သီဟ နာဒ က စီအိုင်‌ အေ အကူအညီဖြင့် ခါမေနီ ကို မပြန်လမ်းသို့ ပို့ပေးလိုက်ပြီ

by Hla Soewai - Mar 02 2026

နယူးယောက် တိုင်းမ် သတင်းစာကြီးက စစ်ဆင်ရေး နှင့် နီးစပ်သော သတင်းရပ်ကွက် အား ကိုးကား၍ ယခုလို ရေးသားထားသည်။

 

အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အပေါ် တိုက်ခိုက်မှု စတင်ရန် အသင့်ဖြစ်နေချိန် တွင်၊ စီအိုင်အေ သည် အရေးအကြီးဆုံး ပစ်မှတ် တခု၏ တည်နေရာကို အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်၊ ထိုပစ်မှတ်သည် နိုင်ငံ၏ အဓိပတိ အယာတိုလာ အလီခါမေနီ ပင်ဖြစ်သည်။

 

စီအိုင်အေသည် အယာတိုလာ ခါမေနီ ၏ သွားလာသည့် နေရာများနှင့် အမူအကျင့်ပုံစံများကို လပေါင်းများစွာ ခြေရာခံနိုင်ခဲ့သဖြင့် ပိုမိုခိုင်မာသော အချက်အလက်များကို ရရှိလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်များ စုဝေးရာ ဝင်းအတွင်း၌ အီရန် အဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေး တခုကို စနေနေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း စီအိုင်အေ က သိရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါနေရာတွင် အဓိပတိ ကိုယ်တိုင် ရှိနေမည် ဆိုသည်ပင် ဖြစ်သည်။

 

ထို့ပြင် အဆိုပါ အစည်းအဝေးတွင် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ စစ်သေနာပတိချုပ် မိုဟာမက် ပက်ခ်ပေါ၊ ကာကွယ်ရေးဝန်ကြီး အဇစ် နာဆီဇာဒေး၊ စစ်ကောင်စီဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး အလီ ရှမ်ခါနီ ၊ IRGC လေကြောင်းနှင့် အာကာသတပ်ဖွဲ့ တပ်မှူး ဆယက် မာဂျစ် မူဆာဗီ နှင့် ထောက်လှမ်းရေး ဒုတိယဝန်ကြီး မိုဟာမက် ရှီရာဇီ တို့ အပါအဝင် အီရန်၏ ထိပ်တန်း ကာကွယ်ရေးအရာရှိကြီးများ တက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးက အတည်ပြု နိုင်ခဲ့သည်။

 

အမေရိကန်နှင့် အစ္စရေးတို့သည် အဆိုပါ ထောက်လှမ်းရေးသတင်းသစ်ကို အမိအရ အသုံးချနိုင်ရန်အတွက် ၎င်းတို့၏ တိုက်ခိုက်မည့် အချိန်ဇယားကို ညဖက် မှ နေဖက်သို့ ပြင်ဆင်သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

 အစ္စရေးနှင့် အမေရိကန်တို့က စစ်ပွဲအတွက် ပြင်ဆင်နေကြောင်း ရှင်းလင်းစွာ အချက် ပေးနေသည့်အချိန်၌ပင်၊ မိမိတို့ကိုယ်ကို ဘေးအန္တရာယ် မကျ ရောက်စေရန် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ဖို့ ပျက်ကွက်ခဲ့ကြသည့် အီရန်ခေါင်းဆောင်ပိုင်း၏ အားနည်းချက်ကိုလည်း ဖော်ပြနေသည်။

 

ဤသို့ဖြင့် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်၏ အဓိပတိ ခေါင်းဆောင်ကြီး အလီ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းသည် ဒေါ်နယ်ထရမ့် က နာရီ အနည်းငယ်စော၍ ပြောကြားခဲ့သည် ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ 

 

အီကောနော်မစ် မဂ္ဂဇင်းက ရေးသားရာတွင် အီရန်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့သည့် ခါမေနီ သည် သေဆုံးချိန်တွင် ၎င်း၏ရုံးခန်း၌ "တာဝန်များ ထမ်းဆောင်နေစဉ်" ဖြစ်သည်ဟု အီရန်သတင်းများတွင် ဖော်ပြထားသည်။ ထရမ့်ကမူ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အီရန်အစိုးရ ပြောင်းပြစ်ရန် အတွက် ထပ်မံတိုက်တွန်း ခဲ့ပြန်သည်။

 

 ခါမေနီ ကွယ်လွန်မှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အီရန်အစိုးရက နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းကာလ (၄၀) ရက်နှင့် (၇) ရက်ကြာ အမျိုးသားရုံးပိတ်ရက်အဖြစ် ကြေညာခဲ့သည်။ အဓိပတိ၏ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်သော အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကမူ ယခုကဲ့သို့ သတ်ဖြတ်မှုသည် အီရန်နိုင်ငံအနေဖြင့် ၎င်း၏ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းရန် သန္နိဋ္ဌာန် ပိုမို ခိုင်မာစေရုံသာရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။ 

 

တစ်ဖက်တွင်လည်း အီရန်ပြည်သူအမြောက်အမြားသည် တီဟီရန်မြို့နှင့် အခြားမြို့ကြီးများ၏ လမ်းမများပေါ်သို့ ထွက်လာကြပြီး ခါ‌ မေနီ သေဆုံးမှုကို အောင်ပွဲခံ နေကြသည်။

 

အစ္စရေး အရာရှိများ၏ ပြောကြားချက်အရ အဆိုပါ တိုက်ခိုက်မှုများအတွင်း အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူးအပါအဝင် အီရန်အစိုးရ၏ အဆင့်မြင့်အရာရှိကြီးများနှင့် နျူကလီးယားစီမံကိန်း၏ အဓိကတာဝန်ရှိသူများလည်း သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ခါမေနီ၏ မိသားစုဝင်အချို့လည်း သေဆုံးခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြကြသည်။ မူလတန်းကျောင်း တကျောင်းကိုလည်း ထိမှန်ခဲ့၍ လူပေါင်း ၁၄၈ ဦး သေဆုံးသွားသည်ဟု အီရန် အာဏာပိုင်များက ဆိုသည်။

 

အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ၎င်းတို့ခေါင်းဆောင် အသတ်ခံရမှုအတွက် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး တုံ့ပြန်မှုဖြင့် လက်စားချေသွားမည်ဟု ကတိပြုခဲ့သည်။ ထရမ့်ကမူ ထိုသို့သာ ဖြစ်လာခဲ့ပါက အမေရိကန်အနေဖြင့် "တစ်ခါဖူးမျှ မမြင်တွေ့ဖူးသေးသော အင်အားမျိုးဖြင့် ပြန်လည်တိုက်ခိုက်သွားမည်" ဟု သတိပေးခဲ့သည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အီရန်ဖက်မှ ကရုစ် ဒုံးကျည်များ ထပ်မံပစ်ခတ်ခဲ့သဖြင့် အစ္စရေးနိုင်ငံတစ်ဝန်း လေကြောင်းရန် သတိပေးဥဩသံများ မြည်ဟည်းသွားခဲ့သည်။ အမေရိကန် ရေတပ်၏ ပဉ္စမမြောက်ရေတပ်စု အခြေစိုက်ရာ ဘာရိန်းနိုင်ငံတွင်လည်း သတိပေးဥဩသံများ ထွက်ပေါ်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သဖြင့် အမေရိကန် စစ်အခြေစိုက်စခန်းများအပေါ် တိုက်ခိုက်မှုများ ပြန်လည်စတင်လာပြီဟု ယူဆရသည်။

 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက "ပစ်မှတ်ပေါင်း ထောင်ချီ" ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။ တနင်္ဂနွေနေ့အစောပိုင်းတွင် အီရန်နိုင်ငံအပေါ် နောက်ထပ် လေကြောင်းတိုက်ခိုက်မှု အသစ်များကို စတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။

 

အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံသို့ ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါဒုံးကျည်အများစုမှာ ကြားဖြတ်ဟန့်တားခြင်း ခံခဲ့ရသော်လည်း တဲလ်အဗစ် မြို့တွင်း ကျရောက်ပေါက်ကွဲ သွား၍ အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

 

ထို့အပြင် အီရန် ဒုံးကျည်များသည် ပါရှန်ကွေ့တစ်လျှောက်ရှိ ပစ်မှတ်များကိုလည်း ထိမှန်ခဲ့သည်။ ဒူဘိုင်းမြို့၏ ဇိမ်ခံ Palm Island ရပ်ကွက်ရှိ ဟိုတယ်တစ်ခု ထိမှန်ခြင်း ခံခဲ့ရသလို၊ အမေရိကန် ရေတပ်၏ ပဉ္စမမြောက်ရေတပ် ဌာနချုပ်အဖြစ် အသုံးပြုခဲ့သော အခြေစိုက် စခန်းတစ်ခုကိုလည်း အီရန်ဒုံးကျည်များ ထိမှန်ခဲ့ကြောင်း ဘာရိန်းအစိုးရက ထုတ်ပြန်ခဲ့သည်။ ကာတာ၊ အဘူဒါဘီ၊ ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံတို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အထူးအစည်းအဝေးတွင်အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က အဆိုပါ တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။ ၎င်းက ယခုဖြစ်ရပ်များသည် "ကမ္ဘာ့အတည်ငြိမ်ဆုံး ဖြစ်နေသည့် ဒေသ" တွင် ထိန်းချုပ်မရနိုင်သော အကျိုးဆက်များကို ဆက်တိုက်ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။ 

 

အဆိုပါ အစည်းအဝေးတွင် ရုရှားနိုင်ငံကလည်း ထိုတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သည် စနေနေ့တွင် G7 အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြား ရေး ဝန်ကြီးများနှင့် ဆွေးနွေးသွားမည် ဟု သိရသည်။

 

အီရန်အစိုးရအဖွဲ့က နောက်ထပ် အဓိပတိအဖြစ် ရွေးချယ်နိုင်ဖွယ်ရှိသည့် အဆင့်မြင့်အရာရှိကြီး အလီ လာရီဂျာနီ ကမူ အုပ်ချုပ်ရေးယန္တရားကို အဆက်မပြတ် ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အရှေ့အလယ်ပိုင်းဒေသ တစ်ခွင်တွင် လေကြောင်းလိုင်းများက ခရီးစဉ်များကို ဖျက်သိမ်းလိုက်ခြင်းကြောင့် လေကြောင်းခရီးသည် သိန်းနှင့်ချီ၍ သောင်တင်နေခဲ့ကြသည်။ အဘူဒါဘီ၊ ဒူဘိုင်းနှင့် ဒိုဟာမြို့များရှိ အဓိက လေကြောင်းချိတ်ဆက်မှု အချက်အချာကျသော လေဆိပ်ကြီးများတွင် ဝန်ဆောင်မှုအားလုံးကို ရပ်နားသွားပြီ ဖြစ်သည်။

 

လေကြောင်းလိုင်းများသည်လည်း အဆိုပါဒေသကို ရှောင်ကွင်းရန်အတွက် လမ်းကြောင်းများကို လွှဲပြောင်းမောင်းနှင်နေကြသည်။ တစ်ချိန်တည်းမှာပင် အီရန်ရေတပ်သည် ကမ္ဘာ့ပင်လယ်ရေကြောင်း ရေနံတင်ပို့မှု၏ သုံးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြား ကို အသုံးပြုခွင့် မ ပေးတော့ ကြောင်း သင်္ဘောများကို အသိပေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်ဟု အစရှိသဖြင့် ဖေါ်ပြထားသည်။

 

အတ္တလန်တစ် မဂ္ဂဇင်းကြီးက ယခုလို ရေးသားခဲ့သည်။

 

ဂျော့ချ်အိုဝဲလ် က ၎င်း၏ ၁၉၈၄ ဝတ္ထုတွင် “အာဏာရှင် လူနည်းစုအုပ်ချုပ်ရေး ၏ အနှစ်သာရသည် ကွယ်လွန်သွားသူများက အသက်ရှင် ကျန်ရစ်သူများ အပေါ် အတင်းအဓမ္မ ဖိအားပေး ရိုက်သွင်းထားသည့် ၎င်းတို့၏ ကမ္ဘာ့အမြင်နှင့် နေထိုင်မှုပုံစံတခု အမြဲ တည်တံ့နေစေဖို့ပဲ ဖြစ်သည်” ဟု ရေးသားခဲ့ဖူးသည်။ 

 

ဆယ်စုနှစ် လေးစု နီးပါးကြာအောင် အယာတိုလာ အလီခါမေနီ သည် ထိုအခြေအနေအတိုင်းပင် အုပ်ချုပ်ခဲ့သူဖြစ်သည်။ သူသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံကို ကိုယ်တိုင် တည်ထောင်ခဲ့သူ မဟုတ်ဘဲ ၁၉၇၉ ခုနှစ် တော်လှန်ရေးတွင် အမေရိကန်နှင့် မဟာမိတ်ဖြစ်သော ဘုရင်စနစ်ကို ဖြုတ်ချပြီး အစ္စလာမ်မစ် ဘာသာရေးအခြေခံ အုပ်ချုပ်ရေးစနစ်ကို ထူထောင်ခဲ့သူ အယာတိုလာ ရူဟိုလာ ခိုမေနီ ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ ထိုစနစ်၏ ဝါဒရေးရာ မဏ္ဍိုင်ကြီးသုံးခုမှာ “အမေရိကန် ပျက်စီးပါစေ”၊ “အစ္စရေး ပျက်စီးပါစေ” နှင့် အမျိုးသမီးများ မဖြစ်မနေ ဝတ်ဆင်ရမည့် ဟီဂျပ် တို့ ဖြစ်သည်။ ဟီဂျပ်သည် “တော်လှန်ရေး၏ အလံတော်” ဖြစ်သည်ဟု ခိုမေနီက ဆိုခဲ့သည်။

 

သူသည် ကွယ်လွန်သွားသည့် ဝိညာဉ်တစ်ခု ၏ ကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူအဖြစ်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

၎င်း ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့်တော်လှန်ရေး ဆိုသည်ကလည်း ယခုအခါ တွင်ရှိမနေတော့သည့် ကမ္ဘာဟောင်းတခုအတွက်သာ ရည်ရွယ်ပြီး ပုံဖော်ခဲ့ခြင်း ဖြစ်သည်။

 

၎င်းကိုယ်တိုင် ဖျက်ဆီးပစ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့သည့် နိုင်ငံတ နိုင်ငံ ၏ လက်ချက်ဖြင့် ခါ မေနီ သေဆုံးသွားခြင်းသည် ၄၇ နှစ် သက်တမ်းရှိပြီဖြစ်သော တော်လှန်ရေးသမိုင်းကြောင်းတွင် အချိုးအကွေ့ကြီးတခုပင် ဖြစ်သည်။ ၎င်းသည် အဆိုပါ အုပ်ချုပ်ရေးစနစ်၏ ပထမမျိုးဆက် ထူထောင်သူများထဲမှ နောက်ဆုံးကျန်ရစ်သူလည်း ဖြစ်သည်။

 

အဆုံးသတ်တွင် တော့ သူကိုယ်တိုင် အင်မတန်မုန်းတီးခဲ့သည့် အမေရိကန်၏ သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေး၏ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ လက်ချက်နှင့် ပြိုလဲ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ "အမေရိကန် ပျက်စီးပါစေ" ၊ "အစ္စရေး ပျက်စီးပါစေ" ဆိုသည့် ကြွေးကြော်သံ များကြားတွင် အသက်ရှင်နေထိုင်ခဲ့ပြီး၊ နောက်ဆုံးမှာတော့ အမေရိကန်နှင့် အစ္စရေးတို့ဆီက လာသည့် သေခြင်းတရားနှင့်ပင် ဘဝနိဂုံးချုပ် သွားခဲ့ရပြီ ဖြစ်သည်။