အခန်း (၅)
ပြောက်ကျား တပ်ဦး ဖွဲ့စည်းမှု ၏ အရေးပါသော အချက် ဆယ်ချက်
(၁) ထောက်ပို့
ထောက်ပံ့ရေးစနစ် ကောင်း တခု ရှိနေရေးသည် ပြောက်ကျား တပ်ဖွဲ့တစ်ခုအတွက် အဓိကအကျဆုံး အချက် ဖြစ်သည်။ ဒေသခံမြေပေါ်တွင် အခြေပြုလှုပ်ရှားနေသော ပြောက်ကျားအဖွဲ့တ ဖွဲ့ သည် ထိုမြေမှထွက်သော ထွက်ကုန်များကို မှီခိုစားသောက်ရမည် ဖြစ်သကဲ့သို့၊ တစ်ဖက်တွင်လည်း မိမိတို့ကို ရိက္ခာထောက်ပံ့ပေးနေသည့် တောင်သူ လယ်သမားများ၏ စားဝတ်နေရေး မထိခိုက်စေရန် အမြဲလို အာမခံချက်ပေးနိုင်ရမည်။
အထူးသဖြင့် ပြောက်ကျားစစ်ပွဲ၏ ခက်ခဲလှ သော အစောပိုင်းကာလများတွင် မိမိတို့အဖွဲ့အတွက် လိုအပ်သော စားနပ်ရိက္ခာကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရန် အားထုတ်ကြိုးပမ်းဖို့ဆိုသည်မှာ မဖြစ်နိုင်သေးပေ။ ထိုသို့ စိုက်ပျိုးထုတ်လုပ်ထားသော ရိက္ခာစုဆောင်းမှုများသည် ရန်သူ့နှိမ်နင်းရေးတပ်ဖွဲ့များ လုံးဝအသာစီးရကာ ထိုးဖောက်ဝင်ရောက်နိုင်ခြေရှိသည့် နယ်မြေများအတွင်း၌ အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်ပြီး ဖျက်ဆီးခြင်း ခံရနိုင်သောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် ပထမအဆင့်ကာလများတွင် ထောက်ပံ့ရေးဆိုသည်မှာ နယ်မြေခံတောင်သူများထံမှ ရယူရသော စနစ်ကိုသာ အားကိုးရမည် ဖြစ်သည်။
ပြောက်ကျားတိုက်ပွဲများ ပိုမိုကျယ်ပြန့် တိုးတက် လာသည်နှင့်အမျှ၊ တိုက်ပွဲဖြစ်ပွားရာ နယ်မြေပြင်ပမှ ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ဖို့ လိုအပ်လာမည်ဖြစ်သည်။
အစောပိုင်းတွင် ပြောက်ကျားတပ်ဖွဲ့သည် ကျေးလက်တောရွာ လူထုထံမှ ရရှိသမျှနှင့်သာ ရပ်တည် ရှင်သန်ကြရသည်။ ရံဖန်ရံခါတွင် ပစ္စည်းအချို့ ဝယ်ယူရန် ဆိုင်များသို့ သွားရောက်နိုင်သော်လည်း၊ ရိက္ခာထောက်လှမ်းရေးလမ်းကြောင်းများ တည်ဆောက်ရန်မှာမူ မည်သို့မျှ မဖြစ်နိုင်သေးပေ။ အကြောင်းမှာ ထိုသို့သော လမ်းကြောင်းများ တည်ထောင်ရန်အတွက် စိတ်ချရသည့် နယ်မြေဒေသ ဟူ၍ မရှိသေးသောကြောင့် ဖြစ်သည်။ ရိက္ခာထောက် လမ်းကြောင်းနှင့် ရိက္ခာသိုလှောင်ရုံများ ရှိလာနိုင်ခြင်းမှာ ပြောက်ကျားစစ် အရှိန်အဟုန် မည်မျှ တိုးတက်ဖြစ်ထွန်းလာသနည်း ဆိုသည့်အချက်အပေါ်၌သာ မူတည်ပေသည်။
ပထမဆုံး လုပ်ဆောင်ရမည့် တာဝန်မှာ နယ်မြေခံ လူထု၏ အကြွင်းမဲ့ ယုံကြည်ကိုးစားမှုကို ရရှိရန် ဖြစ်သည်။ ထိုယုံကြည်မှုကို ရရှိရန်အတွက် လူထု ရင်ဆိုင်နေရသော အခက်အခဲများကို အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် ချဉ်းကပ် ဖြေရှင်းပေးခြင်း၊ စဉ်ဆက်မပြတ် လမ်းညွှန်မှုပေးခြင်းနှင့် ကူညီဖေးမခြင်း၊ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ဖြင့် တည်ဆောက်ယူရမည်။
ထို့အပြင် ကျေးလက်လူထု၏ မတည်ငြိမ်သော ဘဝအခြေအနေကို အခွင့်ကောင်းယူကာ ဖိအားပေးခြင်း၊ လယ်ယာမြေများ သိမ်းပိုက်ခြင်းနှင့် သီးနှံများကို လုယူခြင်း စသည့် မတရားလုပ်ရပ်များကို ကျူးလွန်သူတိုင်းကိုလည်း ပြတ်ပြတ်သားသား အရေးယူရမည်။ လူထုကို ချဉ်းကပ်ရာတွင် မီး လို ရေလို တစ်ပြိုင်တည်း ကျင့်သုံးရမည်။ တော်လှန်ရေးအင်အားစုအပေါ် စိတ်ရင်းမှန်ဖြင့် ထောက်ခံကူညီသူများအပေါ်တွင် နူးညံ့ပျူငှာစွာဖြင့် လိုလိုလားလား ကူညီရမည်ဖြစ်ပြီး၊ တော်လှန်ရေးကို တိုက်ရိုက်တိုက်ခိုက်သူများ၊ စိတ်ဝမ်းကွဲအောင် သွေးထိုးလှုံ့ဆော်သူများ သို့မဟုတ် ရန်သူ့တပ်ထံသို့ သတင်းပေးပို့သူများအပေါ်တွင်မူ ပြတ်ပြတ်သားသား နှိမ်နင်းရမည် ဖြစ်သည်။
တဖြည်းဖြည်းနှင့် နယ်မြေကို ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ လှုပ်ရှားဆောင်ရွက်မှုများ ပိုမိုလွယ်ကူလာ ပေ လိမ့်မည်။ အခြေခံ အဖြစ် လက်ခံ ကျင့်သုံးရမည့် မူဝါဒမှာ မိတ်ဆွေများထံမှ ရယူသည့် မည်သည့် ကုန်စည်အတွက်မဆို အမြဲတမ်း ငွေပေးချေရန် ဖြစ်သည်။ ယင်းတို့မှာ လယ်ယာထွက်ကုန်များ သို့မဟုတ် ကုန်စုံဆိုင်များမှ ပစ္စည်းများ ဖြစ်နိုင်ပါသည်။
ထိုကဲ့သို့သော ပစ္စည်းများကို မကြာခဏ အလကား လာရောက် လှူဒါန်းကြလိမ့်မည် ဖြစ်သော်လည်း အချို့သောအချိန်များတွင်မူ လယ်သမားတို့၏ စီးပွားရေးအခြေအနေအရ ထိုသို့မလှူဒါန်းနိုင်သည်များလည်း ရှိတတ်သည်။ ထို့ပြင် ငွေကြေးမရှိသည့်အတွက်ကြောင့် စတိုးဆိုင်များမှ အစားအစာများကို ငွေမပေးဘဲ ယူရမည့် အခြေအနေများ နှင့် ကြုံလာရနိုင်သည် ။
ထိုသို့သော အခြေအနေမျိုးတွင် ကုန်သည်ကို အကြွေးဝန်ခံကတိစာချုပ်၊ ငွေပေးကတိလွှာ သို့မဟုတ် အကြွေးကို အသိအမှတ်ပြုသည့် တစ်စုံတစ်ရာကို အမြဲပေးထားရမည်။ ယင်းကို ရှေ့တွင် ဆွေးနွေးခဲ့သည့် "မျှော်လင့်ချက် အတွက် အာမခံချက်များ" (Bonds of hope) ဟု ခေါ်ဆိုနိုင်ပါသည်။ ဤနည်းလမ်းကို လွတ်မြောက်နယ်မြေ ပြင်ပရှိ လူများနှင့် ဆက်ဆံရာတွင်သာ အသုံးပြုခြင်းက ပို၍ကောင်းမွန်ပြီး၊ အခွင့်သာသည်နှင့် တစ်ပြိုင်နက် အကြွေးအားလုံးကိုဖြစ်စေ၊ အနည်းဆုံး အစိတ်အပိုင်းတစ်ခုကိုဖြစ်စေ အမြန်ဆုံး ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။
ရန်သူ့တပ်၏ စိုးမိုးမှုမှ ကင်းလွတ်ပြီး မိမိတို့၏ နယ်မြေကို အမြဲတမ်း ထိန်းချုပ်ထားနိုင်သည်အထိ အခြေအနေများ တိုးတက်ကောင်းမွန်လာသည့်အခါ၊ 'စုပေါင်းစိုက်ပျိုးရေး'စနစ်ကို စတင်ထူထောင်နိုင်မည်ဖြစ်သည်။ ထိုစနစ်တွင် လယ်သမားများသည် ပြောက်ကျားတပ်မတော်၏ အကျိုးစီးပွားအတွက် မြေယာများကို လုပ်ကိုင် ပေးကြသည်။ ဤနည်းလမ်းဖြင့် ပြောက်ကျားတပ်အတွက် လုံလောက်ပြီး ရိက္ခာထောက်ပံ့မှုကို အမြဲလို အာမခံချက် ပေးနိုင်မည်ဖြစ်သည်။
အကယ်၍ ပြောက်ကျားတပ်ဖွဲ့သို့ ဝင်ရောက်လာကြသော ဦးရေသည် လက်နက်အရေအတွက်ထက် များစွာသာလွန်နေပြီး၊ နိုင်ငံရေး အခြေအနေများ အရ ထိုလူများကို ရန်သူစိုးမိုးထားသော နယ်မြေများသို့ စေလွှတ်ရန် မဖြစ်နိုင်သေးပါက၊ ၎င်းတို့အား စိုက်ပျိုးရေးနှင့် သီးနှံရိတ်သိမ်းရေးလုပ်ငန်းများတွင် တိုက်ရိုက်ခိုင်းစေနိုင်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရိက္ခာထောက်ပံ့မှုကို အာမခံချက် ရှိစေရုံသာမက၊ တိုက်ပွဲဝင်မည့်သူများအတွက် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု မှတ်တမ်းကိုလည်း အားဖြည့်ပေးရာရောက်ပြီး နောင်တွင် ရာထူးတိုးမြှင့်ပေးရန်အတွက် အလားအလာကောင်းများကိုလည်း ဖြစ်ပေါ်စေသည်။
မည်သို့ပင်ဆိုစေကာမူ လယ်သမားများအနေဖြင့် ၎င်းတို့ ဘာသာ သီးနှံစိုက်ပျိုးကြခြင်းက ပို၍သင့်တော်သည်။ သို့မှသာ လုပ်ငန်းကို ပိုမိုထိရောက်စေပြီး စိတ်အားထက်သန်မှုနှင့် ကျွမ်းကျင်မှုတို့ဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အခြေအနေများ ပိုမို ပြည့်စုံလာသည့်အခါ စိုက်ပျိုးသီးနှံ အမျိုးအစားအပေါ် မူတည်၍ ထွက်ရှိသမျှ ရိတ်သိမ်းသီးနှံအားလုံးကို ဝယ်ယူရန် စီစဉ်နိုင်ပြီး၊ ၎င်းတို့ကို မိမိတို့၏ ရိက္ခာအဖြစ် အသုံးပြုရန် စိုက်ခင်းများ သို့မဟုတ် ဂိုဒေါင်များတွင် ထားရှိနိုင်ပါသည်။
လယ်သမားထုထံသို့ ပစ္စည်းများ ပြန်လည်ထောက်ပံ့ပေးနိုင်မည့် ယန္တရားများ တည်ထောင်ပြီးပါက ပြောက်ကျားတပ်မတော်က လယ်သမားများအကြား ကုန်စည်ချင်း ဖလှယ်သည့်စနစ် ကို ပိုမိုလွယ်ကူချောမွေ့စေရန် ကြားခံအဖြစ် စီမံ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။
အကယ်၍ အခြေအနေများ ဆက်လက်တိုးတက်ကောင်းမွန်လာပါက အခွန်အတုတ်များကို သတ်မှတ်ပြဌာန်းနိုင်သည်။ ထိုအခွန်များသည် အထူးသဖြင့် အသေးစားထုတ်လုပ်သူ လယ်သမားငယ် များအတွက် အနည်းဆုံးဖြစ်ရန် လိုအပ်ပါသည်။ ပြောက်ကျား တပ်တော်သည် လယ်သမားထုအတွင်းမှပင် ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ထိုလူတန်းစားနှင့် ဆက်ဆံရာတွင် အသေးစိတ်အချက်အလက်တိုင်းကို ဂရုတစိုက် အလေးထားရန်မှာ အလွန်ပင် အရေးကြီးသည်။
အခွန်ကို တစ်ခါတစ်ရံတွင် ငွေကြေးဖြင့်ဖြစ်စေ၊ သို့မဟုတ် ရိက္ခာ စုဆောင်းထားရန် ထွက်ကုန်သီးနှံများ၏ တစ်စိတ်တစ်ပိုင်းအဖြစ်ဖြင့် ဖြစ်စေ ကောက်ခံနိုင်သည်။ အသားသည် အဓိကလိုအပ်ချက်များထဲမှ တစ်ခုဖြစ်ပြီး၊ အသားထုတ်လုပ်မှုနကို ရေရှည်ထိန်းသိမ်းထားနိုင်မည့် အာမခံချက် မျိုး ရှိအောင် လုပ်ဆောင်ရမည်။
"အကယ်၍ နယ်မြေဒေသသည် မလုံခြုံသေးပါက၊ ပြောက်ကျားတပ်ဖွဲ့များနှင့် သိသာထင်ရှားသော ဆက်နွှယ်မှုမရှိသည့် တောင်သူလယ်သမားများသည် ကြက်၊ ဘဲ၊ ဥ၊ ဆိတ်နှင့် ဝက်မွေးမြူရေးခြံများကို တည်ထောင်နိုင်သည်။ ထိုသို့လုပ်ဆောင်ရာတွင် လိုအပ်သော မျိုးအုပ်စုများကို ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း၊ မြေရှင်ကြီးများထံမှ သိမ်းဆည်းရမိခြင်းဖြင့်သော်လည်းကောင်း စတင်နိုင်သည်။
အပိုင်စား ရထားသော ဒေသများတွင် များသောအားဖြင့် ကျွဲနွားတိရစ္ဆာန် အမြောက်အမြား ရှိတတ်ကြသည်။ ထိုတိရစ္ဆာန်များကို သတ်ဖြတ်ကာ အသားကို ဆားနယ်ထားပြီး ရေရှည်စားသုံးနိုင်ရန် သိမ်းဆည်းထားနိုင်သည်။
ထို့ပြင် ဖိနပ်များ ချုပ်လုပ်ဖို့ သားရေ ရရှိရာ အရင်းအမြစ်များလည်း ဖြစ်သည်။ ဖိနပ်ဆိုသည်က တိုက်ပွဲဝင်ရာတွင် မရှိမဖြစ်လိုအပ်သော အခြေခံအကျဆုံး အသုံးအဆောင်ပစ္စည်းများထဲမှ တစ်ခုပင် ဖြစ်သည်။
ယေဘုယျအားဖြင့် အခြေခံစားသောက်ကုန်ဆိုသည်မှာ (ဒေသအလိုက် ကွဲပြားနိုင်သော်လည်း) အသား၊ ဆား၊ ဟင်းသီးဟင်းရွက်၊ ကစီဓာတ်ကြွယ်ဝသော အစာများ သို့မဟုတ် ကောက်ပဲသီးနှံများ ဖြစ်ကြသည်။ အခြေခံရိက္ခာကို အမြဲတမ်းပင် လယ်သမား၊ တောင်သူများက ထုတ်လုပ်ပေးကြရသည်။ ဥပမာအားဖြင့် ကျူးဘားနိုင်ငံ၊ အိုရီယမ်တေးပြည်နယ်ရှိ တောင်ပေါ်ဒေသများတွင် မာလန်ဂါ (malanga) ကဲ့သို့သော ကန်စွန်းဥမျိုးနွယ် ဖြစ်နိုင်သကဲ့သို့ မက္ကဆီကို၊ အလယ်အမေရိကနှင့် ပီရူးနိုင်ငံတို့၏ တောင်တန်းဒေသများတွင်မူ ပြောင်းဖူး ဖြစ်နိုင်သည်။ ပီရူးတွင် အာလူး ဖြစ်နိုင်ပြီး အာဂျင်တီးနားကဲ့သို့သော အခြားဇုန်နယ်မြေများတွင်မူ အမဲသား ဖြစ်နိုင်ကာ အချို့နေရာများတွင် ဂျုံ ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ တပ်ဖွဲ့ဝင်များအတွက် အခြေခံစားနပ်ရိက္ခာ အမြဲတမ်းဖူလုံနေစေရန် အာမခံချက်ရှိရမည်ဖြစ်သလို၊ အစားအစာချက်ပြုတ်ရာတွင် အထောက်အကူဖြစ်စေမည့် တိရစ္ဆာန်အဆီ သို့မဟုတ် ဟင်းသီးဟင်းရွက် မှရသော အဆီ တမျိုးမျိုးကိုလည်း ရရှိအောင် ဆောင်ရွက်ထားရန် လိုအပ်သည်။
ဆားသည် မရှိမဖြစ် လိုအပ်သော အခြေခံရိက္ခာများထဲမှ တစ်ခုဖြစ်သည်။ ပင်လယ်နှင့် နီးစပ်ပြီး သွားလာနိုင်သည့် အခြေအနေရှိပါက ဆားအသေးစား ထုတ်လုပ်သည့် လုပ်ငန်းများကို ချက်ချင်း တည်ထောင်ထားသင့်သည်။ ဤသို့ဖြင့် ရိက္ခာအရန်ရှိနေစေရန်နှင့် တပ်ဖွဲ့ဝင်များကို အမြဲတမ်း ထောက်ပံ့ပေးနိုင်ရန် အာမခံချက်ရှိမည် ဖြစ်သည်။
မှတ်သားထားရန်မှာ—ဤကဲ့သို့သော ခေါင်ဖျားသည့် ဒေသများတွင် စားသောက်ကုန် အနည်းငယ်သာ ထွက်ရှိတတ်သဖြင့် ရန်သူသည် ဝိုင်းရံပိတ်ဆို့ခြင်း ကို အလွယ်တကူ ပြုလုပ်နိုင်သည်။ ထိုအခါတွင် ရိက္ခာစီးဆင်းမှု လမ်းကြောင်းများ အကြီးအကျယ် ထိခိုက်ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးအတွက် ကြိုတင်ပြင်ဆင်ထားရာတွင် တောင်သူလယ်သမား အစုအဖွဲ့များနှင့် အခြားသော အရပ်ဘက် အဖွဲ့အစည်းများမှတစ်ဆင့် စနစ်တကျ စီမံချက်ချမှတ်ထား နိုင်ရမည် ဖြစ်သည်။