ဝမ်းနည်းဖွယ်ရာ မြင်ကွင်း အဖြစ် ထွက်ပေါ်လာသည့် ထရမ့်၏ နိုင်ငံတော် အခြေပြ မိန့်ခွန်း

by Hla Soewai - Mar 02 2026

နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) ဆိုသည်မှာ နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ပြသရန် ရည်ရွယ်သည့် အစဉ်အလာ လုပ်ထုံးလုပ်ထုံး တစ်ခု ဖြစ်သည်။ သမ္မတသည် ၎င်း၏ အစိုးရအဖွဲ့ဝင် များ ဝန်းရံလျက်၊ လွှတ်တော်နှစ်ရပ်စလုံး ရှေ့မှောက်တွင် တစ်နှစ်တာအတွင်း ပရိသတ်အများဆုံး ကြည့်ရှုသည့် ပုံမှန်မိန့်ခွန်းကို ပြောကြားခြင်း ဖြစ်သည်။

 

 နိုင်ငံရေးနှင့် မသက်ဆိုင်သော အစိုးရအဖွဲ့အစည်းများဖြစ်သည့် တရားလွှတ်တော်ချုပ် တရားသူကြီးများ နှင့် စစ်ဘက်ဆိုင်ရာ ပူးတွဲစစ်ဦးစီးချုပ်များ သည်လည်း ၎င်းတို့၏ ဝတ်စုံပြည့်၊ ယူနီဖောင်းများဖြင့် တက်ရောက်ကြသည်။ ထိုသို့ တက်ရောက်ခြင်းဖြင့် ဘက်မလိုက်ဘဲ အပြန်အလှန် လေးစားမှုကို ပြသသည့် အထိမ်းအမှတ် ကို ပိုမိုခိုင်မာစေသည့် ပွဲလည်း ဖြစ်သည်။

 

ထရမ့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းသည်ကား မင်းပေါင်းစုံညီ ပရိသတ်ရှေ့တွင် ၎င်း၏ စရိုက်အတိုင်းပင် — စိတ်ဝမ်းကွဲစေမှု၊ ရိုင်းစိုင်းစော်ကားမှု နှင့် ကလေးကလားဆန်မှု များဖြင့် လွှမ်းခြုံနေသည်ဟု ကမ္ဘာကျော် စာပေ မဂ္ဂဇင်းကြီးဖြစ်သည့် The Atlantic က ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြသွားခဲ့သည်။

 

၎င်း၏ မိန့်ခွန်းသည် ကဏ္ဍပေါင်းစုံရှိ လက်တွေ့အမှန်တရားကို ပြောင်းပြန်လှန်ပစ်ရန် ကြိုးပမ်းခဲ့ခြင်းပင် ဖြစ်သည်။

 

၎င်း သမ္မတ ဖြစ်လာသည့် ပထမ တနှစ်အတွင်းမှာပင် မိသားစုနှင့် မိမိကိုယ်ကျိုးအတွက် ဒေါ်လာ တစ် ဘီလီယံကျော် ချမ်းသာအောင် လုပ်ဆောင်ခဲ့သည့် သမ္မတက လွှတ်တော်အတွင်းက အဂတိလိုက်စားမှုတွေကို ရှင်းလင်းဖို့ တောင်းဆိုလာခဲ့သည်။

 

အမေရိကန် ပြည်သူများ ထံမှ တရားမဝင် အခွန်အတုပ် (Tariffs) ဒေါ်လာ ၁၇၅ ဘီလီယံခန့် ကောက်ခံထားသည့် သမ္မတက သူသည် ပြည်သူများအတွက် အခွန်တွေ အကြီးအကျယ် လျှော့ချပေးခဲ့သည် ဆိုပြီး မဟုတ်မမှန် ပြောသွားခဲ့သည်။ မဂ္ဂဇင်း ဆိုလိုသည်က Tariffs သည် တခြားနိုင်ငံက ပေးရခြင်း မဟုတ်ဘဲ အမေရိကန်နိုင်ငံ ထဲကို ပစ္စည်းသွင်းသည့် လုပ်ငန်းရှင်များက အစိုးရကို ပေးဆောင်ရသည့် အခွန်ဖြစ် နေ၍ နောက်ဆုံးတွင် စားသုံးသူ ပြည်သူများဆီ ကနေ ကောက်ခံလိုက်သလို ဖြစ်သွားခြင်း ဖြစ်သည်။

 

ပထမသက်တမ်းအကုန် တွင် လွှတ်တော်ကို စီးနင်းဖို့နှင့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ လူအုပ်ကြီးကို လှုံ့ဆော်ခဲ့သည့် သမ္မတယခုအခါ နိုင်ငံရေးအကြမ်းဖက်မှုများကို လေးလေးနက်နက် ရှုတ်ချနေပြန်သည်။

 

အံ့ဩဖို့ အကောင်းဆုံးအချက်သည်က အစိုးရ၏ ပထမဆုံး တာဝန်သည် ပြည်သူကို ကာကွယ်ဖို့ ဖြစ်သည် လွှတ်တော်အမတ်များ လည်း ထိုသို့ ခံယူရမည်ဟု ပြောလာခြင်းပင်။ တကယ်တမ်းတွင် ၎င်း၏ အစိုးရသည် ရဲအဖွဲ့ကို သုံးပြီး လမ်းမများ ပေါ်တွင် ရက်စက်ကြမ်း ကြုပ်စွာ အမေရိကန်နိုင်ငံသားများကို ပစ်သတ်ခဲ့ပြီး၊ ဘယ်လိုကြောင့်၊ ဘာကြောင့် သေဆုံးရသည်ကို ပြည်သူများ သိမလာအောင် လိမ်လည်လှည့်ဖြားဖို့ ကြိုးစားခဲ့သူ ဖြစ်သည်။

 

ထို့ အပြင် စီးပွားရေး၊ ရာဇဝတ်မှု၊ စစ်ပွဲ နှင့် ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်ပြီး အချက်အလက် အမှားများ တပုံတပင်ကြီး ပါဝင်ခဲ့သည်။ ယင်းသည် တီဗီကြည့်နေကြသည့် ပြည်သူများကို တမင်တကာ လိမ်လည်လှည့်ဖြားဖို့ ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ပြောဆိုခဲ့သည်ဟု ယူဆစရာ ဖြစ်လာခဲ့ရသည်။

 

မိန့်ခွန်းထဲတွင် အစွန်းရောက်ဆုံး စိတ်ကူးယဉ်မှု သည်က "သာယာဝပြောတဲ့ ရွှေခေတ်သစ်ကို ရောက်နေပြီ" ဆိုတဲ့ အချက်ပင် ဖြစ်သည်။ ထိုသို့သော အချက်အလက် အမှားမျိုးသည်က မည်သူ့ကိုမှ လှည့်စားနိုင်မှာ မဟုတ်သည်က သေချာလှသည်။

 

ကုန်စျေးနှုန်းများက ဆက်တိုက် လို တက်နေဆဲဖြစ်ပြီး အလုပ်အကိုင်စျေးကွက် သည် ကလည်း တန့်နေသည်။ စစ်တမ်း တိုင်းတွင် အမေရိကန်ပြည်သူများ၏ စီးပွားရေးဖက်တွင် စိုးရိမ်ပူပန်မှုများ နှင့် မကျေနပ်မှုများကို ဖော်ပြနေကြသည်။

 

သို့သော် ထရမ့်ကတော့ ပြည်သူတွေအားလုံး မှားနေကြသည်ဟုသာ ဇွတ်အတင်း ပြောဆိုနေသည်။

 

ဆောင်းပါးရှင် ခိုင်းနှိုင်းသွားသည်က လွန်စွာ ထိမိလှသည်။

"ဒါဟာ တစ်နိုင်ငံလုံး မိုးသည်းထန်စွာ ရွာသွန်းလို့ ရေတွေက ထီးပေါ်ကနေ လျှံကျ၊ လှေထဲကို ရေဝင်ပြီး လူတိုင်းရဲ့ အဝတ်အစားတွေ ရွှဲရွှဲစိုနေတဲ့ အခြေအနေမျိုးမှာ... အဲဒီ ရေဘေးကနေ ပြည်သူကို ဦးဆောင်ကယ်တင်ရမယ့် ခေါင်းဆောင်က 'မိုးမရွာပါဘူး၊ တကယ်တော့ နေသာနေတာပါ၊ သမိုင်းမှာ အကောင်းဆုံး နေသာတဲ့နေ့ကြီးပါ' လို့ ဇွတ်ငြင်းနေတာနဲ့ အတူတူပါပဲ။" ဟု ဆိုသည်။

 

ထရမ့်၏ ပထမသက်တမ်းတစ်လျှောက်လုံးမှာ အမေရိကန် ပြည်သူ အတော်များများသည်  "ထရမ့်၏ ဆိုးရွားလွန်းသည့် လုပ်ရပ်များသည် ထာဝရတည်မြဲမှာမဟုတ်ဘူး" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့ကြသည်။ ၎င်း ရာထူးကနေ ထွက်သွားသည့် အခါ အရင်က ကျင့်သုံးခဲ့သည့် စနစ်ဟောင်းများ၊ လုပ်ထုံးလုပ်နည်း များ ပြန်လည်အသက်ဝင်လာလိမ့် မည်ဟု ယုံကြည်ခဲ့ကြသည်။

 

ထရမ့်အပေါ် အကောင်းဆုံး တုံ့ပြန်မှုသည် "ရှိပြီးသား အစိုးရအဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲ" လို့ လူပြောများခဲ့ကြသည်။ အဆိုးရွားဆုံး တုံ့ပြန်မှုသည်က သူ လုပ်သလိုမျိုး လိုက်လုပ်ခြင်း ဖြစ်သည်။ ထရမ့်မှ ဖျက်ဆီးရန် ကြိုးစားနေသည့် အဖွဲ့အစည်းများကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်ဟု ခံယူလာကြ၍ ဖြစ်သည်။

 

သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမား ပြောခဲ့သလိုပင် - "သူတို့က နိမ့်ကျတဲ့နည်းလမ်းတွေကို သုံးလာတဲ့အခါ၊ ကျမတို့ကတော့ မြင့်မြတ်တဲ့နည်းလမ်းတွေနဲ့ပဲ တုံ့ပြန်ရမယ်" (When they go low, we go high)

 

ထရမ့်၏ မိန့်ခွန်းသည် အနှစ်သာရမရှိဘဲ အပိုစကားများ နှင့်သာ ပြည့်နှက်နေသည်။ မိန့်ခွန်းကို တနာရီ နှင့် လေးဆယ့် ရှစ်မိနစ်ကြာ အချိန်ကြာမြင့်စွာ ပြောသွားခြင်းကပင် မိန့်ခွန်းပြီးအောင် မဖြစ်မနေ ထိုင်နားထောင်ရမည့် သူများ အပေါ် ပထမဆုံးအကြိမ်အဖြစ် လေးစားမှုကင်းမဲ့ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

 

ထရမ့်သည့် ယခင် သမ္မတများ နှင့် လွှတ်တော်အမတ်များကို နာမည်အမျိုးမျိုးတပ်ပြီး မောက်မာရိုင်းစိုင်းစွာ ပြောဆိုသွားခဲ့သည်။ အမတ်များကို မတ်တပ်ရပ်ခိုင်းတာမျိုး၊ ၎င်း၏ မဟုတ်မမှန် အချက်အလက်များကို မတ်တပ်ရပ် လက်ခုပ်တီးခိုင်းခြင်း မျိုးသည် "နိုင်ငံတော်အခြေပြမိန့်ခွန်း" ၏ ထုံးတမ်းစဉ်လာ ကို ဆိုးဆိုးရွားရွား အလွဲသုံးစားလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် ယခုလို အခမ်းအနားမျိုး ဆက်လက်ကျင်းပဖို့ လိုအပ်သလားဆိုသည့် မေးခွန်းပင် ထွက်ပေါ်လာစေခဲ့သည်။

 

လွှတ်တော်အမတ်များ ဖက်ကလည်း ၎င်းတို့ကို ရိုင်းစိုင်းသည့် စကားလုံးများ နှင့် စော်ကားနေသော သမ္မတ ရှေ့တွင် ငြိမ်ငြိမ်သက်သက်၊ နိုးနိုးကြားကြား ထိုင်နေကြရမည် လော၊ သမ္မတ သည် လွှတ်တော် ဥက္ကဌ ၏ ဖိတ်ကြားချက်အရ ကွန်ဂရက်သို့ "ဧည့်သည်" တစ်ယောက်အနေနှင့် သာ ရောက်ရှိနေခြင်း ဖြစ်သည်။ 

 

ထရမ့်မှ လွှတ်တော်၏ အချိန်နှင့် ဧည့်ဝတ်ကျေပွန်မှုတို့ကို ရည်ရွယ်ချက်ရှိရှိ အလွဲသုံးစားပြုခဲ့သည့် လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့်၊ နောင်တစ်ချိန်တွင် ယခုကဲ့သို့ ဖိတ်ကြားမှုမျိုးကို ထပ်မံပြုလုပ်သင့်၊ မပြုလုပ်သင့်ဟူသည်ကို အလေးအနက် စဉ်းစားကြရပေတော့မည်။

 

ထရမ့်၏ ရိုင်းစိုင်းမှုများကို ယနေ့တိုင် အောင့်အည်းသည်းခံနေကြရခြင်းမှာ—အစဉ်အလာတစ်ခုသည် တစ်ကြိမ်တစ်ခါမျှ ပြတ်တောက်သွားခဲ့လျှင် နဂိုမူလအတိုင်း ပြန်လည်ဖြစ်ထွန်းလာရန် အချိန်အတော်ကြာ တည်ဆောက်ရမည်ဟူသော စိုးရိမ်စိတ်ကြောင့်သာ ဖြစ်ပေသည်။

 

(၂၀၂၆ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ထုတ် The Atlantic မဂ္ဂဇင်း တွင် ပါရှိသော ဆောင်းပါးရှင် David Frum ၏ "The State of the Union Revealed a Sad Reality" ဆောင်းပါး မှ ကောက် နှုတ် တင်ပြသည်။)