စစ်အုပ်ချုပ်ရေး နိဂုံး - အလှည့်ကျလာပြီလော

by Hla Soewai - Mar 02 2026

ထိုဆောင်းပါးကို မြန်မာ ပြည်သူများ၏ မိတ်ဆွေကြီး မစ္စတာ ရှောင် တန်နဲလ်က ဩစတေးလျှ Lowy Institute မှ ထုတ်ဝေသော The Interpreter တွင် Myanmar’s junta –next to fall? ခေါင်းစဉ် ဖြင့် ယခုလို ရေးသားလာခဲ့သည်။

 

အီရန်နိုင်ငံ၏ ဘာသာရေးအခြေပြု အာဏာရှင်စနစ် သည် မည်မျှကြာရှည် ခံမည်နည်းဟူသော အချက်မှာ ယနေ့ခေတ်တွင် အလွန်တရာ အခြေအတင် ဆွေးနွေးဖွယ်ရာ ကောင်းလှသော အကြောင်းအရာတစ်ခု ဖြစ်လာသည်။ လတ်တလော ဖြစ်ပျက်နေသော အဖြစ်အပျက်များထက် ကျော်လွန်၍၊ ထိုအခြေအနေသည် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်းဆိုင်ရာ ယေဘုယျသဘောတရားများကိုပါ စဉ်းစားဆင်ခြင်စရာ ဖြစ်လာစေသည်။ လူထု၏ ဆန္ဒသဘောထားများကို သိသိသာသာ ဆန့်ကျင်ပိတ်ပင်ထားသည့် အခြေအနေမျိုးတွင်ပင် ထိုကဲ့သို့သော အုပ်ချုပ်ရေးယန္တရားများ ဆက်လက်တည်မြဲနေစေသည့် အကြောင်းရင်းခံများမှာ အဘယ်နည်း။

 

အာဏာရှင်စနစ် ပြိုလဲရန် လိုအပ်သည့် အချက် ငါးချက်အား ဇန်နဝါရီ လ အတွင်း ထုတ်ဝေခဲ့သော The Atlantic မဂ္ဂဇင်းတွင် ကရင်မ် ဆဒ်ဂျတ်ပူးရ် နှင့် ဂျက် ဂိုးလ်စတုန်း တို့မှ အချက် ငါးချက် ဖြင့် ထောက်ပြသွားခဲ့သည်။ (၁) ဘဏ္ဍာရေး အကျပ်အတည်း၊ (၂) အုပ်ချုပ်သူ များ အကြား အကွဲကွဲ အပြားပြား ဖြစ်လာခြင်း (၃) ပုံသဏ္ဍန်မျိုးစုံ ပါဝင်သော အတိုက်အခံ မဟာမိတ် အဖွဲ့အစည်း (၄) ခိုင်မာပြီး ယုံကြည်လက်ခံနိုင်သော တော်လှန်ရေးဆိုင်ရာ ဖြစ်ရပ်မှန် တင်ပြချက် (၅) အားပေးထောက်ခံသော နိုင်ငံတကာ ပတ်ဝန်းကျင် တို့ ဖြစ်သည်ဟု ဆိုသည်။

 

ကျွန်ုပ်၏ အမြင်အရ ဆဒ်ဂျတ်ပူးရ် နှင့် ဂိုးလ်စတုန်း တို့၏ တင်ပြချက်များသည် အလွန်ပင် ထိမိလှသည်။ ၎င်းတို့ ချပြခဲ့သည် များသည် မြန်မာနိုင်ငံ၏ ဖြစ်ရပ်နှင့်ပတ်သက်၍ စဉ်းစားစရာများစွာ ဖြစ်ပေါ်စေခဲ့သည်။ အုပ်ချုပ်မှု ညံ့ဖျင်းရုံ မျှမက ရက်စက်ကြမ်းကြုတ်လှသည့် စစ်အုပ်ချုပ်ရေးအောက်တွင် ဒုက္ခရောက်နေရသော မြန်မာနိုင်ငံ၏ အခြေအနေမှာ ၎င်းတို့ ဖော်ပြသည့် အချက်များနှင့် မည်မျှအထိ ကိုက်ညီမှု ရှိနေပါသနည်း။ ဤစံနှုန်း (၅) ချက်သည် တော်လှန်ရေးဆိုင်ရာ အပြောင်းအလဲတစ်ခုအတွက် မျှော်လင့်ချက် အလင်းရောင်များ ပေးစွမ်းနိုင်ပါသလား။

 

ကျွန်ုပ် အနေဖြင့် ဖြေရမည်ဆိုလျင် မြန်မာပြည်သူလူထု၏ လက်ရှိတော်လှန်ရေးသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် တိုက်ခိုက်နေရသော စစ်အုပ်စုကို အောင်နိုင်လိမ့်မည်ဟူ၍ ဖြစ်ပါသည်။ သို့သော် ဖော်ပြပါ အခြေအနေ (၅) ချက်အနက် နောက်ဆုံးအချက်မှာ အဆုံးအဖြတ်ပေးနိုင်သည့် အရာ ဖြစ်လာနိုင်သည်။

 

၁။ ဘဏ္ဍာရေး အကြပ်အတည်း (Fiscal Crisis)

 

မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု စတင်ကတည်းက ငွေကြေး အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ အခွန်ကောက်ခံမှုစနစ် ပျက်ပြားသွားခြင်း၊ အစိုးရငွေတိုက်စာချုပ် ဈေးကွက် အလုပ်မဖြစ်တော့ခြင်းနှင့် အရှုံးပေါ်နေသော နိုင်ငံပိုင်လုပ်ငန်း အမြောက်အမြားရှိနေခြင်းတို့ကြောင့် နိုင်ငံ၏ ပြည်သူ့ ဘဏ္ဍာရေး ကဏ္ဍတွင် ဝင်ငွေရရှိမှု အပိုင်းမှာ အလွန်ပင် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။

 

တရုတ်နိုင်ငံထံမှ ချေးငွေအသစ်များ ရယူခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီကို ပိုမိုများပြားလာစေသော်လည်း၊ စစ်ကောင်စီသည် ဗဟိုဘဏ်မှတစ်ဆင့် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် "ငွေစက္ကူများ ရိုက်နှိပ်ခြင်း" ကိုသာ ၎င်းတို့၏ အဓိက ငွေ ရရှိရာလမ်းကြောင်းအဖြစ် အသုံးပြုနေရသည်။

 

အသုံးစရိတ်ဘက်တွင်မူ လျှော့ချမှု အနည်းငယ်မျှသာ ရှိပြီး စစ်အုပ်စုသည် လက်နက်ခဲယမ်းများအတွက် ငွေကြေးကို လက်လွတ်စပယ် သုံးစွဲနေသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင် အသုံးစရိတ်မှာ သိသိသာသာ ကျဆင်းသွားသော်လည်း၊ ယင်းသို့ လျှော့ချမှုများသည် စံချိန်တင် မြင့်တက်နေသည့် ဘတ်ဂျက်လိုငွေ ပြမှု ကို တားဆီးရန် မလုံလောက်ပေ။ ၎င်းတို့၏ ဘဏ္ဍာရေး အခြေအနေအရ ကြည့်လျှင် မြန်မာစစ်ကောင်စီသည် ပြိုလဲရန် လမ်းစပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

၂။ အုပ်ချုပ်သူ လူတန်းစားအတွင်း အကွဲအပြားဖြစ်ခြင်း (Divided Elites)

 

 "ခရိုနီ" ဟု ခေါ်ဝေါ်ကြသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အဆင့်မြင့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အထက်ပိုင်းတွင် ရပ်တည်နေသူ များသည် စစ်အုပ်စုနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမျိုး မရှိကြပေ။ သို့သော်လည်း ကြောက်ရွံ့မှုနှင့် အခွင့်အရေးသမား စိတ်ဓာတ်တို့ကြောင့်သာ နှုတ်ပိတ်နေကြခြင်း ဖြစ်ပြီး၊ သီးသန့်တွေ့ဆုံမှုများတွင်မူ ၎င်းတို့အားလုံးနီးပါးသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေကြသူများ ဖြစ်ကြသည်။

 

၎င်းတို့သည် စစ်အုပ်စု အတွက်မူ "မိုးကောင်းမှ ပေါင်း ဖေါ် သည့် မိတ်ဆွေ" များ ဖြစ်ကြသကဲ့သို့၊ အတိုက်အခံ အင်အားစုများအတွက်လည်း ယုံကြည်အားကိုး၍ ရသော မဟာမိတ်များ မဟုတ်ကြ‌ ပေ။ အုပ်ချုပ်ရေးယန္တရား အပြောင်းအလဲအတွက် တွန်းအားပေးမည့် အချက်တစ်ချက် ဖြစ်လာနိုင်သော်လည်း၊ ယင်းမှာ အပြောင်းအလဲ၏ အရှိန်အဟုန်သည် သိသိသာသာ အသာစီးရလာသည့် အချိန်မျိုးမှသာ ဖြစ်နိုင်ပေမည်။ အချုပ်အားဖြင့်ဆိုရသော် အထက်ပိုင်း အလွှာများအတွင်း သဘောထားကွဲလွဲမှုသည် တော်လှန်ရေးဘက်သို့ ယိမ်းနေသည့် အချက်တစ်ခု ဖြစ်သော်လည်း တွန့်ဆုတ်နှေးကွေးနေသည့် အနေအထားတွင်သာ ရှိနေသေးသည်။

 

၃။ ပုံသဏ္ဍန် မျိုးစုံ ပါဝင်သော အတိုက်အခံ မဟာမိတ်အဖွဲ့အစည်း (A diverse oppositional coalition)

 

မြန်မာစစ်အုပ်စု ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အင်အားစုများထဲတွင် ကာလရှည်ကြာ ဖိနှိပ်ခံခဲ့ရသော တိုင်းရင်းသားလူနည်းစု အဖွဲ့အစည်းအားလုံး နီးပါးနှင့် ဗမာလူမျိုးစု အများစုတို့ ပါဝင်ကြသည်။ အစုအဖွဲ့များအကြား သဘောထားကွဲလွဲမှုများ ရှိနေသေးသော်လည်း၊ ခြွင်းချက်အနည်းငယ်မှအပ ထိုကွဲပြားမှုများကို ဘေးဖယ်ထားကြလိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။ 

 

အကြောင်းမှာ "အတိုက်အခံများ စည်းလုံးညီညွတ်မှသာ စစ်အုပ်စုကို အောင်နိုင်မည်" ဟူသော နားလည်သဘောပေါက်မှုအောက်တွင် ထိုကွဲပြားမှုများသည် ဒုတိယဦးစားပေးသာ ဖြစ်သွားပေလိမ့်မည်။

 

ယင်းအပြင် ယခင်အရပ်သားခေါင်းဆောင် (၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်) ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေမှာ မရေရာသော အဆုံးအဖြတ်ပေးနိုင်သည့် "Wildcard" တစ်ခုအဖြစ် ရှိနေသော်လည်း၊ အတိုက်အခံ အင်အားစုများ၏ ပုံစံမျိုးစုံ စုစည်းမှုနှင့် အင်အားတောင့်တင်းမှုသည် စစ်အုပ်စု ပြိုလဲရေးအတွက် အလွန်အားကောင်းသော အချက်တစ်ချက် ဖြစ်လာနိုင်ပါသည်။

 

၄။ ခိုင်မာပြီး ယုံကြည်လက်ခံနိုင်သော တော်လှန်ရေးဆိုင်ရာ ဖြစ်ရပ်မှန် တင်ပြချက် (A convincing narrative of resistance)

 

မြန်မာစစ်တပ်သည် ၎င်းတို့ကိုယ်ကို နိုင်ငံတော်ကို စုစည်းထိန်းသိမ်းထားနိုင်သည့် "တစ်ခုတည်းသော အဖွဲ့အစည်း" အဖြစ် ပုံဖော်လေ့ရှိသည်။ ထို့အပြင် ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ၎င်းတို့၏ ရဲစွမ်းသတ္တိများအကြောင်း ပုံပြင်များကိုလည်း အစဉ်အလာ မပျက် ပြောဆိုလေ့ ရှိကြသည်။ သို့သော်လည်း အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်ပွဲများ၏ အတိုင်းအတာနှင့် ယုတ်မာရက်စက်မှုများအောက်တွင် ထိုပုံပြင်များ နစ်မွန်းသွားခဲ့ရပြီး ယခုအခါ ထိုသို့ ဆက်လက်ပြောဆိုရန် စစ်တပ်က လက်လျှော့လိုက်ပုံရပါသည်။

 

လက်တွေ့မျက်မြင်ကြုံတွေ့နေရပြီး အစမ်းသပ်ခံထားရသော မြန်မာပြည်သူများ၏ လွတ်မြောက်ရေး တိုက်ပွဲဝင်မှုအပေါ် ယုံကြည်ကိုးစားမှုနှင့် နှိုင်းယှဉ်လျှင်၊ စစ်အုပ်စု၏ အုပ်ချုပ်ခွင့်ဆိုင်ရာ တရားဝင်မှု တင်ပြချက်မှာ အလွန်ပင် အားနည်းလှပါသည်။ ထို့ကြောင့် ဤ "မှန်ကန်သော ဖြစ်ရပ်မှန် တင်ပြနိုင်မှု" ဆိုသည့်အချက်သည် တော်လှန်ရေး အပြောင်းအလဲအတွက် အားကောင်းသော အချက်တစ်ချက် ဖြစ်နေပါသည်။

 

၅။ အားပေးထောက်ခံသော နိုင်ငံတကာ ပတ်ဝန်းကျင် (A favourable international environment)

 

ကမ္ဘာ့နိုင်ငံအများစုက ၎င်းတို့အပေါ် ရွံရှာမုန်းတီးနေကြသော်လည်း စစ်အုပ်စုသည် ရုရှား၊ ဘီလာရုစ်၊ အီရန်၊ မြောက်ကိုရီးယားနှင့် အားလုံးထက် ပိုမိုအရေးပါသော တရုတ်နိုင်ငံ တို့၏ ထောက်ခံမှုကို ရရှိထားသည်။ တရုတ်နိုင်ငံသည် စစ်အုပ်စုအား တရားဝင်မှုအရ အပေါ်ယံ အကာအကွယ် ပေးရန် ရည်ရွယ်၍ မကြာသေးမီက ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ၏ နောက်ကွယ်တွင် ရပ်တည် နေခဲ့သည်။

 

ရေတိုအားဖြင့် ကြည့်လျှင် တရုတ်၏ ထောက်ခံမှုသည် စစ်အုပ်စု အတွက် အသက်ဆက်စရာ လမ်းကြောင်းတစ်ခု ဖြစ်စေခဲ့သည်။ ထိုလမ်း ကြောင်းတွင် ရွေးကောက်ပွဲအပြင် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခြင်း၊ ကြွေးမြီများအတွက် ငွေကြေးထောက်ပံ့ခြင်းနှင့် နောင်တွင် အကောင်အထည်ဖော်မည့် တရုတ်၏ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဟူသော ကတိကဝတ်များ ပါဝင်နေသည်။

 

ထို စီမံကိန်းများထဲတွင် ယခင် အရပ်သားအစိုးရက ငြင်းပယ်ခဲ့သော "ပတ်လမ်းနှင့် လမ်းကြောင်း" စီမံကိန်းများလည်း ပါဝင်နေရာ၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို အပ်နှံနေရပြီလော သို့မဟုတ် မြန်မာသည် တရုတ်၏ လက်အောက်ခံနိုင်ငံ ဖြစ်လာနေပြီလော ဟူသော သံသယများကို ပိုမိုကြီးထွားစေသည်။

 

စစ်အုပ်စုအပေါ် တရုတ်၏ ထောက်ခံမှုသည် ရေတိုတွင် တော်လှန်ရေးကို ဟန့်တားရန် အရေးပါနေသော်လည်း၊ ရေရှည်တွင်မူ တော်လှန်ရေးဖက်က ဒေါသများကို ပိုမိုလောင်မြိုက်စေမည့် အချက်ပင် ဖြစ်သည်။

 

အနောက်နိုင်ငံများနှင့် အာဆီယံ၏ အခန်းကဏ္ဍ ကော မည်သို့ရှိသနည်း။ အာဆီယံသည် မြန်မာ့အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲနေပြီး ထိရောက်မှုမရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ အနောက်နိုင်ငံများမှာမူ အခြားသော အကြပ်အတည်းများတွင် အာရုံရောက်နေကြသလို၊ အမေရိကန်ပြည်ထောင်စု၏ အစဉ်အလာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဦးဆောင်မှု ကင်းမဲ့နေခြင်းနှင့်လည်း ရင်ဆိုင်နေရသည်။ 

 

ကျွန်ုပ်၏ အမြင်အရ သြစတြေးလျနိုင်ငံသည် မြန်မာပြည်သူများအတွက် မှန်ကန်သောအရာကို အများအားဖြင့် လုပ်ဆောင်ပေးနေသော်လည်း၊ ၎င်း၏ ထောက်ပံ့ကူညီမှုမှာ တော်လှန်ရေးအပြောင်းအလဲအတွက် အဆုံးအဖြတ်ပေးနိုင်သည့် အချက်တစ်ချက်တော့ မဟုတ်ပေ။

 

သို့ဆိုက ကျွန်ုပ်တို့ ဘယ်လိုအခြေအနေကို ရောက်နေပြီလဲ။ ဆဒ်ဂျတ်ပူးရ် နှင့် ဂိုးလ်စတုန်းတို့ တင်ပြထားသည့် တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်ချက် အခြေအနေအများစုသည် မြန်မာနိုင်ငံ အတွက် ပြည့်စုံနေပြီ ဖြစ်သည်။

 

သို့သော်လည်း တချို့အချက် များ တွင်တော့ တွန့်ဆုတ်နေဆဲ ဖြစ်သလို၊ မရေရာသည့် အခြေအနေ များလည်း အများအပြား ရှိနေ သေးသည်။ တရုတ်၏ ထောက်ခံမှုသည် ရေရှည်တွင် ၎င်းတို့ကို ၎င်းတို့ ပြန်လည်ဖျက်ဆီးသလို ဖြစ်နေမည်မှာ မှန်သော်လည်း လောလောဆယ် တွင် တော့ အင်အားချည့်နဲ့ပြီး လူထုအကြည်ညိုပျက်နေသည့် စစ်အုပ်စု ကို ပြိုမကျအောင် ထိန်းထားပေးနိုင်နေဆဲ ဖြစ်သည်။

 

ယခုအချိန်တွင် တရုတ်နိုင်ငံ၏ လုပ်ရပ်များကို နိုင်ငံတကာ အသိုက်အဝန်းက ပြတ်ပြတ်သားသား ဝေဖန်ကန့်ကွက်ရမည့် အချိန်ဖြစ်သလို၊ မြန်မာပြည်သူ များ အားလည်း မိမိတို့၏ အနာဂတ်ကို မိမိတို့ဘာသာ ဖန်တီးဆုံးဖြတ်ခွင့်ရအောင် ခွင့်ပြုပေးရမည့် အချိန်လည်း ဖြစ်သည်။

 

ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!