အက်ဖ်ဘီအိုင် နှင့် ကျားဖြန့်

by Hla Soewai - Mar 02 2026

"မင်းတို့ ဘယ်မှာ ရှိတယ် ဆိုတာ ငါတို့ သိနေပြီ။ မင်းတို့ ရှိရာ ကို လာနေပြီ" ဟု ကျားဖြန့် ဂိုဏ်းများကို ကြိမ်းဝါးလိုက်သူက အမေရိကန် အက်ဖ်ဘီအိုင် လက်ထောက် ညွန်ကြားရေး မှုး စကော့တ် ရှဲဘဲလ် ပင် ဖြစ်သည်။

 

ရှဲဘဲလ်သည် ကျားဖြန့် ဂိုဏ်း များ နှိမ်နှင်းနိုင်ရေး အတွက် က‌မ္ဘောဒီယား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံ သို့ ရောက်ရှိလာပြီး သက်ဆိုင်ရာ နိုင်ငံ များရှိ ထိတ်တန်း ရဲ အရာရှိကြီး များ နှင့် တွေ့ဆုံ ဆွေးနွေး ပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။ အရှေ့တောင်အာရှမှာ အခြေစိုက်ပြီး အမေရိကန် နိုင်ငံသား များကို ပစ်မှတ်ထားနေသည့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ၏ ခြိမ်းခြောက်မှု အတိုင်းအတာ မည်မျှ အထိ ကြီးမားနေသည် ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရကြောင်း ထည့်သွင်းပြော‌ ဆိုသွားခဲ့သည်။

 

၎င်းက ရာဇဝတ်သား များ အနေဖြင့် နယ်နမိတ်များက အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ယုံကြည် မထားကြနှင့် ဟု သတိပေးသွားပြန်သည်။

 

အက်ဖ်ဘီအိုင် အနေဖြင့် တရားရေးဝန်ကြီးဌာန နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရင်း ငွေလိမ်ဂိုဏ်းကွန်ရက်များကို တိုက်ဖျက်မည့် "ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲတွင် ဦးဆောင်ရန် အပြည့်အဝ သန္နိဋ္ဌာန်ချထားကြောင်း" ထည့်သွင်းပြောဆိုခဲ့သည်။ ၎င်းက ထိုသို့ အလေးအနက်ထား ဆောင်ရွက်မည့် ကတိကဝတ် ကြောင့် ယခုလို ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

နိုဝင်ဘာလအတွင်းက ဝါရှင်တန်မှ ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေး အထူးအဖွဲ့ Scam Center Strike Force (SCSF) ဖွဲ့စည်း ပေးခဲ့ပြီး နောက် ယခုလို အက်ဖ်ဘီအိုင် ဒုညွှန်မှုး ရောက်ရှိလာခြင်း ဖြစ်သည်။

 

အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံရှိ ငွေလိမ်ဂိုဏ်း များ ကြောင့် အမေရိကန်နိုင်ငံသားများ နှစ်စဉ် ဒေါ်လာ ၁၀ ဘီလီယံနီးပါး ဆုံးရှုံးနေကြရသည့် အတွက် ထိုသုံးနိုင်ရှိ ဂိုဏ်းများကို ပစ်မှတ်ထား ဖြိုခွင်းရန် ဖွဲ့စည်းလာခြင်း ဖြစ်သည်။

 

မြန်မာ နှင့် လာအို ဂိုဏ်းများ နှင့် ပတ်သက်၍ မည်သို့ မည်ပုံ လုပ်ဆောင်သွားမည်ကို မူ အသေးစိတ် ပြောဆိုသွားခြင်း မရှိဟု သိရသည်။

 

ရှဲဘဲလ်က FBI နှင့် ထိုင်း ရဲတပ်ဖွဲ့ ဆက်ဆံရေးသည် "အမည်ခံသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်အထိ သက်ရောက်သည့် ဆက်ဆံရေးမျိုး" ဖြစ်ပြီး ၎င်း၏ အေးဂျင့်များသည် ထိုင်းအထူးလုပ်ငန်းအဖွဲ့များနှင့် အတူတူတွဲဖက် တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ထားကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရာဇဝတ်ဂိုဏ်းကွန်ရက်တွေကို ဖြိုခွင်းနိုင်ခြင်း၊ နစ်နာသူတွေကို ဖော်ထုတ်နိုင်ခြင်းနဲ့ ဒီရာဇဝတ်မှုတွေကို ထောက်ပံ့ပေးနေတဲ့ ဘဏ္ဍာရေး အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထား နှိမ်နင်းနိုင်ခြင်း စသည့် အောင်မြင်မှုတွေ ရရှိနေပြီဖြစ်ကြောင်း ပြောသွားခဲ့သည်။

 

ဒေသအတွင်း အကြီးအကျယ် လည်ပတ်နေသည့် တရုတ် ရာဇဝတ်ဂိုဏ်းများသည် အမေရိကန် နိုင်ငံသား များအား နေ့စဉ်နဲ့အမျှ ပစ်မှတ်ထားပြီး ငွေလိမ်လည်မှုတွေ လုပ်ဆောင်နေကြသည်။ အကြီးအကျယ် လိမ်လည်ဖို့အတွက် စက်မှု ဇုံများကဲ့သို့ သီးသန့်ရည်ရွယ်ပြီး တည်ဆောက်ထားသည့် အဆောက်အအုံဝင်းကြီးများ ရှိနေသည်ဟုလည်း ဆိုသည်။

 

ထိုဂိုဏ်းများသည် 'ဥပ ဒေများ၊ နိုင်ငံတကာ နယ်နိမိတ် ကန့်သတ်ချက်များကို ဂရုမစိုက်ကြသူတွေ' ဖြစ်သလို၊ '၎င်းတို့ လှုပ်ရှားရာ နိုင်ငံများရှိ ဥပဒေကြောင်းဆိုင်ရာ ကွဲပြားမှုနှင့် အားနည်းချက်များကို အခွင့်ကောင်းယူပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေသလိုမျိုး' လည်ပတ်နေကြတာ ဖြစ်သည်ဟုလည်း ပြောသွားခဲ့သည်။

 

အဓိက အချက် အဖြစ် ထိုငွေလိမ် စခန်းများ အခြေစိုက် လည်ပတ်လို့မရအောင် နယ်မြေဒေသတစ်ခုချင်းစီကို ၎င်းတို့အတွက် 'မနေပျော်တဲ့ နေရာတွေ' ဖြစ်အောင် ဖန်တီးသွားဖို့ပဲဟု ဆိုသည်။

 

ယခုလို မိမိတို့ နိုင်ငံသားများ ပေးဆပ်နေရသည့် ဆုံးရှုံးမှု များ ကြောင့်ပဲ ဒီလို လုပ်နိုင်ဖို့ အလွန် မှ အရေးကြီးနေတာ ဖြစ်ပါတယ်ဟုလည်း ပြောကြားသွားခဲ့သည်။

 

မိမိ ခရီးစဉ်က ပေးချင်တဲ့ သတင်းစကားကတော့ ရှင်းပါတယ်။ FBI အနေနဲ့ ဒီရာဇဝတ်ဂိုဏ်းတွေ ဘယ်နေရာမှာပဲ အခြေစိုက်ပုန်းအောင်းနေပါစေ သူတို့ကို အရှိန်အဟုန်မြှင့်ပြီး ဆက်လက်နှိမ်နင်းသွားမှာ ဖြစ်သလို၊ ကျွန်တော်တို့ ယုံကြည်အားကိုးရတဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု ကြိမ်းဝါးသွားခဲ့သည်။

 

စကော့ ရှဲဘဲလ် ၏ ခရီးစဉ်သည် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းများကို အဝေးကနေ ကြည့်နေရုံသာ မဟုတ်‌ တော့ဘဲအိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့ နေရာများမှတစ်ဆင့် လက်တွေ့ကျကျ ဝင်ရောက်နှိမ်နင်းရန် ပြင်ဆင်နေကြောင်း ပြသနေပါသည်။ နယ်နမိတ်သည် အမေရိကန် အတွက် ပြဿနာ မဟုတ်ဟု ထည့်ပြောသွားသည်ကို ကြည့်မည်ဆိုက မြန်မာ အခြေစိုက် ဂိုဏ်းများအတွက်မူ နိုင်ငံတကာ၏ ဖိအားနှင့် နှိမ်နင်းမှုများက ယခင်ထက် ပိုမို ပြင်းထန်လာမည့် သဘောရှိ နေသည်။

 

အမေရိကန် သည် ထိုသို့ အဖွဲ့ဖွဲ့ပြီး ကြိမ်းဝါးနေသော်လည်း ယခုထိ တဦးတယောက်မျှ ဖမ်းဆီး တရားစွဲ ဆို နိုင်ခြင်း မရှိ‌သေးပေ၊ ကရင်ပြည်နယ် (မြဝတီ၊ ရွှေကုက္ကိုလ် နှင့် KK Park) တို့ ရှိ အဓိက ခေါင်း‌ ဆောင်များက ပန်းပန်လျက် ပင် ရှိ‌ နေသေးသည်။ မင်းအောင်လှိုင် တို့ စစ်အုပ်စုသည် သာ ကြောက်ကြောက် နှင့် စီးပွားပျက်သွားသည်သာ အဖတ်တင် ကျန်ရစ်ခဲ့သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!