ပြီး လေးလပြည့်ပါက အရံတပ်ဖွဲ့ဝင် အဖြစ် ရှိနေရမည် ဖြစ်သည်။ တိုင်ဝမ်သည် အမျိုးသမီးများကို စစ်မှုထမ်းရန် ခွင့်ပြုထားခြင်း မရှိပေ။

 

သမ္မတ ဆိုင်အင်ဝင်း မှ မည်သည့် ဖိအားပေးမှု ကိုမျှ ဦးညွှတ်လိမ့်မည် မဟုတ်ကြောင်း နှင့် အမေရိကန် ပြည်ထောင်စုနှင့်လည်း စီးပွား ဆက်ဆံမှုများကို နက်ရှိုင်းစွာ ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန် အမဲသား နှင့် ဝက်သား တင်သွင်းမှုများ ကန့်သတ်ထားခြင်းအားလည်း ဖြေလျော့ပေးသွားမည်ဟု ပြောဆိုခဲ့သည်။